Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, December 23, 2014

၁၃၇၆-ခု၊ ပြာသိုလဆန်း ၃-ရက်၊ ဒီဇင်ဘာလ-၂၃ရက်၊ ၂၀၁၄-ခုနှစ်၊ နေ့လည် ၁း၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် မဘသ လပတ်အစည်းအဝေးပွဲ၏ ထုတ်ပြန်ကြေညာချက်


၁၃၇၆-ခု၊ ပြာသိုလဆန်း ၃-ရက်၊ ဒီဇင်ဘာလ-၂၃ရက်၊ ၂၀၁၄-ခုနှစ်၊ နေ့လည် ၁း၀၀ နာရီ အချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ လပတ်အစည်းအဝေးပွဲအား ဗဟို ဥက္ကဋ္ဌဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ အပါအ၀င် ဗဟိုဦးဆောင်ဆရာတော်များ၊ ဗဟိုအလုပ်အမှုဆောင်ဆရာတော်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးအမှ အလုပ်အမှုဆောင်ဆရာတော်များ စုံညီစွာတက်ရောက် ကျင်းပခဲ့ပြီး ရှေ့ဆက်မည့်လုပ်ငန်းစဉ်များနှင့် နိုင်ငံတော်မှ ပြဋ္ဌာန်းပေးသည့် အမျိုးစောင့်ဥပဒေမူကြမ်း ၄-ရပ်အား ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ထို့နောက် အဆိုပါအစည်းအဝေးမှ အမျိုးစောင့်ဥပဒေ ၄-ရပ်နှင့်ပတ်သက်သည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) စာအမှတ် ၀၀၁၉-ပါ ထုတ်ပြန်ကြေညာချက်အား မြန်မာနိုင်ငံတစ်ဝန်းရှိ ရဟန်း, ရှင်, လူ, ပြည်သူအများ သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
ထုတ်ပြန်ကြေညာချက်

အမျိုးစောင့်ဥပဒေ (၄)ရပ်ဖြစ်သော-

၁။ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊
၂။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊
၃။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊
၎။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ များကို
ဥပဒေကြမ်းအဖြစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဥပဒေကြမ်း(၄)ရပ်သည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဥပဒေ(မှုကြမ်း) နမူနာတင်ပြ ချက်များနှင့် အနည်းငယ်ကွဲလွဲချက်များရှိသော်လည်း ဥပဒေပညာရှင်များ၏ ခေတ်စနစ်နှင့်လျော်ညီစွာ ရေးဆွဲ တင်ပြနိုင်ခြင်းသည် အမျိုး ဘာသာ သာသနာနှင့် နိုင်ငံလူမျိုးအနာဂတ်အပေါ် စေတနာကောင်းနှင့် ဆောင် ရွက် ခြင်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဥပဒေကြမ်း (၄)ရပ်တွင် ပြုပြင်ဖြည့်စွက်သင့်သည်များကိုလည်း မဘသအနေဖြင့် ဆက်လက်အကြံပြု တင်ပြ သွားမည်ဖြစ်ပါသည်။ သို့သော်လည်း ဥပဒေမူကြမ်း (၄)ရပ်နှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်နေကြသူတစ်ချို့ သည် သတင်းစာ, ဂျာနယ်, ရုပ်သံလွှင့်ဌာနများနှင့် အင်တာနက်စသော မီဒီယာများကိုအသုံးပြုကာ ဝေဖန်တိုက် ခိုက်နေကြခြင်းကို တိုင်းရင်းသားပြည်သူများ သိမြင်ရှင်းလင်းနိုင်စေရန် ဤကြေညာချက်ဖြင့် ထုတ်ပြန်ဖော်ပြ အပ်ပါသည်။

အမျိုးစောင့်ဥပဒေ (၄)ရပ်သည်-

၁။ မြန်မာနိုင်ငံတွင် မှီတင်းနေကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ကို တန်းတူအခွင့်အရေးပေးထားသော ဥပဒေဖြစ်သည်။
၂။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် အမျိုးသမီးများလွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ်ချုပ်ချယ် သော ဥပဒေမဟုတ်၊ အမျိုးသမီးများ ရသင့်ရထိုင်သော အခွင့်အရေးများ မဆုံးရှုံးရအောင် အကာအကွယ်ပေး ထားသော ဥပဒေဖြစ်သည်။
၃။ သက်ဆိုင်ရာဘာသာအသီးသီးမှ ဘာသာဝင်အမျိုးသမီးများကို ကာကွယ်ပေးထားသော ပြဋ္ဌာန်းဥပဒေများ ရှေးကပင်ရှိပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လုံလောက်သော အကာအကွယ်ပေးသည့် ဥပဒေမရှိ၍ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်။
၎။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ, နိုင်ငံသားများအတွက် အရေးကြီးသကဲ့သို့ အမျိုးသား လုံခြုံရေး သည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။
၅။ အမျိုးစောင့်ဥပဒေ (၄)ရပ်သည် ဘာသာတစ်ခုနှင့်တစ်ခုအကြား ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ရှေးရှုသော ငြိမ်းချမ်းရေးဥပဒေဖြစ်သည်။
၆။ အမျိုးစောင့်ဥပဒေ (၄)ရပ်သည် အိမ်ထောင်ရေးဖောက်ပြန်မှုများ၊ လူမှုရေးဖောက်ပြန်မှုများကို လျော့နည်းပ ပျောက်စေမည့် ဥပဒေဖြစ်သည့်အပြင် ဘာသာအားလုံးအတွက် ပွင့်လင်းမြင်သာစေပြီး ပဋိပက္ခဖြစ်ပွားမှုများကို ရှောင်ရှားစေနိုင်သော ဥပဒေဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီရေး, လူ့အခွင့်အရေး, တရားဥပဒေစိုးမိုးရေး, ငြိမ်းချမ်းရေးတို့နှင့် လုံးဝမဆန့်ကျင်သော အမျိုးစောင့်ဥပဒေ အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း တိုက်တွန်းကြေညာအပ်ပါသည်။

စာအမှတ် ။ ၀၀၁၉/စီမံ-မဘသ/ ၂၀၁၄
နေ့စွဲ ။ ၁၃၇၆-ခု၊ ပြာသိုလဆန်း (၃)ရက်
(ဒီဇင်ဘာလ-၂၃ရက်)၊ အင်္ဂါနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရှိယတ္တိစာသင်တိုက်၊ အင်းစိန်။


No comments:

Post a Comment