Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, December 23, 2014

မဘသအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သြ၀ါဒ ဒူးနေရာဒူးတော်နေရာတော် (မေတ္တာ + ပေါင်းသင်းဆက်ဆံမှု)


ဒူးနေရာဒူးတော်နေရာတော်
(မေတ္တာ + ပေါင်းသင်းဆက်ဆံမှု)
ဘယ်အရာမဆိုစနစ်တကျ အသုံးချတတ်ဖို့လိုသည်။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ တရားဖြစ်စေ၊ အရာခပ်သိမ်းစနစ်တကျ အသုံးမချတတ်လျှင် ကောင်းကျိုးမရဆိုးကျိုးသို့ပင်ရောက်သွားနိုင်သည်။ ဒါကိုပင် ဌာနာဌာနကောသလ္လဥာဏ် (သူ့နေရာနှင့်သူလိုက်လျောညီထွေဖြစ်အောင် သိမြင်တတ်သည့် အသိဥာဏ်)ဟုပိဋကတ်ကျမ်းဂန်တို့၌ဆိုသည်။ ဤနေရာ၌စာရေးသူအဓိကပြောလိုသည်မှာဗုဒ္ဓတရားတော်များကိုစနစ်တကျ အသုံးချခြင်းကိုပြောလိုပါသည်။ မေတ္တာအတွက် အသုံးချရာမှာပင် -
၁။ အနောဒိဿမေတ္တာ - ပုဂ္ဂိုလ်သတ္တ၀ါ တိုက်ရိုက်ရည်ညွှန်းချက်မရှိဘဲမေတ္တာပို့နည်း။
၂။ ဩဒိဿမေတ္တာ - ပုဂ္ဂိုလ်သတ္တ၀ါ တိုက်ရိုက်ရည်ညွှန်းချက်ရှိသောမေတ္တာပို့နည်းဟု နှစ်မျိုးရှိသည်။
ဥပမာ - အနောဒိဿ မေတ္တာပို့နည်းမှာသဗ္ဗေ သတ္တာ - သတ္တ၀ါအားလုံး၊ သဗ္ဗေပါဏာ - ထွက်သက်၊ ၀င်သက်ရှိသူ အားလုံးစသည်တို့ကိုကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ လိုရာဆန္ဒပြည့်ဝကြပါစေဟုသာ - အားလုံးသောအမျိုးသားများစသည်နှင့် အမေ၊ အဖေ၊ ဆရာသမားစသည်တို့ကိုကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ လိုရာဆန္ဒပြည့်ဝကြပါစေဟုမေတ္တာပို့ခြင်းမျိုးစသည်ဖြင့် အမျိုးမျိုးကွဲပြားသေးသည်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုရည်ရွယ်၍ မေတ္တာပို့ရာ၌ ပထမဆုံးမေတ္တာပို့သင့်သူ၊ မပို့သင့်သူဟုခွဲခြားရသေးသည်။ ဥပမာ - ရန်သူကိုစတင် မေတ္တာပို့မိလျှင် အမှတ်မထင်စိတ်ဆိုးဒေါသအာဃာတရန်ငြိုးများပေါ်လာတတ်သဖြင့် မေတ္တာပျက် သွားတတ်သည်။ မိမိမယား၊ ရည်းစားစသောချစ်ခင်စုံမက်လွန်းသူကိုစတင်မေတ္တာပို့မိပြန်လျှင်လည်းတဏှာရာဂဘက်ရောက် သွားပြီးမေတ္တာပျက်တတ်သည်။ ထို့ကြောင့်ရန်သူနှင့် ချစ်ခင်စုံမက်လွန်းသူစသည်တို့ကိုအစဦးဆုံးမေတ္တာမပို့သေးဘဲမိဘ၊ ဆရာသမားစသောကျေးဇူးရှင်များကိုလည်းကောင်းအခြားသင့်လျော်သူများကိုလည်းကောင်းမေတ္တာပို့ပြီးမေတ္တာအသားကျ သောအခါကျမှ ရန်သူနှင့် ချစ်ခင်စုံမက်လွန်းသူစသည်တို့ကိုမေတ္တာပို့ရမည်ဟုသတ်မှတ်ထားပါသည်။ မေတ္တာပို့ရာမှာပင် စနစ်ကျဖို့လိုအပ်သည်။ စနစ်မကျလျှင် မေတ္တာပို့ရကျိုးမနပ်ဘဲဆိုးကျိုးနှင့်ရင်ဆိုင်ရတတ်သည်။
ဗုဒ္ဓဒေသနာများသည် သူ့နေရာနှင့်သူလျော်အောင်ဟောထားပါသည်။ မေတ္တာကိုမေတ္တာနေရာမှာသုံးဖို့၊ပေါင်းသင်းဆက်ဆံရေးကိုပေါင်းသင်းဆက်ဆံရေးနေရာမှာသုံးဖို့ ခွဲခြားအသုံးချတတ်ရမယ်။ ရှိခိုးထိုက်သူကိုရှိခိုးရာ၌ပင် အခြေအနေအရိပ်အကဲကိုကြည့်၍ ရှိခိုးရကြောင်းမိန့်ဆိုထားသည်။ အန္တရာယ်ပြုမိသူကိုသူ့ရှေ့မှာထိုင်ပြီးရှိခိုးမိလျှင် ခြေထောက်နှင့်ကန်ခံရခြင်းစသော အန္တရာယ်နှင့် ရင်ဆိုင်ရတတ်ပေသည်။ အခြေအနေကိုမူတည်ပြီးလိုက်နာကျင့်သုံးရမည်ဖြစ်ပါသည်။ မင်္ဂလာတရားတော်လာအသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာဒေသနာ၌ ယုတ်မာဆိုးမိုက်သည့် ဒုစရိုက်စိတ်ဓာတ်များ၊ လုပ်ရပ်များ၊ အဆိုပါဒုစရိုက် စိတ်ဓာတ်ရှိသူလုပ်ရပ်ရှိသူများအားလုံးသည် ဗာလဖြစ်သည်။ ဗာလကိုမပေါင်းသင်းရဆိုသည်မှာမိမိလည်းဗာလစိတ်ဓာတ်မမွေးခြင်း၊ ဗာလလုပ်ရပ်မလုပ်ခြင်း၊ ဗာလစိတ်ဓါတ်လုပ်ရပ်ရှိသူကို မပေါင်းသင်းမမှီဝဲ မဆက်ဆံ ခြင်းစသည်တို့ဖြစ်ပါသည်။
မေတ္တာမေတ္တာနေရာမှာသုံးပါ။ ပေါင်းသင်းဆက်ဆံရေးကိုလည်းပေါင်းသင်းဆက်ဆံရေးနေရာမှာသုံးမှ အဆင်ပြေမယ်။ သင့်လျော်မည်။ ကောင်းကျိုးရမည်။ ဗာလစိတ်ဓာတ်ရှိသူဗာလလုပ်ရပ်လုပ်သူဗာလပုဂ္ဂိုလ်များကိုမေတ္တာမထားရဟုမဆိုလို ပါ။ မေတ္တာနှင့် ပေါင်းသင်းဆက်ဆံမှုရောမွှေပြီးမိမိအိမ်မှာခေါ်တင်ထားလျှင်သော်လည်းကောင်း၊ သား,မယားများနှင့် အတူအိပ်၊ အတူစားလျှင်သော်လည်းကောင်းဘယ်လိုဖြစ်သွားနိုင်မည်နည်း။ စဉ်းစားကြည့်ပါ။ မေတ္တာတရားနှင့် နိုင်ငံတော် အကြောင်းဟောပြောနေသူများစဉ်းစားကြပါ။ တစ်ဖက်သားကိုလူသားမဆန် မုဒိမ်းကျင့်၊ လူသတ်၊ ဂျီဟတ်လုပ်ခြင်းစသောဗလစိတ်ဓာတ်ရှိသူ၊ ဗာလလုပ်ရပ်လုပ်သူများကိုမိမိမိသားစုနှင့်တစ်သားတည်းအတူထားချင်နေသောမေတ္တာတရားနှင့် မေတ္တာနိုင်ငံတော် ဟောပြောတည်ဆောက်နေသူများကားအံ့သြဖွယ်ကောင်းပေစွ။
ဘုရားဟောဒေသနာများ၌- မစဉ်းစားသင့်၊ မစဉ်းစားထိုက်၊ မတွေးကြံသင့်၊ မတွေးကြံထိုက်သောအရာတို့ကိုစဉ်းစားတွေးခေါ်ကြံစည်မိလျှင်ပင် ရူးသွပ်သွားနိုင်သည်။ ရူးမသွားတာတောင်မှ စိတ်ပင်ပန်းမှုတော့အနည်းဆုံးဖြစ်နိုင်သည်။ ကြံစည်ရုံမကလက်တွေ့ဟောပြောကျင့်သုံးလျှင်ကားပြောစရာလိုမည်မဟုတ်ပေ။ (အံ-၁၊ ၃၉၂)
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးတာဝန်ရှိသူများသည် မည်သူ့ကိုမျှ မေတ္တာမထားရဟုပြောနေခြင်းမဟုတ်ပါ။ မေတ္တာကိုမေတ္တာနေရာမှာသုံးပါ။ ပေါင်းသင်းဆက်ဆံရေးကိုပေါင်းသင်းဆက်ဆံရေးနေရာမှာသာသုံးဖို့ ဟောပြောနေခြင်းဖြစ် ပါသည်။ ကိုယ့်ခြံစည်းရိုးကိုယ်ကာတတ်အောင် တိုက်တွန်းနှိုးဆော်နေခြင်းသာ ဖြစ်ပါသည်။ သူများခြံစည်းရိုးကိုသွားဖျက်ဖို့ ဟောပြောနေခြင်းမဟုတ်ပါ။ ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင် မကာကွယ်နိုင်ခဲ့လို့ ယခင်ကဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထင်ရှားခဲ့သောအိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ မလေးရှားစသောဗုဒ္ဓဘာသာနိုင်ငံများဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ကြရပြီ။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလုပ်ငန်းလုပ်နေသူများသည် -
၁။ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးသက်သက်သာဦးတည်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ အာဏာရဖို့ လုပ်နေခြင်းမဟုတ်ပါ။
၂။ မည်သည့်ပါတီမည်သည့်ပုဂ္ဂိုလ်ကိုမျှ တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်ပြုလုပ်နေခြင်းမဟုတ်ပါ။ဤသည်ကိုနားလည်ပေးစေချင်ပါသည်။
၃။ ကိုယ့်ဘက်မပါလို့ ကိုယ်ဖြစ်ချင်တာမဖြစ်ရလို့ မဘသအဖွဲ့ကိုနည်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသူများကိုလည်းလည်းမေတ္တာမပျက်ပါ။
၎။ ကိုယ်ကိုယ်တိုင် အမျိုးဘာသာသာသနာကိုမစောင့်ရှောက်ချင်လျှင်နေပါ။
၅။အမျိုးဘာသာသာသနာကိုဖျက်ဆီးသည့်လုပ်ရပ်များလုပ်ခြင်း၊ ဟောပြောခြင်း၊ သွေးဆောင်ခြင်းစသောနည်းများဖြင့် အမျိုးဘာသာသာသနာစောင့်ရှောက်သူများကိုအနှောက်အယှက်မပေးဖို့ရန်လည်းအလေးအနက် မေတ္တာရပ်ခံပါသည်။
ပုဂ္ဂိုလ်၊ ပါတီ၊ လာဘ်လာဘမျက်နှာငဲ့ညှာမှု လောဘရမ္မက်အမြင်ဖြင့် ရှုမြင်သော ဆန္ဒာဂတိ၊ စိတ်ဆိုးဒေါသအာဃာတရန်ငြိုးအမြင်ဖြင့်ရှုမြင်သောဒေါသာဂတိ၊ ကြောက်ရွံ့ထိတ်လန့်သောဘယာဂတိ၊ မသိနားမလည်မှု မောဟာဂတိတရားများလွှမ်းမိုးခံရသောအခါ အမှားမှားအယွင်းယွင်းစဉ်းစား၊ ပြောဆို၊ ပြုလုပ်မိတတ်စမြဲ ဖြစ်သည်။
ကြမ္မာညှိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိန္ဒြိ၊ သတိကင်းလွတ်၊ ကျင့်ယွင်းချွတ်၏၊ ကျင့်ချွတ်သောအခါ၊ ပညာအမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်ကြီးလည်း၊ ပျက်စီးမြဲပင်၊ မချွတ်ပင်တည်း၊ အကြင်လူသား၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွားအမှားမှားနှင့်၊ ဘုရားသော်မှ၊ ဟောမရတည်း။ (မဃဒေ၀)
မေတ္တာတရားနှင့် နိုင်ငံတော်- ဆိုသောခေါင်းစီးလေးကိုတွေ့လိုက်ရသဖြင့် တွေးတောမိသောဆင်ခြင်စရာလေးများကို မျှဝေလိုပါသည်။စိတ်ကောင်း၊ စေတနာကောင်းဖြင့် တွေးတောတာ၊ ပြောဆိုတာ၊ ပြုလုပ်တာမှန်သမျှ အကောင်းချည်းဖြစ်နိုင်ပါ သည်။ စေတနာကောင်းမဟုတ်လျှင်တော့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံးအကောင်းမဖြစ်နိုင်ဟုဓမ္မပဒစသောဒေသနာများ၌ မြတ်ဗုဒ္ဓဟောထားပါသည်။ ဒူးနေရာဒူးတော်နေရာတော် - ဆိုသလိုသူ့နေရာနှင့်သူအသုံးချတတ်ဖို့ လိုပါသည်။ တဘက်ချင်းတူပေမယ့် ခြေသုပ်တဘက်ကိုမျက်နှာသုပ်လျှင် သင့်တော်ပါမည်လား။ တဘက်ချင်းအတူတူပဲဆိုပြီးသုံးနိုင်တဲ့ပုဂ္ဂိုလ် ကတော့သုံးပါ။ မသုံးနိုင်သူများကိုအပြစ်မပြောပါနှင့်။ အိမ်သာခွက်ထဲကရေကိုရေချင်းအတူတူပဲဟုယူဆပြီးသောက်ရေအဖြစ် သုံးလိုသူသုံးပါ။ မသုံးနိုင်သောအခြားသူကိုအပြစ်မပြောသင့်ပါ။
လောဘ၊ ဒေါသ၊ မောဟအဂတိတရားလွှမ်းမိုးခံရလျှင် ဘုရားဟောဒေသနာများကိုစနစ်တကျအသုံးမချတတ်ဘဲအလွဲလွဲအချော်ချော် အသုံးချမိတတ်ကြောင်းသတိပေးရင်းဒူးနေရာဒူးတော်နေရာတော် ဆောင်းပါးကိုအဆုံးသတ်အပ်ပါ သတည်း။
နတ်တော်လပြည့်ကျော် ၅-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ (အင်းစိန်)
(ဒီဇင်ဘာ ၁၁၊ ၂၀၁၄)၊ ကြာသပတေးနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment