Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, October 21, 2015

“အငှားဗိုက်နှင့် ဓားထိုးခံ မုသာဝါဒကံ” (ဘဒ္ဒန္တ တိလောကာဘိဝံသ) မဘသဗဟို ဥက္ကဋ္ဌဆရာတော်


လူရယ်လို့ဖြစ်လာလျှင် မလွဲမသွေ လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရားမှာ ၅-ပါးသီလပင်ဖြစ်သည်။ ၅-ပါး သီလသည် လူပီသရေးအတွက် အရေးကြီးသော ကိုယ်ကျင့်တရားလည်းဖြစ်သည်။ ဤ ၅-ပါးသီလကဲ့သို့သော ကျင့်ဝတ်များ သည် ကမ္ဘာဦးကပင် ရှိနေနှင့်ကြသည်။ ဘုရားပွင့်ချိန်မှာ ဘုရားရှင်တို့က သတ်မှတ်ပညတ်ကြသည်။ ဘုရားပွင့်ချိန်မဟုတ် လျှင် သူတော်ကောင်းပညာရှင်များက သတ်မှတ်ပေးကြသည်။ ထို့ကြောင့် ၅-ပါးသီလကဲ့သို့သော ကျင့်ဝတ်သိက္ခာများ အခြားသော ဟိန္ဒူ, ခရစ်ယာန်စသော ဘာသာများ၌ရှိနေခြင်းဖြစ်သည်။ ဤသဘောကို မသိသော အချို့သူများက ၅-ပါး သီလသည် အခြားသောဘာသာများ၌လည်း ရှိနေ၍ မြတ်ဗုဒ္ဓက သူ့အရင်ပေါ်နှင့်သော ဟိန္ဒူစသော ဘာသာများမှ ၅-ပါး သီလကျင့်ဝတ်တရားကို ယူထားသည်ဟု ပြောလေ့ရှိကြသည်။
၅-ပါးသီလထဲမှ မုသာဝါဒ အကြောင်း
တစေ့တစောင်းကိုသာ ပြောကြားလိုပါသည်။ မုသာဝါဒ-လိမ်ညာသည် ဆိုသည်မှာ အမှန်မဟုတ်တာကို ပြောဆိုခြင်း၊ အမှန်ကို အမှားဖြစ်အောင်ပြောဆိုခြင်း၊ အမှားကို အမှန်ဖြစ်အောင် ပြောဆိုခြင်း၊ နားထောင်သူ အမှားသိရှိနားလည်သွားအောင် ပြောဆိုခြင်းတည်း။ မုသာဝါဒသည် များသောအားဖြင့် ၀စီကံနှုတ်အမူအရာဖြင့် ပြောလေ့ရှိသောကြောင့် ၀စီကံထဲမှာ ထည့်ထားသော်လည်း ကိုယ်အမူအရာ, နှုတ်အမူအရာ ၂-မျိုး လုံးနှင့်ဆိုင်သည်။ ကိုယ်နဲ့လိမ်လိမ်, နှုတ်နဲ့လိမ်လိမ် ဘယ်နည်းနှင့်လိမ်လိမ် မုသာဝါဒပင် ဖြစ်သည်။ ကိုယ်အမူအရာ ဆိုသည် မှာ ကိုယ်ဟန်,လက်ဟန်,ခေါင်းဟန်,မျက်နှာဟန် တစ်ခုခုပြုလုပ်၍ လိမ်ခြင်း၊ အမှားသိစေခြင်းတည်း။ စာရေးသားခြင်းစသော စာနယ်ဇင်းဖြင့်ဖြစ်စေ, ရုပ်သံဖြင့်ဖြစ်စေ, မည်ည့်နည်းဖြင့်လိမ်လိမ် မုသာဝါဒပင်ဖြစ်သည်။
၅-ပါး သီလလာ ဒုစရိုက်ပြစ်မှု ၅-မျိုးတွင် -
၁။ မုသာဝါဒသည် အပြစ်အကြီးဆုံးဖြစ်သည်။ မုသာဝါဒမှ မလုံခြုံသူသည် မည်သည့်ပြစ်မှုမဆို လွန်ကျူးမည် သာ ဖြစ်သည်။
(ဣတိဝုတ်-မုသာဝါဒသုတ်-၂၀၇)
၂။ ချစ်သားရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ် ဟူ၍မရှိ၊ မှောက်ထားသောရေခွက်မှာ ရေတစ်စက်မှမကျန်, ဘာမျှမရှိတော့သလို ထိုလိမ်ဝံ့သူ၌ အရည်အချင်းကောင်း ဟူသမျှ ဘာမျှမရှိနိုင်တော့ချေ။
(အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်၊ မ-၂၊ ၇၈)
၃။ ကမ္ဘာဦးအခါက စေတိယမင်းသည် သူငယ်ချင်းအကျိုးအတွက် မုသာဝါဒပြောပေးခြင်းကြောင့် မြေမျိုခံရပြီး အ၀ီစိငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံခဲ့ရသည်။
(ဇာ-ဋ္ဌ၊ ၃-၄၃၆)
၎။ စိဉ္စမာဏမိန်းမချောလေးသည် သူ့ဆရာတိတ္ထိများအကျိုးအတွက် သူ့ကိုယ်ဝန်ဟာ ဘုရားရှင်နှင့်ရတာပါဟု လိမ် ညာစွပ်စွဲခြင်းကြောင့် မြေမြိုခံရပြီး အ၀ီစိငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံနေရရှာသည်။
(ဓမ္မပဒ၊ ဋ္ဌ-၂၊ ၁၁၇-၁၁၈)
- စသည်ဖြင့် မုသာဝါဒအပြစ်များကို ဘုရားဟောဒေသနာတို့၌ မြောက်မြားစွာတွေ့ရသည်။
မင်းမှာ သစ္စာ၊ လူမှာ ကတိ (မဃဒေ၀) ဆိုသည့်အတိုင်း မုသာဝါဒ မလုံခြုံသူသည် သစ္စာလည်းမရှိ၊ ကတိလည်း တည်နိုင် မည်မဟုတ်ပေ။ ကတိ, သစ္စာတည်လျှင် နွယ်,မြက်,သစ်ပင်သည်ပင် အလိုအလျောက်ဆေးဖြစ်သည်။ မှန်ကန်စွာဆိုမှု သစ္စာစကားကြောင့် တောမီးကို ငြိမ်းစေသည်။ ရေစုန်ကို ဆန်စေသည်။ မိုးကိုရွာစေသည်။ မီးမဖွားနိုင်၍ သေအံ့မူးမူး ဖြစ်နေသည်ကို ချမ်းသာလွယ်ကူစွာ မီးဖွားစေနိုင်သည်။ အမှန်ကိုပြောဆိုမှုသည် သစ္စာပါရမီပင် ဖြစ်သည် စသည်ဖြင့် မုသာဝါဒရှောင်ကြဉ်မှုသီလသည် မဆုံးနိုင်သောကောင်းကျိုးကို ရရှိစေနိုင်သည်။ အကုသိုလ် အလုပ်တွင် မုသာဝါဒသည် အပြစ်အကြီးဆုံးဖြစ်သည်။ ကုသိုလ်အလုပ်တွင် သစ္စာစကားသည် အမြင့်မြတ်ဆုံးဖြစ်သည်။ ထို့ကြောင့် -
အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှာကား၊ သစ္စ၀ါစာ၊ လေးဆုံ့သာတည်း ဟု (မဃဒေ၀) ဆိုထားသည်။
မုသာဝါဒအပြစ်များကို
မဟုတ်မမှန်၊ တစ်ဖက်သားကို၊ ယွင်းချွတ်လှည့်စား၊ မုသားဆို၊
အဓိပ္ပါယ်ကို၊ ထိုသူသိက၊ မုသာဝါဒ အကုသိုလ်၊
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လည်း၊ ပုပ်ညှီစွဲ၊ သွားကျဲ-နှုတ်ခမ်းတို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။ (ရှေးဆရာများ)
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊
ခြောက်ကပ်ကိုယ်ရေး၊ ဣနြေ္ဒယွင်းနှောက်၊ ရုပ်ဆင်းဖောက်၏၊
မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်ကြဉ် အပြန်အကျိုးတည်း။ (ရှေးဆရာများ)
စသည်ဖြင့် မိန့်ဆိုထားကြသည်။ တစ်ဦးတစ်ယောက်ကိုလိမ်လျှင် မုသာဝါဒတစ်ချက် အပြစ်သင့်သည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးသိအောင် မမှန်မကန်လိမ်ညာ ရေးသားလျှင်,ပြောဆိုလျှင်,ထုတ်လွှင့်လျှင် မုသာဝါဒ သန်း ၅၀-ကျော် အပြစ်သင့်မည်။ တစ်ကမ္ဘာလုံးသိအောင် ရေးသား, ပြောဆို, ထုတ်လွှင့်လျှင်တော့ မုသာဝါဒ သန်းပေါင်း ထောင်သောင်း မက ကျူးလွန်ရာရောက်သည်။ မုသာဝါဒတစ်ခွန်းသည်ပင် အပါယ်ငရဲ၌ အချိန်ကြာမြင့်စွာ ဒုက္ခခံရပြီး အပါယ်မှ လွတ်ပြန်လျှင်လည်း စကားမပီ၊ သွားမညီတည်း စသောမဆုံးနိုင်သောဆိုးကျိုးများ ခံစားရမည်မှာ မလွဲပေ။ ကြောက်စရာ ကောင်းပေစွ။
ယခုအခါ မြန်မာ့နိုင်ငံရေးလောကတွင် အချို့သူများသည် သူတို့အာဏာရဖို့အတွက် ပြည်သူများကို မစားရ ၀ခမန်း မြှူဆွယ်နေကြသည်။ အချင်းချင်းတိုက်ပေးနေကြသည်။ နွားကွဲလျှင် ကျားဆွဲ ဆိုသလို လူမျိုးခြား, ဘာသာခြားများကလည်း သူတို့ထင်သလိုခြယ်လှယ်လို့ရအောင် အဖက်ဖက်က ပေးကမ်းထောက်ပံ့နေကြသည်။ မြန်မာ့သစ္စာဖောက်များကလည်း သူတို့ကိုယ်ကျိုးတစ်ခုတည်းသာကြည့်ပြီး တိုင်းပြည်နှင့်လူမျိုးမျက်နှာ လုံးဝမငဲ့ကွက်ကြ။ ဘယ်သူသေသေ ငတေမာပြီးရော ပြည်သူကိုချနင်းနေကြသည်။ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်း ဖရုသ၀ါစာ ၀စီကံကျူးလွန်နေကြသည်။ မဖြစ်နိုင်တာတွေ မက်လုံးပေးနေကြသည်။
ကိုယ်ကျိုးရှာအုပ်ချုပ်သူများကြောင့် ခေတ်အဆက်ဆက်နစ်နာခဲ့ရသော ပြည်သူများကလည်း ဆေးစာဖတ်ရာ နားထောင်ရာ လူနာပျောက်နိုးနိုး ဆိုသည့်အတိုင်း သူတို့ပြောသမျှ နားယောင်နေကြသည်။ ဤအခြေအနေကို မီးလောင်ရာ လေပင့်ပေးကြသော ဘာသာခြား,လူမျိုးခြားများက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်အတိုင်း မသိမသာတစ်မျိုး, သိသိသာသာတစ်မျိုး သွေးထိုးပေးနေကြသည်။
ကူညီလိမ်ပေးသူများကလည်း လိုလျှင်လိုသလို, မလိုလျှင်မလိုသလို ပြောဆိုရေးသား ထုတ်လွှင့်ကြသည်။ ကြမ်းပိုး ကို လိပ်ဖြစ်အောင်ပြော ဆိုသလို သေးသေးလေးကို အကြီးကြီးဖြစ်အောင်, အကြီးကြီးကို သေးသေးလေးဖြစ်အောင် လိမ်သည်။ လိုသလို ချုံ့သည်, ချဲ့သည်။ သောင်းဂဏန်း, သိန်းဂဏန်းလောက် အရေအတွက်ရှိသည်ကို မုသားလွတ်ရုံ တစ်ရာကျော်ကျော်လောက်သာရှိသည် စသည်ဖြင့် ပြောဆိုရေးသားခြင်းသည်လည်း လိမ်နည်းတစ်မျိုးပင်ဖြစ်သည်။ မိဘကို သတ်လျှင် အပြစ်မရှိဟု ယူဆပါက မှားသောအယူဖြစ်သည် ဟူသော စကား၌ မိဘကိုသတ်လျှင် အပြစ်မရှိဟု ယူဆ ဟုသာ ပြောဆိုရေးသားသကဲ့သို့ ပြည့်ပြည့်စုံစုံမဖော်ပြဘဲ တစ်ပိုင်းတစ်စလောက်သာ ဖော်ပြလျှင်လည်း လိမ်နည်းတစ်မျိုးပင် ဖြစ်သည်။ မလိုလျှင်ဖြုတ် လိုလျှင်အပိုစွက်ခြင်း၊ မလွှဲသာလို့သတင်းထည့်ရလျှင်လည်း ချောင်ကြိုချောင်ကြား မမြင်လောက် ရာ သတိမထားမိလောက်ရာ၌ ၀တ်ကျေတန်းကျေလောက်သာ ဖော်ပြခြင်း၊ မသိချင်ယောင်ဆောင် မဖော်ပြခြင်း စသည် တို့သည်လည်း လိမ်နည်းတစ်မျိုးပင်ဖြစ်သည်။
တစ်ဝမ်းတစ်ခါး ၀မ်းစာရေးအတွက် အမှန်ကိုအမှားဖြစ်အောင်, အမှားကို အမှန်ဖြစ်အောင်, မဟုတ်မမှန် လိမ်ညာရေးသားလျှင်, ပြောဆိုလျှင်, ထုတ်လွှင့်လျှင် ရရှိလာသောအကျိုးအမြတ်, လုပ်အားခကို ကိုယ်နှင့်ကိုယ့်ပတ်ဝန်း ကျင် ၀ိုင်းစားကြမည်။ မုသာဝါဒအပြစ်ခံရလျှင်ကား လိမ်သူမိမိသာ ခံရမည်။ လိမ်ညာမှုလုပ်ရပ်၏ ဆိုးကျိုးများကို ကိုယ့်မိသားစု, ကိုယ့်အသိုင်းအ၀ိုင်းက မျှဝေခံစားရမည်မဟုတ်။ ကိုယ့်ထိုက်နဲ့ကိုယ်သာ ခံရမည်ဖြစ်သည်။ လိမ်ညာမှု၏ အကျိုးအမြတ်, လုပ်အားခကို ခံစားတော့အများ၊ အပြစ်ခံရတော့ ကိုယ်တစ်ယောက် နင်နဲ့ နင့်ကံ နင်သာခံပေတော့။ ဘယ်သူမှ ၀ိုင်းကူလို့မရနိုင်ပေ။
ဆိုခဲ့ပြီးသည့် စေတိယမင်းသည် သူငယ်ချင်းအကျိုးအတွက် စိဉ္စမာဏမိန်းမချောလေး သည် သူ့ဆရာတိတ္ထိများ အကျိုးအတွက် ဆန္ဒာဂတိလိုက်ပြီး၊ လိမ်ညာပြောဆိုလိုက်ခြင်းကြောင့် ခံရတော့ လိမ်သူများဖြစ်သည့် စေတိယမင်းနှင့် စိဉ္စမာဏတို့သာ ခံသွားရရှာသည်။ သူတို့လုပ်ပေးသူများကား စံစားရုံသာ စံစားကြရသည်။ ဒုက္ခမခံစားကြရ။ သင်တို့လည်း ကိုယ်လိုလားသူများအတွက် ကြားက လိမ်ညာပြောဆို, ရေးသားပေးလျှင် ခံစရာရှိ သင်တို့သာခံရမည်။ သင်တို့ အကျိုးဆောင်ပေးသူများကား သင်တို့ဒုက္ခကို ခံကြရမည်မဟုတ်။ သင်တို့လုပ်ပေးသည့် စည်းစိမ်များကို မြိန်မြိန်ကြီးခံစား ကြပေမည်။ ထို့ကြောင့် သတိရှိကြစေရန် သနားငဲ့ညှာ ကရုဏာ, စေတနာဖြင့် ဤ အငှားဗိုက်နှင့် ဓားထိုးခံ မုသာဝါဒကံ ဟူသော ဆောင်ပါးကို အဆုံးသတ်အပ်ပါသတည်း။ ။
သီတင်းကျွတ်လဆန်း ၆-ရက်၊ ၁၃၇၇-ခု၊
(အောက်တိုဘာလ - ၁၉၊ ၂၀၁၅)၊ တနင်္လာနေ့။
အရှင်တိလောကာဘိဝံသ (အင်းစိန်) ရွာမပရိယတ္တိစာသင်တိုက်၊အင်းစိန်မြို့။

Arkar

Thursday, October 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး (NCA) သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုအပေါ် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ပြုကြောင်း မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာ



-------------------------------------------------------
-------------------------------------------------------
သဘောထားထုတ်ပြန်ချက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)သဘောတူစာချုပ်ကို ၂၀၁၅-ခုနှစ်၊ အောက်တိုဘာ ၁၅-ရက်နေ့တွင် နေပြည်တော်၌ ပြည်တွင်းပြည်ပ အသိသက်သေများရှေ့မှောက်ဝယ် လက်မှတ်ရေးထိုးလိုက် ကြောင်း သိရသဖြင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး ငြိမ်းသွားသည်ဟု ငြိမ်းချမ်းရေးကို လိုလားသူ ရဟန်း, ရှင်, လူ, ပြည်သူအားလုံးက ခံစားမိပါသည်၊ တိုင်းပြည်နှင့်လူမျိုးအတွက် တကယ်စစ်မှန်သော သမိုင်းတင်ရမည့် အပြောင်းအလဲ, ပြည်ထောင်စုကြီး၏ မဟာအောင်ပွဲလည်းဖြစ်သည်၊ ကျည်ဆံများအစား ငြိမ်းချမ်းရေးပန်းများ ပွင့်လာသည်ဟု ခံစားရပါသည်။ ယခုလို ငြိမ်းချမ်းရေးပန်းများပွင့်အောင် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပေးကြသူ အဘက်ဘက်မှ တာဝန်ရှိသူအားလုံးကိုလည်း ပြည်သူလူထုအားလုံး၏ကိုယ်စား ပြည်ထောင်စုကြီး၏ တိုင်းပြုပြည်ပြု သူရဲကောင်းပုဂ္ဂိုလ်များအဖြစ် လှိုက်လှိုက်လှဲလှဲ အထူး ကျေးဇူးတင်စွာ ဂုဏ်ပြုအပ်ပါသည်။

ယခုလက်မှတ်ထိုးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့် အဖွဲ့များလည်း မကြာမီ လက်မှတ်ထိုးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်၊ သာစေ နာစေ သဘောမထားဘဲ တိုင်းပြည်ညီညွှတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်အောင် ကိုယ်စွမ်း, ဥာဏ်စွမ်းရှိသ၍ ဆက်လက်ဆောင်ရွက်ကာ ပြည်ထောင်စုကြီးကို ထိန်းသိမ်းကာကွယ်ကြပါဟုလည်း တိုက်တွန်းအပ်ပါသည်။

မဘသအဖွဲ့ကြီးသည် လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံး ကောင်းစားရေး, အမျိုးသားရေးလက္ခဏာမပျောက်သော ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်၊ ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးကြပါဟုလည်း မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် ဂုဏ်ပြုတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ်၊ ၀၀၄၂၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ သီတင်းကျွတ်လဆန်း ၂-ရက်၊
(အောက်တိုဘာလ ၁၅-ရက်၊ ၂၀၁၅)၊ ကြာသပတေးနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

Tuesday, October 13, 2015

ကယားပြည်နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးမြေပြိုမှုများနှင့်ပတ်သက်၍ မဘသအဖွဲ့ကြီး(ဗဟို)၏ ထုတ်ပြန်ကြေညာချက်




ထုတ်ပြန်ကြေညာချက်

ယခုလောလောဆယ် အောက်တိုဘာလ ၁၂, ၁၃ ရက်နေ့ သတင်းများအရ ကယားပြည်နယ် မော်ချီးဒေသ၌ မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ပေါ်ဒေသများ မြေပြိုရာ တော်ပေါ်, တောင်အောက်ရှိရွာများ မြေပိ၍ သေကြေပျက်ဆီးမှု များစွာရှိကြောင်း သတင်းများထွက်ပေါ်နေသည်၊ ယခုသိရသလောက် သေဆုံးသူ ၁၀၀-ခန့်၊ ဒုက္ခရောက်သူ ၁၀၀၀-ကျော်ခန့် ရှိသည်ဟု ကြားသိရသည်၊ မိုးလေ၀သအခြေအနေများအရ ဆက်လက်၍ ပိုးဆိုးရွားလာနိုင်ဖွယ်လည်း ရှိနေပါသည်။

ယနေ့တိုင်အောင် မိုးများအဆက်မပြတ် ဆက်လက်ရွာသွန်းနေသောကြောင့် တောင်ပေါ်မှ မြေများ ဆက်လက် ပြိုဆင်းနေသဖြင့် တောင်ပေါ်, တောင်အောက် ဆက်သွယ်မှုအခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။

ထိုသည့် သဘာဝဘေးဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများ များစွာရှိကြောင်းသိရသဖြင့် သက်ဆိုင်ရာ ဒုက္ခရောက်နေသူများနှင့် ထပ်တူထပ်မျှ လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။

အဆိုပါ ဒုက္ခရောက်နေသူများအတွက် လက်တလော လိုအပ်သည့်အကူအညီများကို မဘသအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများကိုယ်တိုင် မကြာမီ သွားရောက်ကူညီမည်ဖြစ်ပါသည်။

ထိုသည့်လိုအပ်ချက်များကို အစိုးရအာဏာပိုင်များနှင့်တကွ စေတနာရှင် မည်သူမဆို အရေးတကြီး ၀ိုင်းဝန်းကူညီကြပါဟု မဘသအဖွဲ့ကြီး(ဗဟို)မှ ထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ် ၀၀၄၁၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ တော်သလင်းလကွယ်၊
(အောက်တိုဘာလ ၁၃-ရက်၊ ၂၀၁၅) အင်္ဂါနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar

Monday, October 12, 2015

“အမျိုးစောင့်တာ မင်္ဂလာ” (အရှင်တိလောကာဘိဝံသ)

“အမျိုးစောင့်တာ မင်္ဂလာ”

အရှင်တိလောကာဘိဝံသ
ဥက္ကဋ္ဌ (မဘသ-ဗဟို)

မဘသ- ဆိုတာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ဆွေမျိုးအကျိုးကို ကျင့်ဆောင်ခြင်း ဉာတတ္ထစရိယာ ဘုရားလမ်းစဉ် လည်းဖြစ်သည်။ ဉာတကာနဉ္စ သင်္ဂဟော-ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ဟူသော မင်္ဂလာတရားတော်ကို လိုက်နာကျင့်သုံးသည့် မင်္ဂလာရှိသောလုပ်ငန်းလည်း ဖြစ်သည်။ ဒီတာဝန်သည် လူသားတိုင်းသိရမည့်တာဝန်၊ လိုက်နာရမည့်တာဝန်ဖြစ်သည်။ ဒီတာဝန်ကိုသိလည်းမသိ၊ ယူလည်း မယူသည့်သူသည် တိရစ္ဆာန်အဆင့်ပင်မရှိ။ တိရစ္ဆာန်များသည်ပင် သူ့သားသမီး၊ သူ့ဆွေမျိုးများအပေါ် အသက်စွန့်၍ပင် တာဝန်ယူကြသည်။

တိရစ္ဆာန်လောက်မှ တာဝန်မသိသူ၊ တာဝန်မကျေသူများ လောက၌ပင်မရှိသင့်။ ထို့ကြောင့် မရှိတာထက်၊ မသိတာခက်ဟု ပြောလေ့ရှိကြသည်။ ရောက်ရှိဝန်တာ မဆောင်တာသူဟာ လူ့ဗာလဆိုသည့် အင်္ဂုတ္ထိုရ်လာ ဗာလစာရင်းဝင်လည်းဖြစ်သည်။
ဉာတိ-ဆွေမျိုးအရ အမြင်ကျဉ်းကျဉ်းဖြင့် ရှု့မြင်လျှင် မွေးချင်းပေါက်ဖော်များဖြစ်သည်။ ထို့ထက်ချဲ့ကြည့်လျှင် ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်၊ ထို့ထက်ချဲ့ကြည့်ပြန်လျှင်လည်း ရပ်ဆွေရပ်မျိုးဟု ခေါ်ကြသည့် မိမိနေထိုင်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်း၊ နိုင်ငံရှိရဟန်းရှင်လူ ပြည်သူအားလုံးသည် ဉာတိ-ဆွေမျိုးများပင် ဖြစ်သည်။ ကုလသမဂ္ဂဟူသော ဝေါဟာရသည်ပင် မိမိနေထိုင်ရာ နိုင်ငံလူမျိုးများကို ဆိုလိုသည်။ ဇာတ်တော်များလာ ဘုရားအလောင်းများ ကျင့်ဆောင်ခဲ့ သည့် မျောက်မျိုးမတုံးရေး၊ ခွေးမျိုးမတုံးရေး၊ ကျီးမျိုးမတုံးရေး စသည့်ကျင့်ဆောင်မှုများကိုကြည့်လျှင် လူသားမျိုးနွယ်အားလုံး သည်လည်း ဉာတိ-ဆွေမျိုးပင်ဖြစ်သည်။ သံသရာတစ်လျှောက် မိဘ၊ ညီအစ်ကို၊ မောင်နှမ စသည်ဖြင့် ဆွေမျိုးမတော်စပ်ခဲ့ဖူး သောသူမရှိ ဟူသော အဆိုကိုကြည့်လျှင် ငရဲ၊ တိရစ္ဆာန်စသော အပါယ်ဘုံသာအပါအ၀င် သတ္တ၀ါအားလုံးသည် ဆွေမျိုးများပင် ဖြစ်ကြသည်။

ထိုသို့ ဆွေမျိုးဟူသော ဝေါဟာရသည် အလွန်မတန် အရာကျယ်သော်လည်း ဤ၌ အနည်းဆုံး ရပ်ဆွေရပ်မျိုး ခေါ်နိုင်သည့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံးကို ဉာတတ္ထစရိယာဆိုင်ရာ၊ ဉာတကာနဉ္စသင်္ဂဟော မင်္ဂလာဆိုင်ရာ ဆွေမျိုးများဟု စာရေးသူပြောလိုပါသည်။ တိုင်းတစ်ပါးမှ ရောက်လာကြသည့် လူမျိုးခြား၊ ဘာသာခြားများသည် တိုင်းရင်း သားများနှင့် ဆွေမျိုးရင်းခြာပမာ ခင်မင်ရင်းနှီးစွာ ရောမရောက်လျှင် ရောမလိုကျင့်နိုင်သူများကိုလည်း ဆွေမျိုးစာရင်း သွင်းနိုင်ပါသည်။ ရောမရောက်လျှင် ရောမလိုမကျင့်ကြံနိုင်သူများ၊ အိမ်သည်ကိုစော်ကားသည့် ဧည့်သည်များကိုတော့ မည်သည့်နိုင်ငံကမျှ နိုင်ငံသားအဖြစ် လက်ခံမည်မဟုတ်ပါ။

အိမ်သည်ကိုစော်ကားသည့် ဧည့်သည်များကို အိမ်သည်အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံနိုင်သည့်နိုင်ငံ ကမ္ဘာမှာရှိလျှင် ထောက်ပြနိုင်ပါသည်။
အမေရိကန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများသည် မိမိနိုင်ငံသို့လာရောက်ပြီး ဂုတ်သွေးစုတ်သွားကြသော ကိုလိုနီနယ်ချဲ့များကို တွန်းလှန်ဖယ်ရှားပြီး ကိုယ့်နိုင်ငံ၏ လွတ်လပ်ရေးရယူခဲ့သည်ကိုကြည့်လျှင် အိမ်သည်ကိုစော်ကားသည့် လူမျိုးခြား၊ ဘာသာခြားတိုင်းတစ်ပါးသားများသည် ဆွေမျိုးစာရင်းမ၀င်ကြောင်း ထင်ရှားပါသည်။ မြန်မာနိုင်ငံသည်ပင် မိမိနိုင်ငံရောက်လာသည့် ကမ္ဘာ့အင်အားကြီး အင်္ဂလိပ်ကုလားဖြူကို ဆွေမျိုးစာရင်းမသွင်းခဲ့ပါ။ ယနေ့ ကမ္ဘာ့အော်ကြောလန် အစွန်းရောက်အကြမ်းဖက်သမားများကို တစ်ကမ္ဘာလုံးက သူတို့နိုင်ငံ၏ ဆွေမျိုးစာရင်းမသွင်းရုံမက ရသည့်နည်းနှင့် တွန်းလှန်ချေမှုန်းပစ်ကြလေသည်။

ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံခေါင်းဆောင်အမည်ခံ တစ်ချို့တို့သည် လူ့အခွင့်အရေးလက်သုံးပြုပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို စော်ကားနေသည့် အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ရေငုံနှုတ်ပိတ်နေကြ သည်။ စော်ကားမှုကိုမခံနိုင်လွန်း၍ တိုင်းရင်းသားများ၏ ပြန်လည်တုန့်ပြန်မှုကိုတော့ လူအများစုက လူနည်းစုကို အနိုင်ကျင့် နေကြသည်။ လူ့အခွင့်အရေး ချိုးဖောက်နေကြသည်ဟု ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေကြသည်။ ကိုယ့်ဆင်က ကိုယ့် တပ်ကို ပြန်နင်းနေကြသည်။

မလေးရှားစသော ပြည်ပရောက် မြန်မာလူမျိုးများ စော်ကားခံ၊ နှိပ်စက်ခံနေရသည်များကိုလည်း မသိကျိုးကျွံပြုနေကြသည်။ လူတို့သည် တိုင်းတစ်ပါးသား လူမျိုးခြား၊ ဘာသာခြားများ၏ အထောက်အပံ့ အကူအညီ ဘွဲ့ထူး ဂုဏ်ထူးကိုငဲ့သည့် ဆန္ဒာဂတိ၊ သူတို့ကို ကူညီကြသူများ၏ ငြိုငြင်ခံရမှုကို ကြောက်သည့် ဘယာဂတိတို့ကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်သာသနာမျက်နှာကို မကြည့်ခြင်း၊ မငဲ့ခြင်းလည်း ဖြစ်နိုင်သည်။

မိမိတို့ မဘသအဖွဲ့ကြီးသည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် လိုအပ်သည့်ဘက်မှ စွမ်းနိုင်သလောက် ဆောင်ရွက်နေခြင်းဖြစ်သည်။ မည်သည့်အာဏာရှင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြု မိမိတို့၏တိုင်းပြည်နှင့် လူမျိုးအတွက်သာ ကိုယ်စားပြုသည်။ တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုလျှင် မည်သူနှင့်မဆို ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်သည်။ မည်သူ့ကိုမျှ ချန်မထားပါ။ တိုင်းပြည်နှင့်လူမျိုးအတွက် ရှေ့တန်းမှ ဦးဆောင်လုပ်နေသော မဘသလုပ်ရပ်ကို နှောက်ယှက်ဟန့်တားသူ၊ ဖျက်ဆီးသူသည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာ၊ သာသနာအတွက် သစ္စာဖောက်များအဖြစ် မှတ်ယူကာ ထိုသူများ၏ နှောက်ယှက်ဟန့်တားမှုကိုလည်း အရေးထား ဂရုစိုက်ပြီး မိမိလုပ်ရပ်ကို နောက်ဆုတ်မည်မဟုတ်ပါ။ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးပန်းတိုင် မရောက်, ရောက်အောင် အရောက်သွားမည်သာဖြစ်ပါသည်။

သာသနာ့ဝန်ထမ်းများသည် မြတ်ဗုဒ္ဓ၏ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့တာဝန်များကို ကိုယ့်အတွက်ဖြစ်စေ၊ သူများအတွက်ဖြစ်စေ၊ မလွဲမသွေ ထမ်းဆောင်ရမည်သာဖြစ်သည်။ အဆိုပါ မြတ်ဗုဒ္ဓ သာသနာတော်မပျောက်ပျက်အောင် လည်း ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ တာဝန်ကိုလည်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုတာဝန်များကို ယူခြင်းသည်လည်း ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီးက ချမှတ်ထားသည့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး တာဝန်ကြီး ၃-ရပ်တွင် တည်တံ့ရေး၊ ပြန့်ပွားရေးတာဝန်များကို ကျေပွန်အောင်ယူခြင်းလည်း ဖြစ်ပါသည်။ တည်တံ့ပြန့်ပွားရေး တာဝန် ထမ်းဆောင်နိုင်ဖို့မှာလည်း -

၁။ သာသနာတော်ကို မကြည်ညိုသူများ ကြည်ညိုလာအောင်

၂။ ကြည်ညိုသူများ ပိုမိုသဒ္ဓါတရား ပွားများအောင်

 လုပ်ဆောင်ရမည့်တာဝန်မှာ သာသနာ့ဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်သည်။ သာသနာတည့်တံ့ ပြန့်ပွားရေးမှာ လက်ရှိဗုဒ္ဓဘာသာဝင်များ၏ အကြည်ညိုခံသက်သက်ဖြင့် မလုံလောက်ပါ။ ယခုခေတ်သာသနာ့ဝန်ထမ်း အတော်များများ သည် အကြည်ညိုခံသက်သက်ဖြင့်သာ ကျေနပ်နေကြသည်။ သာယာနေကြသည်။ အဟောင်းကိုသာ စားသုံးရုံသက်သက် ဖြစ်နေကြသည်။ အနာဂတ်သာသနာ တည်တံ့၊ ပြန့်ပွားရေးအတွက် မလုပ်ကြပဲ ကိုယ့်အတွက် ဘုန်းကြီးရုံသက်သက် လုပ်နေကြသည်။ ထိုသို့နေကြခြင်းဖြင့် သာသနာတော် တည်တံ့ပြန့်ပွားမည် မဟုတ်ပါ။ သာသနာတော် တည်တံ့ပြန့်ပွားနိုင်ရန်အတွက်

 ၁။ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ပရိယတ္တိ, ပဋိပတ္တိ သာသနာ့တာဝန်များကို ထမ်းဆောင်ရမည်။

 ၂။ သာသနာတော်ကို အားပေးကူညီထောက်ပံ့မည့် ဒကာ, ဒကာမများကိုလည်း မကြည်ညိုသေးသူကို ကြည်ညို အောင်၊ ကြည်ညိုပြီးသူများကို ပိုမိုကြည်ညို သဒ္ဓါတရား ပွားများအောင် ဓမ္မ၀ိနယနှင့်အညီ စည်းရုံးရမည်။
သိမ်းသွင်းရမည်။ ဟောပြောရမည်။ ဖြန့်ဝေရမည်။

 ၃။ သာသနာ့လုပ်ရပ်များ၊ သာသနာ့ဝန်ထမ်းများနှင့် အားပေးကူညီကြသူများအပေါ် ကျရောက်နိုင်သည့် အန္တရာယ် များကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမည်။

 အဆိုပါလုပ်ရပ်များကို အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကြီးက စွမ်းနိုင်သလောက် လုပ်ဆောင်ပေးနေပါသည်။ ယင်းသည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းသည် မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာ သာသနာအတွက် လုပ်ဆောင်သည့် မဘသလုပ်ငန်းပင် ဖြစ်သည်။ ထို့ကြောင့် မဘသလုပ်ရပ်သည် ဆွေမျိုးအကျိုးကို ကျင့်ဆောင်ခြင်းဟူသော ဉာတတ္ထစရိယလမ်းစဉ်လိုက်ခြင်း၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ ဟူသော ဆွေမျိုးတွေကို ကူညီထောက်ပံ့သည့် မင်္ဂလာလုပ်ငန်း လုပ်ခြင်းများဖြစ်သည်။

 ကမ္ဘာကျော် ဧကရာဇ်ဘုရင်ကြီး နပိုလီယံပိုနာပတ်က The world suffers a lot. Not because the violence of bad people. But because of the silence of the good people. ကမ္ဘာလောကကြီးဟာ ဆင်းရဲဒုက္ခများစွာ ခံစားနေရသည်။ ဒီလိုဖြစ်နေခြင်းဟာ လူဆိုးတွေရဲ့ ဒုက္ခပေးမှုကြောင့်သာမဟုတ်ဘူး။ တကယ်တော့ လူကောင်းတွေရဲ့ နှုတ်ဆိတ်နေခြင်း၊ လက်ပိုက်ကြည့်နေခြင်းကြောင့်လည်း ပါတယ်ဟု ဆိုခဲ့ဖူးပါသည်။ ထိုအဆိုအရဆိုလျှင် အမျိုးဘာသာသာသနာ ပျက်စီးမှုသည် လူမျိုးခြားဘာသာခြားများ၏ ဖျက်ဆီးခံရမှုကြောင့်သာမဟုတ် တာဝန်ရှိသူများ၏ တာဝန်မဲ့မှု၊ တာဝန်မယူမှုလည်းဖြစ်သည်။ တာဝန်ရှိလျက် တာဝန်မဲ့သူများသည် ကိုယ့်အမျိုး ဘာသာ သာသနာကို ကိုယ်ကိုယ်တိုင်ပါဝင် ဖျက်သူများဟုလည်း ဆိုရမည်ဖြစ်သည်။ ကိုယ့်ကြောင့် တာဝန်သိသူများ၏ အမျိုးကိုစောင့်ရှောက်ခြင်းသည် မင်္ဂလာလုပ်ငန်း ဖြစ်ကြောင်းတင်ပြရင်း အမျိုးစောင့်တာ မင်္ဂလာဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။  ။Arkar

Tuesday, October 6, 2015

မဘသ(ဗဟို)ဥက္ကဌဆရာတော်ဘုရားကြီး၏ ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် နိုင်ငံလုံးဆိုင်ရာ ဂုဏ်ပြုကြိုဆိုပွဲကြီး၌ မိန့်ကြားတော်မှုခဲ့သည့် သြ၀ါဒ ကထာ အပြည့်အစုံအား အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူ ရဟန်း ရှင် လူ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ပါရန် ဆရာတော်ဘုရားကြီးအား ရိုသေစွာဦးခိုက်လျက် ဖော်ပြလိုက်ရပါသည်။ (AK)




ညီညွတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့်
အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ်
နိုင်ငံလုံးဆိုင်ရာ ဂုဏ်ပြုကြိုဆိုပွဲကြီး၌
မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး၏
အဖွင့် သြ၀ါဒ

ဤပွဲကြီးသို့ ကိုယ်စိတ်ပင်ပန်းမှုကို ပဓာနမထားဘဲ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များ၊ တက်ရောက်လာကြသော သံတမန်များ, ဘာသာပေါင်းစုံ အဖွဲ့အစည်းများ, ပါတီအသီးသီးမှပုဂ္ဂိုလ်များ, မီဒီယာများ, စာနယ်ဇင်းများ, လူမှုအဖွဲ့အစည်းများ, ပညာရှင်များ, အနုပညာရှင်များ, အခြားသော ဧည့်ပရိသတ်များ- စသည်စသည်တို့ တွေ့ရကြုံရ စကားပြောခွင့်ရ၍ ဆရာတော်အလွန်ဝမ်းမြောက် ဂုဏ်ယူပါတယ်။ အားလုံကို “မင်္ဂလာပါ”လို့လည်း နှုတ်ခွန်း ဆက်သပါတယ်။

ယနေ့ပွဲကြီးဟာ ငြိမ်းချမ်းရေးပွဲကြီးလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီပွဲကြီးကို ညီညွတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် နိုင်ငံလုံးဆိုင်ရာ ဂုဏ်ပြုကြိုဆိုပွဲကြီး- လို့ ခေါင်းစီးများ စာတမ်းများ၌ ရေးထိုးထားပါတယ်။ တရားဥပဒေဆိုသည်မှာ မတရားမှုများ, မငြိမ်းချမ်းမှုများ မဖြစ်ပေါ်အောင် ကြိုတင်ချမှတ် ထားသော သတ်မှတ်ထားသော စည်းကမ်းဥပဒေများရှိသလို မတရားလုပ်မှုများ ပေါ်ပေါက်လာမှ သတ်မှတ်ပြဋ္ဌာန်းပေးရ သော စည်းမျဉ်းစည်းကမ်းဥပဒေ သတ်မှတ်ချက်များလည်း ရှိပါတယ်။

စည်းကမ်းဥပဒေမရှိသော လူမှုအဖွဲ့အစည်း နိုင်ငံစသည် မည်သည့်အရာမဆို အကွပ်မရှိသည့်ကြမ်း ပရမ်းပတာဖြစ် ဆိုသည့်အတိုင်း ဒုစရိုက်မှုများ, မတရားမှုများ- စသည်တို့ ထိန်းမနိုင် သိမ်းမရ ပရမ်းပတာ ဖြစ်သွားနိုင်ပါတယ်။ ထိုမှတစ်ဆင့် ပဋိပက္ခများ, မငြိမ်းချမ်းမှုများ, အသက်အိုးအိမ် လုံခြုံမှုမရှိမှုများ စသည်စသည်ဖြင့် ဆိုးကျိုးပေါင်းမြောက်မြားစွာ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုသည့်ဆိုကျိုးများကို ကြိုတင် ကာကွယ်ဖို့ ဥပဒေဆိုတာ သတ်မှတ်ပြဋ္ဌာန်းရပါတယ်။ ထိုမှတစ်ဆင့် တရားဥပဒေ စိုးမိုးမှုရှိအောင်လည်း အားလုံးဝိုင်းဝန်း ပူပေါင်းဖို့ အထူးလိုအပ်ပါတယ်။

စည်းတွင်းမှာနေ၊ ကင်းကွေလိမ့် ရန်ဘေး၊
ကမ်းကိုကျော်၊ ချော်ကာကျ၊ များလှ ရန်ဘေး။
ဟူသော ရွှေကျင်ဆရာတော်ဘုရား၏ သြ၀ါဒနှင့်အညီ စည်းဆိုသည်မှာ အန္တရာယ်များ မ၀င်နိုင်အောင် ကာကွယ် ထားသော ရံတားထားသော အကာအရံစည်းရိုးကို ဆိုလိုပါတယ်။
ကိုယ့်စည်းအတွင်းမှာနေလျှင် ဘေးရန်ကင်းနိုင်ပါတယ်။ ကမ်းဆိုသည်မှာလည်း အန္တရာယ်ချောက်ကမ်းပါးကို ဆိုလိုပါတယ်။ ယင်းကမ်းပါးကို လွန်တာနှင့်တပြိုင်နက် ချောက်ထဲကျပြီး ဒုက္ခအဖုံဖုံ တွေ့ကြုံရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အန္တရာယ်ရှိသည့် တံတားများ, ကားလမ်းဘေးများ၌ အတားအဆီး အကာ အရံ အမှတ်အသားများကို ပြထားလေ့ရှိပါတယ်။ ဤအမှတ်အသားကိုကြည့်၍ အန္တရာယ်ကို သတိထားရှောင်ရှားနိုင်ပါတယ်။ စည်းကမ်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်ကိုဖြစ်စေ, အဖွဲ့အစည်းကိုဖြစ်စေ, နိုင်ငံကိုဖြစ်စေ အန္တရာယ်ကင်းစေရုံသာမက သက်ဆိုင်သူလိုက်နာသူများကိုလည်း ဂုဏ်တက်စေပါတယ်။ အဆင့်အတန်းမြင့်စေပါတယ်။ ထို့ကြောင့် စည်းကမ်းသည် လူ၏တန်ဖိုးဟု ပြောလေ့ရှိကြပါတယ်။

မြတ်ဗုဒ္ဓ၏ ရဟန်း, သံဃာအဖွဲ့အစည်းကြီး နှစ်ပေါင်း ၂၅၀၀-ကျော် ယနေ့ထိတိုင်အောင် အဆင့်အတန်းမြင့်မြင့် တည်တံ့နေခြင်းမှာလည်း စနစ်တကျသတ်မှတ်ထားသော ပညတ်ထားသော ၀ိနည်းစည်းကမ်းများ, ၀ိနည်းဥပဒေများ, ၀ိနည်း သိက္ခာပုဒ်များကို စနစ်တကျ မြတ်ဗုဒ္ဓကိုယ်တိုင် သတ်မှတ်ခဲ့ခြင်း, ချမှတ်ခဲ့ခြင်း, သံဃာ့အဖွဲ့အစည်းကြီးကလည်း လိုက်နာ ကျင့်သုံးခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၀ိနည်းဆိုသော စကားလုံးသည်ပင် ကိုယ်အမူအယာ, နှုတ်အမူအယာကို ယဉ်ကျေးအောင်, လူပီသအောင်, အဆင့်မြင့်အောင်, အများကြည်ညို လေးစားလောက်အောင် သတ်မှတ်ထားသော စည်းကမ်းဥပဒေများဖြစ်သည်ဟု ၀ိနည်းအဖွင့် အဋ္ဌကထာကျမ်းများ၌ မိန့်ဆိုထားပါတယ်။

မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ၀ိနည်းသိက္ခာပုဒ် စည်းကမ်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းသည် -
၁။ ဒုမ္မကူင်္နံ ပုဂ္ဂလာနံ နိဂ္ဂဟာယ - စည်းမဲ့ကမ်းမဲ့ မတရားလုပ်သူ, ဆိုးသွမ်းသူများ၏ အန္တရာယ်ကို ကာကွယ် စောင့်ရှောက် ဟန့်တားရန်၊
၂။ ပေသလာနံ ဘိက္ခူနံ ဖာသု ၀ိဟာရယ- သူတော်ကောင်းများ အမျိုးကောင်းသား/သမီးများ ချမ်းချမ်းသာသာ စိတ်ချလက်ချ နေထိုင်နိုင်ရန်၊
၃။ ဒိဋ္ဌဓမ္မိကာနံ အာသ၀ါနံ သံဝရာယ- မျက်မှောက်ဘ၀မှာ လက်ရှိမျက်မြင်လူ့ဘောင်လောက၌ပင် တွေ့ကြုံ နိုင်သည့် ဘေးအန္တရာယ်များ ကာကွယ်တားဆီးရန်၊
၎။ သမ္ပရာယိကာနံ အာသ၀ါနံ ပဋိဃာတာယ- နောင်တမလွန်ဘ၀, နောင်တစ်ချိန်၌လည်း တွေ့ကြုံနိုင်သည့် ဘေးအန္တရာယ်များ မတွေ့ကြုံရစေရန်၊
၅။ အပ္ပသန္နာနံ ပသာဒါယ၊ ပသန္နာနံ ဘိယျောဘာဝါယ- သံဃာ့အဖွဲ့အစည်းကြီးကိုလည်း အများသူငါ တန်ဖိုးထားလေးစားနိုင်ရန်၊
စသောအကျိုးများ ရနိုင်သည်ဟု မိန့်ကြားထားပါတယ်။ (၀ိ-၁၊ ၂၄)
အဆိုပါ မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်ကိုကြည့်လျှင် လိုအပ်သောစည်းကမ်းဥပဒေသည် မျက်မှောက်အန္တရာယ်များ မဖြစ်ပေါ်စေရန်၊ အနာဂတ်အန္တရာယ်များ မကျရောက်စေရန် စသောအကျိုးများရနိုင်သဖြင့် စည်းကမ်းဥပဒေသတ်မှတ်ထား ခြင်းသည် မတရားမှုများ မဖြစ်အောင်ပြုလုပ်ခြင်း၊ ငြိမ်းချမ်းမှုကို ဖော်ဆောင်ခြင်းဟု အဓိပ္ပါယ်ရပါတယ်။ ယခင်အမျိုးစောင့်ဥပဒေ သတ်သတ်မှတ်မှတ်မရှိခဲ့စဉ်က မြန်မာနိုင်ငံ၌ မတရားမှုများ, ပဋိပက္ခများ, မငြိမ်းချမ်းမှုများ မကြာ မကြာ ဖြစ်ပေါ်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပါတယ်။ ထိုဆိုးကျိုးများကို ကြိုတင်တားဆီးသောအနေဖြင့် အမျိုးစောင့်ဥပဒေ သတ်သတ်မှတ်မှတ် ပေါ်လာခြင်းကြောင့် ညီညွတ်မှု, မျှတမှု, ငြိမ်းချမ်းမှုဟူသော ကောင်းကျိုးရလဒ်များ မုချခံစားရမည် ဖြစ်ပါတယ်။
ကမ္ဘာကျော် ဧကရာဇ်ဘုရင်ကြီး နပိုလီယန် ဘိုနာပတ်ပြောကြားခဲ့သော -
The world suffers a lot. Not because the violence of bad people. But because of the silence of the good people.
ကမ္ဘာလောကကြီးဟာ ဆင်းရဲဒုက္ခများစွာခံစားနေရတယ်။ ဒီလိုဖြစ်နေခြင်းဟာ လူဆိုးတွေရဲ့ ဒုက္ခပေးမှုကြောင့်သာ မဟုတ်ဘူး။ တကယ်တော့ လူကောင်းတွေရဲ့ နှုတ်ဆိတ်နေခြင်း, လက်ပိုက်ကြည့်နေခြင်းကြောင့်လည်း ပါတယ်။

ဟူသော စကာသည်လည်း မြတ်ဗုဒ္ဓဖော်ညွှန်ခဲ့သည့် ဥပဒေပညတ်ရခြင်း၏ အကျိုးများ၏ တစ်စိတ်တစ်ဒေသပင် ဖြစ်ပါတယ်။ ဒါတင်မက -
ယော စ အာဂတံ ဘာရံ န ၀ဟတိ။ (ရောက်လာဝန်တာ၊ မဆောင်တာ၊ သူဟာ လူ့ဗာလ) ဟူသော အင်္ဂုတ္ထိုရ်လာ မြတ်ဗုဒ္ဓ၏ ဒေသနာနှင့်လည်း အညီပင်ဖြစ်ပါတယ်။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတော်၏ အခင်းအကျင်းမှာလည်း သက်ဆိုင်ရာ လူတော်လူကောင်းများဖြစ်သည့် ဘာသာရေးခေါင်းဆောင်များ, နိုင်ငံရေးခေါင်းဆောင်များ, ပညာရှင်များ, အနုပညာရှင်များ စသည်စသည်တာဝန်ရှိသူများသည် ကိုယ်နှင့်မဆိုင်ဟု ကြောင့်ကြမဲ့မနေကြပါနှင့်ဟုလည်း တိုက်တွန်း လိုပါတယ်။ ပန်ကြားလိုပါတယ်။

ဒီလို လူတော်လူကောင်းများ ကြောင့်ကြမဲ့နေခဲ့ခြင်းကြောင့် အိန္ဒိယ, အာဖဂန်နစ္စတန်, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်, အင်ဒိုနီးရှား, မလေးရှားစသော နိုင်ငံတို့၌ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုများ ဘာသာ, သာသနာများ ပျောက်ကွယ်ခဲ့ရလေပြီ။ ထို့ကြောင့် နပိုလီယန်ပြောသလို ကိုယ်နှင့်မဆိုင်ဟု လက်ပိုက်မနေကြပါနှင့်ဟု တာဝန်ရှိသူများကို ထပ်မံပန်ကြားလိုပါတယ်။ တာဝန်မဲ့စွာလက်ပိုက်ကြည့်နေလျှင် မတရားလုပ်သူများ လုပ်ခွင့်ရအောင် ကူညီပေးနေသလိုလည်းဖြစ်ပါတယ်။ ကိုယ်တိုင်အဖျက်လုပ်ငန်းမှာ ပါဝင်နေသလိုလည်း ဖြစ်သည်ကိုလည်း သတိပြုကြရ ပါမယ်။

သုခါ သံဃဿ သာမဂ္ဂီ- ဟူသောဒေသနာအရ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီး ညီညွတ်သောအခါ သို့မဟုတ် ညီညွတ်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ နေထိုင်နိုင်မည်။ သမဂ္ဂါနံ တပေါ သုခေါ- ဟူသော ဒေသနာအရ အမျိုးစောင့်ဥပဒေကျင့်စဉ်လုပ်ငန်းဥပဒေသည် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကြီး ညီညွတ်အောင် ငြိမ်းချမ်းမှုချမ်းသာခံစားနိုင်အောင် လုပ်ဆောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ညီညွတ်မျှတ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ဟုခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီဥပဒေပေါ်ပေါက်လာခြင်းကြောင့် မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကြီးသည် ညီညွတ်လာမယ်။ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း မျှမျှတတဖြစ်လာမယ်။ ငြိမ်းချမ်းမှု အရသာကို ခံစားရမည်မှာ မလွဲပေ။

စရိယာ ၃-မျိုးတွင် အမျိုးစောင့်ဥပဒေ ပြုလုပ်ခြင်းသည် ဉာတတ္ထစရိယာလမ်းစဉ် ကျင့်ဆောင်ခြင်းဟူသော သူတော် ကောင်းလမ်းစဉ်ပင် ဖြစ်ပါတယ်။ ဉာတကာနဉ္စ သင်္ဂဟော- ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ဟူသော မင်္ဂလာတရားတော်ကို လိုက်နာကျင့်သုံးသည့် မင်္ဂလာရှိသောလုပ်ငန်းလည်း ဖြစ်ပါတယ်။ ဤတာဝန်သည် လူသားတိုင်းသိရမည့် တာဝန်, လိုက်နာရမည့်တာဝန် ဖြစ်ပါတယ်။

ဉာတိ- ဆွေမျိုး အရ အမြင်ကျဉ်းကျဉ်းဖြင့် ရှုမြင်လျှင် မွေးချင်းပေါက်ဖော်များဖြစ်ပါတယ်။ ထို့ထက်ချဲ့ကြည့်လျှင် ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်၊ ထို့ထက်ချဲ့ကြည့်ပြန်လျှင်လည်း ရပ်ဆွေရပ်မျိုးဟုခေါ်ကြသည့် မိမိနေထိုင်ရာ ရပ်/ကျေး, မြို့နယ်, ခရိုင်, ပြည်နယ်နှင့်တိုင်း, နိုင်ငံရှိ ရဟန်း, ရှင်, လူ, ပြည်သူအားလုံးသည် ဉာတိ-ဆွေမျိုးများပင် ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဟူသော ဝေါဟာရသည်ပင် မိမိနေထိုင်ရာ နိုင်ငံလူမျိုးများကို ဆိုလိုပါတယ်။

ဆရာတော်အဓိကပြောကြားလိုတဲ့ အကြောင်းအရာများကို အနှစ်ချုပ်ပြောရမယ်ဆိုလျှင် ဆရာတော်တို့ရဲ့ စိတ်ခံစား ချက်နှင့် လက်တွေ့လုပ်ဆောင်ချက်များကို ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး, ဘာသာရေး အခြေခံပြီးဖြစ်ခဲ့ကြတဲ့ စစ်တွေ, မိတ္ထီလာ စသော အဓိကရုဏ်းကြီးများ ဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ နှစ်ဖက်ဘာသာဝင်တွေ, ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲ, ဘ၀ဆင်းရဲတွေကို ကြားသိလိုက်ရတဲ့အချိန်၊ မြင်လိုက်ရတဲ့ အချိန်မှာ အလွန်ပဲ ထိတ်လန့်သံဝေဂရခဲ့ပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုမျိုး လူမျိုးရေး, ဘာသာရေး အခြေခံတဲ့ ပြဿနာတွေ နောက်ထပ်မဖြစ်နိုင်အောင် ဗုဒ္ဓဘာသာ ရဟန်းတော်များဘက်က ဘယ်လိုကူညီပေးရမလဲဆိုတာ ကို စဉ်းစားပြီး ပြဿနာဖြစ်ရခြင်းရဲ့ အခြေခံဇစ်မြစ်အကြောင်းတရားတွေကို လေ့လာကြည့်တဲ့ အခါမှာ လူမျိုးစုံတွေ, ဘာသာ မတူသူတွေရဲ့ကြားမှာ မညီမျှတဲ့ဥပဒေများဟာ ပြဿနာဖြစ်ရေးဆီကို ဦးတည်နေတယ် ဆိုတာကို ကောက်ချက်ချမိခဲ့ ပါတယ်။

ထိုပဋိပက္ခများ ငြိမ်းနိုင်သလောက် ငြိမ်းအောင် ဆောင်ရွက်ပေးဖို့ မဘသအဖွဲ့ကြီး ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစား ကြပါတယ်။ ထိုအဖွဲ့ကြီးကို ဦးဆောင်ဖို့ သီတဂူဆရာတော်ဘုရားကြီး အပါအ၀င် ဆရာတော်အတော်များများက မိမိကို တာဝန်ပေးကြပါတယ်။ ဆရာတော်လည်း အသက်အရွယ် အိုမင်းမစွမ်းဖြစ်သည်ကို ပဓာနမထားဘဲ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက် အသက်ခန္ဓာကိုမငဲ့ဘဲ စွမ်းနိုင်သလောက် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချိုက်ပါတယ်။
ထိုသို့တာဝန်ယူပြီးသည့်နောက် ထိုအခက်အခဲများ ဖြေရှင်းနိုင်အောင် လိုအပ်သည်များကို ဆောင်ရွက်ရပါတယ်။

ဥပဒေပညာရှင်များကို ခေါ်ယူမေးမြန်းဆွေးနွေးပြီး ဘာသာတရားအားလုံးရဲ့ ကြားထဲမှာ မျှတတဲ့ ဥပဒေတစ်ရပ်နဲ့ ညီညီညွတ် ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ရန် ဘာသာတရားကို အခြေခံပြီးရေးဆွဲထားတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်တဲ့အခါ မှာ တခြားဘာသာကြီးသုံးခုမှာ မျိုးစောင့်ဥပဒေရှိနေနှင့်ပြီး ဗုဒ္ဓဘာသာမှာတော့ မြန်မာ့ရိုးရာ ဓလေ့ထုံတမ်းဥပဒေသာရှိပြီး မျိုးစောင့်ဥပဒေမရှိသေးတဲ့အတွက် တခြားဘာသာများရဲ့ မျိုးစောင့်ဥပဒေများနှင့်လည်း မဆန့်ကျင်လွန်း, မလျော့လွန်းသည့် အမျိုးစောင့်ဥပဒေကို ရေးသားပေးရန် ဥပဒေပညာရှင်များကို အကူအညီတောင်းခဲ့ပါတယ်။ ဆရာတော်တို့ အသက် ၇၇-နှစ်ရှိပါပြီ။ ပရိယတ္တိသာသနာအတွက်ရော၊ ပဋိပတ္တိသာသနာအတွက်ရော၊ လောကအတွက်ရော တာဝန်ကျေအောင် လုပ်ဆောင်ခဲ့ပြီးဖြစ်သလို၊ လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။ လူမျိုး, ဘာသာ, အရပ်ဒေသ မခွဲခြားဘဲ ကိုယ့်တိုင်းပြည်မှာ နေထိုင်ကြတဲ့ လူသားတွေအားလုံးကို မျှတတဲ့ဥပဒေအရိပ်အောက်မှာ ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရဖို့ရန် အတွက် ရင်ထဲကစေတနာ, မေတ္တာတရားများကို အခြေခံပြီး အဓိဋ္ဌာန်ဝင်၊ သစ္စာဆိုပြီးတော့မှ လုပ်ခဲ့တာပါ။ ဒါဟာ ဆရာတော်ရဲ့ ဖြူစင်တဲ့စေတနာ၊ မေတ္တာအမှန်ပါ။ ဒီအဆင့်ကို ရောက်ဖို့ရန်အတွက်လည်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်ခဲ့ရပါတယ်။
မဘသအဖွဲ့ကြီး စတင်ဖွဲ့စည်းတဲ့အချိန်မှာပဲ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက စင်ပြိုင်သံဃာ့အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းတယ်ထင်လို့ ဆရာတော်ကိုယ်တိုင် အကြိမ်ကြိမ်သွားရောက်ရှင်းပြပြီး အပြန်အလှန်နားလည်မှု, ယုံကြည်မှုရရှိ အောင် ကြိုးစားခဲ့ရပါတယ်။ နောက်တစ်ခါ အစိုးရဘက်ကလည်း ဆရာတော်တို့အဖွဲ့က အစိုးရကို တိုက်ခိုက်မည့်နိုင်ငံရေး အဖွဲ့အစည်းလား၊ အယူဝါဒပြင်းထန်တဲ့ ဘာသာရေးအဖွဲ့အစည်းလား စသည်ဖြင့် သို့လောသို့လော ဖြစ်နေတဲ့အခြေအနေ ကိုလည်း အချိန်အတော်ယူပြီး နားလည်အောင် ရှင်းပြခဲ့ရပါတယ်။ လုပ်ငန်းမ၀င်ခင်ကတည်းက ဝေဖန်, ရှုတ်ချ, ကန့်ကွက်တဲ့ အဖွဲ့အစည်းအချို့၊ ပုဂ္ဂိုလ်အချို့ရဲ့ စွပ်စွဲပုတ်ခတ်ပြောဆိုချက်တွေ, ထိုးနှက်ချက်တွေကိုလည်း စိတ်ရှည်၊ ဇွဲသန်ပြီး သည်းခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်နေနေ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ဒီဥပဒေပြီးမြောက်အောင်ရေးဆွဲခဲ့လို့ ဥပဒေ အသက်ဝင်လာတဲ့အခါမှာ တန်ဖိုးသိသူတွေအတွက် တန်ဖိုးရှိတဲ့ ဥပဒေဆိုတာ လက်ခံလာလိမ့်မယ်လို့ ခံယူပြီးချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတွေကြားထဲမှ ဖြစ်မြောက်အောင် ကြိုးစားခဲ့ရတာပါ။

တစ်ခါ ဒီဥပဒေကြမ်းကို ပညာရှင်များက ရေးဆွဲပြီးတဲ့အချိန်မှာ ဒီဥပဒေနမူနာကို တင်ပြပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီကရေးဆွဲပေးဖို့ရန် အဆိုပြုလွှာတင်သွင်းဖို့ရန်အတွက် ပါတီတွေ, လွှတ်တော်ကိုယ်စား လှယ်တွေကို တင်ပြပြီး ပြည်သူ့လွှတ်တော်ကို တင်နိုင်ရေးကြိုးစားပြန်တာ့လည်း တော်တော့်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အမျိုး, ဘာသာ, သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၏ လေးသန်းကျော်၊ ငါးသန်းခန့်ရှိ ထောက်ခံလက်မှတ်များကို ရအောင်ယူပြီး လွှတ်တော်ကိုတင်သွင်းပေးဖို့ရန်အတွက် နိုင်ငံတော်သမ္မတကြီးထံကို ဆရာတော်ကိုယ်တိုင် မေတ္တာရပ်ခံ အကူအညီတောင်းခံခဲ့တာပါ။
သမ္မတကြီးကလည်း ဥပဒေအကြံပေးများနဲ့ အတူဖတ်ရှုပြီး ဒီဥပဒေဟာ မည်သည့်ဘာသာ, လူမျိုး, ပုဂ္ဂိုလ်ကိုမျှ ထိခိုက်ခြင်းမရှိဘဲ နိုင်ငံတွင်းမှာရှိကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူနေထိုင်ရေးအတွက် တကယ်လိုအပ် တဲ့ ဥပဒေဖြစ်တယ်ဆိုတာကို သဘောပေါက်ပြီး “ဆရာတော် ဒီဥပဒေဟာ တပည့်တော်တို့နိုင်ငံအတွက် တကယ်လိုအပ်ပါတယ်။ ဆရာတော်တို့ရဲ့ စေတနာ, မေတ္တာနဲ့ ဆောင်ရွက်နေတဲ့ ဒီကိစ္စကို သမ္မတရုံးကနေ လွှတ်တော်ကို ရောက်အောင်တော့ တပည့်တော် ကူညီဆောင်ရွက်ပေးပါမယ်ဘုရား၊ သို့သော် ဒီအဆိုပြုလွှာကို လက်ခံမှု, လက်မခံမှုစတဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းများကတော့ တပည့်တော်နဲ့ မဆိုင်ပါဘုရား။ ပြည်သူ့လွှတ်တော်နဲ့သာ ဆိုင်ပါသည်ဘုရား။ ဒါကြောင့် တပည့်တော် ကူညီဆောင်ရွက်ပေးနိုင်သည့် အပိုင်းကိုတော့ ကူညီဆောင်ရွက်ပေးပါမယ်ဘုရား” လို့ ပြန်လည် အကြောင်းပြန်ပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းပေးခဲ့လို့သာ ဒီကနေ့, ဒီအချိန်မှာ, ဒီဥပဒေပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ပြောချင်တာက ဒီအမျိုးစောင့်ဥပဒေကြီး ပေါ်ပေါက်လာခြင်းဟာ ဆရာတော်တို့က မေတ္တာရပ်ခံတယ်။ သမ္မတကြီးက ဒီမေတ္တာရပ်ခံချက်ကို လက်ခံပြီး ပြည်သူ့လွှတ်တော်ကို ပို့ပေးတယ်။ ဒီလောက်ပါဘဲ။ ဒီဥပဒေကို ဆရာတော်တို့ မဘသရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ပညာရှင်များက ရေးဆွဲခဲ့တာ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များက လုပ်ထုံးလုပ်နည်းနဲ့အညီ ရေးဆွဲပြီး ဖြစ်ပေါ် လာတဲ့ ဥပဒေဆိုတာကို နားလည်စေချင်ပါတယ်။ သိစေချင်ပါတယ်။ တချို့က ဒီဥပဒေဟာ မဘသအဖွဲ့ကြီးကဘဲ ရေးဆွဲပြီး တော့ ထုတ်ပြန်ထားသလိုမျိုးအထိ ထင်မှတ်နေကြတာ၊ ပြောဆိုနေကြတာကို ကြားနေရလို့ ဆရာတော်ထည့်ပြောပြတာပါ။ အခုအမျိုးစောင့်ဥပဒေလေးရပ်ကို သမ္မတကြီးလက်မှတ်ရေးထိုးပြီးတာလည်း အားလုံးအသိပါပဲ။ ဥပဒေရဲ့လိုရင်းအချက် အကျဉ်းချုပ်များကိုလည်း ပန်းဖလက်များရိုက်နှိပ်ပြီး ဝေငှပေးထားပါတယ်။
သေချာဖတ်ကြည့်ကြပါ။ နားမလည်ရင် အကြိမ်ကြိမ် အခါခါ ဆက်ဖတ်ကြည့်ကြပါ။ ဆရာတော်ကိုယ်တိုင် အကြိမ်ကြိမ် အခါခါဖတ်ပြီး နားလည်အောင်ကြိုးစားခဲ့ပါတယ်။ ရဲရဲကြီးအာမခံရဲတာကတော့ ဒီဥပဒေဟာ ပုဂ္ဂိုလ်တစ် ယောက်, အဖွဲ့အစည်းတစ်ခု, ဘာသာတစ်ခုကို ထိခိုက်နစ်နာစေမှုလုံးဝမရှိဘဲ ဆရာတော်အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ နေကြတဲ့ ပြည်သူပြည်သားအားလုံး တကယ်လိုက်နာရင် တကယ်ကိုမျှတတဲ့ ဥပဒေအောက်မှာ လူမျိုးရေး, ဘာသာရေး အခြေခံပြီးဖြစ်တဲ့ ပြဿနာများ အလွန်နည်းပါးပြီး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရမဲ့ ဥပဒေဆိုတာ ဆရာတော်တို့ အာမခံရဲပါတယ်။
ဥပဒေကို သေချာမဖတ်ဘဲ ဒါမှမဟုတ်ရင် အားလုံးနဲ့လိုက်လျောညီထွေမှုကို မရှေးရှုဘဲ မိမိရဲ့အတ္တ ခံစားချက်တစ်ခု တည်းကိုသာကြည့်တဲ့ အချို့ပုဂ္ဂိုလ်များအတွက်တော့လည်း ကြိုက်ချင်မှကြိုက်နိုင်ပါလိမ့်မယ်။ မရှင်းလင်းတဲ့အချက် အလက် များ ရှိရင်လည်းပဲ မည်သူမဆို ဒီအခမ်းအနားကြီးအတွင်းမှာ မေးနိုင်ဖို့ရန် စီစဉ်ပေးထားပါတယ်။ ပြည်ပကမေးလိုလျှင်တောင် တယ်လီဖုန်းနဲ့မေးလို့ရအောင်အထိ စီစဉ်ပေးထားပါတယ်။ ဒီအခမ်းအနားအတွင်းမှာ အချိန်ရသလောက် ဖြေပေးမှာဖြစ်ပြီး ကျန်မေးခွန်းကိုတော့ အသံလွှင့်ဌာန၊ ရုပ်သံဌာနများကို မေတ္တာရပ်ခံ အကူအညီတောင်းခံပြီး ဖြေကြားပေးဖို့ စီစဉ်ပေးပါမယ်။
ဆရာတော်နောက်ဆုံးပြောချင်တာက မဘသအဖွဲ့ကြီးဟာ အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး တစ်ခုတည်းအတွက် ကိုသာ တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်လာခဲ့တာဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီ အတွက်မျှ လုပ်ဆောင်နေခြင်းမဟုတ်ဘူးဆိုတာကို နားရှင်းလောက်ပြီထင်ပါတယ်။ ဥပဒေရေးဆွဲမှု မပြီးသေခင်မှာ အစိုးရပိုင်း လူကြီးမင်းများနှင့် မေးမြန်ပြောဆိုဆွေးနွေး ကြရတာတွေတော့ရှိပါတယ်။ ဒါကတော့ ဘယ်အစိုးရမျိုးပဲဖြစ်ဖြစ် ဆရာတော်တို့အဖွဲ့ကတော့ မပတ်သက်လို့ကို မရဘူးဆိုတာ နားလည်ပေးရမှာ ဖြစ်ပါတယ်။
ယခုတော့ အမျိုးစောင့်ဥပဒေပေါ်ပေါက်လာပါပြီ။ ကြိုးစားရကျိုးနပ်ခဲ့ပါပြီ။ ဤသို့ ပေါ်ပေါက်လာရခြင်းမှာလည်း ရဟန်း, ရှင်, လူ, ပြည်သူများ၏ တောင်းဆိုမှု၊ ဥပဒေပညာရှင်များ၏ ကူညီမှု၊ သမ္မတကြီးအပါအ၀င် လွှတ်တော်သုံးရပ် ကိုယ်စားလှယ်တော်များ၏ ထောက်ခံအတည်ပြုပေးမှု - စသည်တို့ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ အဆိုပါ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားပါတယ်။

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်းသည် ဘာသာပေါင်းစုံ, လူမျိုးပေါင်းစုံရှိနေသည့် မြန်မာလူ့ဘောင် အဖွဲ့အစည်းကြီးအတွက် အခြားဘာသာများနှင့် တန်းတူညီမျှ လူ့အခွင့်အရေးကို အကောင်အထည်ဖော် ရယူခြင်းဖြစ်၍ ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်ပေးခြင်းပင်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ၌ တိုင်းရင်းသားပေါင်းစုံ, ဘာသာပေါင်းစုံ, လူမျိုးပေါင်းစုံ နေထိုင်ကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်သူအားလုံးသည် ညီညွတ်ဖို့လိုနေပေပြီ။ ညီညာမှပြည်သာမည် ဖြစ်ပါတယ်။ အတိတ်က မတူကွဲလွဲတာတွေ ထားခဲ့ ကြပြီး ယနေ့အချိန်ကစ၍ ဆရာဇော်ဂျီ ပြည်ောင်စုကဗျာ၌ လမ်းညွှန်ခဲ့သော -
(ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်းနှင့် ကချင်နှင့်၊ ချင်းနှင့် ကယားနှင့်၊
ရှမ်းနှင့် ရခိုင်နှင့်၊ မွန်နှင့် ကရင်နှင့်၊ သင့်သင့်မြတ်မြတ်၊ အနေတတ်လျှင်၊ နတ်ပြည်နှိုင်းတု၊ ပြည်ထောင်စုဟု၊)
ကဗျာအတိုင်း ပြည်ထောင်စုသားအချင်းချင်း လူမျိုးအချင်းချင်း ဘာသာအချင်းချင်း သင့်သင့်မြတ်မြတ် အနေတတ်လျှင် နတ်ပြည်နှင့်တောင် တုပလို့ရအောင် နှိုင်းစာလို့ရအောင် ချမ်းသာသုခပြည့်ဝသည့် နိုင်ငံတော်ကြီး ဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်အောင် ညီညွတ်ကြပါ။ ငြိမ်းချမ်းကြပါဟု တိုက်တွန်းရင်း ဆရာတော်၏ အဖွင့်သြ၀ါဒစကားကို အဆုံးသတ်အပ်ပါတယ်။

အားလုံး အမိမြန်မာနိုင်ငံတော်ကြီးကိုလည်း ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေ၊
အမျိုး ဘာသာ သာသနာကိုလည်း တိုးတက်ပြန့်ပွားအောင် စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ၊

အမျိုးစောင့်ဥပဒေ မပျက်စီးအောင် တည်တံ့အောင် စောင့်ရှောက်နိုင်ကြပါစေ။ 
အမျိုး ဘာသာ သာသနာ ဖျက်မည့်သူများနှင့် အမျိုးစောင့်ဥပဒေ ဖျက်မည့်သူများကိုလည်း ရှောင်ရှားနိုင်ကြပါစေ။ 
အားလုံးကိုလည်း ကျေးဇူးတင်စွာဖြင့် သာဓုအကြိမ်ကြိမ် ခေါ်အပ်ပါသတည်း။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။Arkar

သုဝဏ္ဏအမျိုးသား အားကစားရုံတွင် မဘသအောင်ပွဲ ကျင်းပခွင့်ရခြင်းအတွက် ဗဟိုဥက္ကဋ္ဌဆရာတော်ကြီး ရှင်းလင်း။ အမျိုးသားရေးအတွက်လုပ်သည့်ပွဲအား အမျိုးသားအားကစားရုံတွင်ကျင်းပခြင်းက သဘာဝကျသည်ဟု မိန့်ကြား


-------------------------------------------------------------------------------------------
ညီညွတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် အမျိုး စောင့်ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကြီး မှာ မဘသက ဦးဆောင်၍ အမျိုးသားရေးအတွက် လုပ်သည့် အခမ်းအနားကြီးဖြစ်သောကြောင့် အမျိုးသားအားကစားရုံတွင် ကျင်းပခွင့်ရခဲ့ခြင်းဖြစ်ကြောင်း မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘု ရားကြီး ဘဒ္ဒန္တအရှင်တိလောကာဘိဝံသမှ ရှင်းလင်း မိန့်ကြားလိုက် သည်။
မဘသ(ဗဟို)က ဦးဆောင်ကျင်းပသည့် အမျိုးစောင့်ဥ ပဒေအောင်ပွဲကြီးအား ၂ဝ၁၅ ခု၊ အောက်တိုဘာလ ၄ ရက်နေ့က၊ ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ရဟန်း ရှင်လူ ပရိသတ်အင်အား ၁ သိန်းကျော်ဖြင့် ခမ်းခမ်းနားနား ကျင်းပခဲ့ပြီးနောက် အွန်လိုင်းမီဒီယာနှင့် မလိုလားအပ်သည့်အဖွဲ့ အစည်းများကြားတွင် ဝေဖန်မှုများ ရှိလာခဲ့သည်။
မဘသက လုပ်သည့်ပွဲအား အမျိုးသားအားကစားရုံတွင် ကျင်းပပြုလုပ်ရန် နိုင်ငံတော်တာဝန်ရှိသူများက ခွင့်ပြုခဲ့သော်လည်း NLDပါတီက ကျင်းပပြုလုပ်မည့်ပွဲများနှင့် အချို့သောပွဲများကို ခွင့်ပြုခဲ့ခြင်းမရှိကြောင်း၊ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် မဘသ၏ အခမ်းအနားကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီဆိုသည်ကို စစ်ဆေးသွားရန် လိုအပ်ကြောင်း ဝေဖန်သူများထံမှ စောဒကတက် လာခဲ့ခြင်းဖြစ်သည
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးရဲထွဋ်က သူ၏ အွန်လိုင်း စာမျက်နှာတွင် `ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဃ) မှာ
တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာ ကိုလည်းကောင်း
ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို
လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့ကြောင့် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ ဥပဒေနဲ့ အညီ ခွင့်ပြုချက်ရယူပြီး အခမ်း အနားများကို ကျင်းပခွင့်ရှိပါတယ်။
ဥပဒေနဲ့ အညီ ဟောပြောဆွေးနွေးခွင့်ရှိပါတယ်။
ဟောပြောချက်များက ဥပဒေနဲ့မညီဘူးထင်ရင် ကန့်ကွက်လို့၊တိုင်ကြားလို့ရပါတယ်။
ဒါပေမယ့် ငါတို့နဲ့ သဘောချင်းမတူလို့၊ ငါတို့ပါတီက ဒီဥပဒေတွေကို လွှတ်တော်ထဲမှာ ကန့်ကွက်ခဲ့တာ ဖြစ်လို့
ဒီဥပဒေတွေကိုထောက်ခံတဲ့အခမ်းအနားတွေမကျင်းပရဘူး၊ ကျင်းပတာဟာ အခြေခံဥပဒေ နဲ့ မညီဘူးလို့တော့ပြောလို့မရပါဘူး` ဟု ရှင်းလင်းပြောဆိုထားသည်။
မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးက 'ဆရာ တော်တို့ရဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲခံအခမ်းအနားကြီးကို သုဝဏ္ဏ ကွင်းမှာ ကျင်းပခွင့်ရတာနဲ့ပတ်သက်ပြီး ဝေဖန်နေတာတွေ ကြားရ တယ်။ NLD ပွဲဆိုရင်မရဘူး။ မဘသက လုပ်တဲ့ပွဲကျတော့ ကျင်း ပခွင့်ရတယ်ဆိုတာမျိုးပေါ့။
ဆရာတော်တို့ ခုလိုမျိုးကျင်းပခွင့်ရခဲ့တာဟာလည်း အ လကားတော့ မဟုတ်ဘူး။ တာဝန်ရှိသူတွေထံ ငှားရမ်းပြီးတော့ ကျင်းပခွင့်ရခဲ့တာပါ။ နောက်တစ်ခုက ခုဆရာတော်လုပ်တဲ့ ပွဲက အမျိုးသားရေးနဲ့ဆိုင်တဲ့ပွဲလေ။ ကိုယ့်ပါတီအောင်နိုင်ရေးအတွက် လုပ်တဲ့ပွဲမဟုတ်ဘူး။ အမျိုးသားရေးနဲ့ဆိုင်တဲ့ပွဲကို အမျိုးသားအား ကစားရုံမှာ ကျင်းပခွင့်ရတာ သဘာဝကျသလို၊ တရားမျှတမှုလည်း ရှိတယ်လို့ မိန့်ကြားချင်တယ်'ဟု ၂ဝ၁၅ ခု၊ အောက်တိုဘာလ ၆ ရက်နေ့က မိန့်ကြားသွားခဲ့သည်။
credit toကိုမိုးအောင်
Arkar

ကမ္ဘာ့သမိုင်းတစ်ခုကို မဘသက ထုဆစ်လိုက်ခြင်း ( ဒေါက်တာအရှင်သောပါက)

ကမ္ဘာ့သမိုင်းတစ်ခုကို မဘသက ထုဆစ်လိုက်ခြင်း
**************************************************
မဘသ ဗဟိုရဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်ပွဲကြီးကတော့ အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီ။

ထင်တာပို မြင်တာထက်ငို ချင်လောက်အောင် ကြက်သီးထလောက်တဲ့ပွဲပါပဲ။
မြင်ခဲ့သမျှပွဲတွေထဲမှာ ဘယ်ပွဲနဲ့မှမတူတဲ့ပွဲ။

ဖိတ်စာ စောင်ရေ ငါးရာရိုက်ထားတောင် ကုန်အောင်မဖိတ်ဘဲ လူတစ်သိန်းခွဲခန့်လာနိုင်ကြတာဟာ ဘယ်မှာမှ မရှိ။

ဘယ်မီဒီယာမှမပါ အမျိုးသားရေးအသိနဲ့ပါ။
လမ်းစရိတ် မပေး ထမင်းစရိတ် ဆွမ်းစရိတ်မပါဘဲ သူ့စရိတ်နဲ့သူလာတဲ့ပွဲ ဘယ်မှာရှိနိုင်မလဲ။

ထမင်းမပေး ဟင်းမကျွေး လာသမျှ လူတစ်သိန်းကျော်ကို စားလို့မကုန်လောက်ကျွေးမွေးနိုင်ခဲ့တာဟာလည်း မဘသရဲ့စေတနာပါပဲ။
မဘသရဲ့အောင်ပွဲဟာ မြင်ရသူ ကျက်သရေ ကြက်သီးထအောင် ကြည်နူးခဲ့ကြပေမယ့် မလိုလားသူကတော့ နားညီးပြီး ခါးသီးစရာတွေဖြစ်နေရင်တော့ မတတ်နိုင်ပါဘူး၊

ရည်ရွယ်ချက်ကတော့ ကိုယ့်လုပ်ခဲ့တဲ့အလုပ်ရဲ့အောင်မြင်မှုကို ဂုဏ်ပြုရုံပါဘဲ။
ဘယ်နှစ်ယောက်တက်ရမယ်လို့ အမိန့်မပါ၊ တစ်သိန်းကျော်လာတာဟာ သူ့အသိနဲ့လာခဲ့တဲ့သူတွေသာ ဖြစ်တယ်။
သီတင်းကျွတ်မှ လုပ်ချင်ပေမယ့် ရွေးကောက်ပွဲနဲ့နီးနေလို့ ဆိုပြီး အားချင်း(ချက်ချင်း) လုပ်ခိုင်းခဲ့တာဟာ မဘသဦးဆောင်ဆရာတော်ကြီးတွေရဲ့ နိုင်ငံရေးသမားတွေအပေါ်ထားရှိတဲ့ စေတနာပါ။
တစ်ဖက်ကို ခြိမ်းခြောက်တာမဟုတ်ပေမယ့် ကြက်ပျံမကျ စည်းကားလှတယ်ဆိုတဲ့စကားထက်သာတယ်လို့ပဲ ပြောရမှပါ၊ ကြက်တင်မက ဘာကောင်ပဲ ပျံပျံ မကျလောက်အောင်ကို စည်းကားလွန်းတယ်ဆိုတာ အောက်ပုံတွေကို ကြည့်ရင် သိနိုင်မှာပါ။

အင်းအားပြပြီး ဖိမ့်ဖိမ့်တုန်အောင် ခြောက်ပြတာမဟုတ်သော်လည်း အမျိုးစောင့်ဥပဒေကို ကိုဆက်လက်ကန့်ကွက်သွားမယ်၊ အမျိုးစောင့်ဥပဒေကို နှောက်ယှက်ဖျက်ဆီးနေမယ်ဆိုရင်တော့ ဒီအင်အားထက် အဆ ရာထောင်မက များပြားလှတဲ့အင်အားတွေကို မြင်တွေ့သွားရလိမ့်မယ်ဆိုတာ ပရိသတ်ကြီးက သက်သေခံနေတာပါပဲ။

ဘယ်မီဒီယာက ဘယ်လိုဖေါ်ပြလေမည်တော့မသိ မဘသဥက္ကဋ္ဌဆရာတော်ကြီးကတော့ - အမျိုးစောင့်ဥပဒေနဲ့ပတ်သက်လို့ ရဲရဲကြီးအာမခံရဲတာက ဒီဥပဒေဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု ဘာသာတစ်ခု ကို ထိခိုက်နစ်နာစေမှုလုံးဝမရှိဘဲ ဆရာတော်အပါအ၀င် မြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားအားလုံး တကယ်လိုက်နာရင် တကယ်ကို မျှတတဲ့ဥပဒေအောက်မှာ လူမျိုးရေး ဘာသာရေးကို အခြေခံပြီး ဖြစ်တတ်တဲ့ ပြဿနာများ အလွန်နည်းပါးပြီး ညီညီ ညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရမဲ့ ဥဒေဆိုတာ အာမခံသွားတာ တွေ့ရပါတယ်။

ထို့အပြင် ဆရာတော်ကြီးက -လိုအပ်သော စည်းကမ်းဥပဒေသည် မျက်မှောက်အန္တရာယ်များ မဖြစ်ပေါ်စေရန် အနာဂတ်အန္တရာယ်များ မကျရောက်စေရန် စသော အကျိုးများ ရနိုင်သဖြင့် စည်းကမ်းဥပဒေသတ်မှတ်ထားခြင်းသည် မတရားအမှုများ မဖြစ်အောင် ပြုလုပ်ခြင်း ငြိမ်းချမ်းမှုကို ဖေါ်ဆောင်ခြင်းဟု အဓိပ္ပါယ်ရသည်လို့ မိန့်ကြားတော်မူပါသေးတယ်။

သီတဂူဆရာတော်ကြီးကလည်း အများကြီး မိန့်ခွန်းတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ မီဒီယာကတော့ လိုရင်းကိုတောင်ဖေါ်ပြတာမဟုတ် လိုချင်တာကို ရွေးပြီး ဖေါ်ပြနေတယ်လို့ ပြောနေကြပါတယ်။

ဆရာတော်ကြီးက ဘုရားရှင်တောင်မှ မာရ်နတ်ရဲ့လိုက်လံနှောက်ယှက်မှုခံရတယ်ဆိုတာကို သက်သေထူပြီး အမျိုးစောင့်ဥပဒေဆောင်ရွက်မှုကိုလည်း နှောက်ယှက်တဲ့သူတွေ ရှိနေတာကို မီးမောင်းထိုးပြပြီး ဘုရားသားတော်တွေဟာ ဘုရားရှင်တောင် မာရ်နတ်ရဲ့ ဖျက်ဆီးမှုကို သည်းခံသေးတာပဲ မိမိတို့ မဘသလည်း မာရ်လို လိုက်လံနှောက်ယှက် ဖျက်ဆီးမှုမျိုးတွေကို သည်းခံပြီး ဆက်လက်ဆောင်ရွက်ဖို့တိုက်တွန်းတဲ့ သဘောကို တွေပါတယ်။
ဆရာတော်ကြီးရဲ့ဟောပြောချက်ကို သီးခြားတင်ပြပါ့မယ်၊ အသံဖိုင်ကိုလည်း ထည့်သွင်းဖေါ်ပြပေးပါ့မယ်။
(ဖြတ်တောက်ပြောတာတွေ လိုချင်တာကို ရွေးပြောတတ်တဲ့သူတွေအတွက် မကြာမီ အပြည့်အစုံ တင်ပြပေးပါ့မယ်)
နိုင်ငံတကာ သံရုံးသံတမန်များ ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်လာပါတယ်။

နိုင်ငံရေးပါတီများလည်း တက်ရောက်လာကြပါတယ်။
လာစေချင်လို့ ချစ်ချင်လို့ ချစ်ခင်စွာ ဖိတ်ခေါ်ခဲ့ပေမယ့် အမုန်းခံလူသားတွေရဲ့ မလာလိုမှု မနာလိုမှုကိုတော့ မဘသအနေနဲ့ ဘာမှ လုပ်ပေးလို့မရနိုင်ပါဘူး။
မဘသက ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ပါဘဲ။

ဒီဥပဒေနဲ့ ဒီအောင်ပွဲဟာ ကမ္ဘာမှာ ဘယ်မှာမှ မရှိသေးတဲ့ ပွဲ။
မြန်မာမှာလည်း သမိုင်းတစ်ခေတ်လုံး မပေါ်ပေါက်သေးတဲ့ ဥပဒေအောင်ပွဲ။
ခေါ်တာတောင် မလာချင်တဲ့သူတွေများတဲ့ခေတ်မှာ မခေါ်ပဲလာတာဟာလည်း သမိုင်းတစ်ခေတ်မို့ပါ။

(2)နှစ်သားလေး ဆိုပေမယ့် မဘသကို ကမ္ဘာကတောင် အသိအမှတ်ပြုထားတာမို့ ဒီကနေ့ မဘသရဲ့အောင်ပွဲဟာ ကမ္ဘာ့သမိုင်းတစ်ခုကို ထုဆစ်လိုက်ခြင်းပင် ဖြစ်ပါတယ်။

ဒီပွဲတော်ကြီးနဲ့ ပတ်သက်တဲ့ ကူညီပံ့ပိုးပေးကြသူများ
လှူဒါန်းပေးကြသူများ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးအထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖေါ်ပြအပ်ပါတယ်။

ဒေါက်တာအရှင်သောပါက မဘသ ဗဟိုဦးဆောင်

မဘသ ဗဟိုမှကြီးမှူးကျင်းပသည့် ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပပြီးစီးပုံရိပ်များ

Arkar

Friday, October 2, 2015

ဆွမ်းဘုန်းပေးကြွတော်မူပါရန် လျှောက်ထားခြင်း


ဆွမ်းဘုန်းပေးကြွတော်မူပါရန် လျှောက်ထားခြင်း

အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲသို့ ကြွရောက်လာကြသည့် ရပ်ဝေးမှ သံဃာတော်များနှင့် တာဝန်အသီးသီး ထမ်းဆောင်ကြသည့် သံဃာတော်များအား (၄.၁၀.၂၀၁၅) ရက်နေ့တွင် ဘုရားသုံးဆူးစာသင်တိုက်၌ နေ့ဆွမ်းဆက်ကပ်မည်ဖြစ်ပါ၍ ကြွရောက်တော်မူပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား.......
ဘုရားသုံးဆူစာသင်တိုက်ဆရာတော်နှင့်
ဒါယကာ/ဒါယိကာမများ
နနွင်းကုန်းရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်
ဖုန်း-095038737၊ 09-428207971

လမ်းညွှန်
မီးရထား-နှင်းဆီကုန်းဘူတာ
ကား- ခပ်ချီးယားမှတ်တိုင်၊ ဇ၀နမှတ်တိုင်ဆင်းရန်

Arkar