“သာသနာကွယ်ကြောင်း”
ဗုဒ္ဓသာသနာကွယ်ခြင်းအကြောင်းနှင့် ပတ်သက်၍ သာကီသွေးဂျာနယ် (အတွဲ-၃၊ အမှတ်-၁ ပထမ၀ါဆိုလပြည့်နေ့ အတွက်ထုတ်) ၌ အနှိုင်းမဲ့သာသနာပြု ကုသိုလ်ယူကြပါစို့
ဆောင်းပါးနှင့် ကိုးန၀င်းဖတ်စာတို့တွင် စာရေးသူတင်ပြခဲ့ပါသည်။ အဆိုပါ သာသနာကွယ်ကြောင်း
သမိုင်းအထောက်အထားများကို ဘ၀င်မကျသူအချို့တို့က သာသနာကွယ်ခြင်းသည် လူမျိုးခြား၊ ဘာသာခြားတို့ကြောင့်မဟုတ်၊
သာသနာ့ဝန်ထမ်း ရဟန်းများကြောင့်သာဖြစ်သည်ဟု ဘုရားဟောထားကြောင်း ထောက်ပြဝေဖန်ကြသည်။
အဆိုပါထောက်ပြဝေဖန်မှုကို သူ့အမြင်၊ သူ့ရည်ရွယ်ချက်ဖြင့်သာ
တိုင်းတာလျှင် လက်ခံရမလိုလို ဖြစ်ပါသည်။ မြင်သိမှုမှန်သမျှ ရှုမြင်သူ၏ မြင်အားပါဝါအပေါ်မှာသာ
မူတည်ပါသည်။ တစ်ထွာ၊ တစ်မိုက်လောက်သာ မြင်အား ပါဝါဖြင့် ရှုမြင်လျှင် တစ်ထွာတစ်မိုက်လောက်သာမြင်မည်။
တစ်လံ၊ တစ်ဖာလုံ၊ တစ်မိုင် စသည်မြင်အားမြင့်ပါဝါဖြင့် ရှုမြင်လျှင် တစ်လံ၊ တစ်ဖာလုံ၊
တစ်မိုင်စသည့် အတိုင်းအတာအထိ မြင်နိုင်မည်။
သာသနာကွယ်ကြောင်းများ
သာသနာကွယ်ကြောင်းများကို
အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် (အံ-၂၊ ၁၅၅-၆-၇)၌ ဟောထားသည်။ ထိုအကြောင်း များကို ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက
-
အင်္ဂုတ္ထိုရ်လာ၊ သာသနာကွယ်ကြောင်း၊
တရားပေါင်းကား -
ရဟန်းများတို့၊ တရားမနာ၊
စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း။
ထ၀ါထို့ပြင်၊ စာသင်ပယ်လျော၊
ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့မအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
ဝါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊
လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ-မူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ဖြစ်ပွား၊ ဤငါးပါးသည်၊
ဘုရားသာသနာကွယ်ကြောင်းတည်း
- ဟု ဆိဒ္ဒပိဓာနနီကျမ်း၌ မိန့်ဆိုထားသည်။
အဆိုပါမိန့်ဆိုချက်များကိုကြည့်လျှင်
သာသနာကွယ်ခြင်းအကြောင်းများမှာ သာသနာ့ဝန်ထမ်း ရဟန်းများနှင့်သာ ဆိုင်သည်ဟု ထင်မှတ်စရာရှိသည်။
သာသနာမကွယ်အောင်၊ တည်တံ့အောင်၊ ပြန့်ပွားအောင်ဆောင်ရွက်ရာမှာ သာသနာ့ ၀န်ထမ်း ရဟန်းများသည်
အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။
သာသနာ့ဝန်ထမ်းရဟန်းတော်များ
ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့လုပ်ငန်းများ လုပ်နိုင်ဖို့ရန်မှာလည်း စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးအတွက်
ပြည့်စုံဖို့လိုသည်။ ရေ၊ မီး၊ မင်း - စသော ဘေးအန္တရာယ်များ ကင်းရှင်းဖို့၊ ငြိမ်းချမ်းသာယာဖို့
လိုအပ်သည်။ သီရိလင်္ကာနိုင်ငံ ဗြာဟ္မဏတိဿသူပုန်ဘေးကြီး ကြုံကြိုက်သောအခါ သာသနာ့ဝန်ထမ်း
ရဟန်းတော်များ အငတ်ငတ်အပြတ်ပြတ် တိမ်းရှောင်နေကြရသည်။ သာသနာ့လုပ်ငန်းများ မလုပ်နိုင်၍
အချို့ပိဋကတ်တော်များ ပျောက် ဆုံးကုန်သည်။ အိန္ဒိယနိုင်ငံ၌လည်း လူမျိုးခြား၊ ဘာသာခြား၊
အစ္စလာမ် မြင်းစီးသူပုန်တပ်များက ဗုဒ္ဓဘာသာ ရဟန်းတော် များကို ထောင်သောင်းမက သတ်ပစ်ကြသည်။
သာသနာပြုဌာန နာလန္ဒာတက္ကသိုလ်ကြီးအပါအ၀င် ဘုန်းတော်ကြီးကျောင်း များကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။
ပိဋကတ်တိုက်များကို မီးရှို့ပစ်လိုက်ကြသည်။ ရဟန်းတော်များ သာသနာ့အလုပ် အေးအေးဆေးဆေးလုပ်ဖို့နေနေသာသာ
အသက်ဘေးလွတ်အောင် ပုန်းကွယ်၊ ရှောင်တိမ်းထွက်ပြေးကြရသည်။
အာဖဂန်နစ္စတန်၊
ပါကစ္စတန်၊ ပါလနိုင်ငံတော်ကြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား စသော ဗုဒ္ဓဘာသာနိုင်ငံများ
၌လည်း လူမျိုးခြား၊ ဘာသာခြားအာဏာရှင်များ၏ ဗုဒ္ဓဘာသာရဟန်းရှင်လူများကို ရက်ရက်စက်စက်
လူမျိုးတုံးသတ်ဖြတ် ဖျက်ဆီးမှုကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များ မည်သည့်သာသနာပြုလုပ်ငန်းများကိုမျှ
မလုပ်နိုင်တော့ သာသနာ ကွယ်မည်သာဖြစ်သည်။ ယခုလောလောဆယ်မှာပင်
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၌ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ဖျက်ဆီး ခံနေရသဖြင့်
ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်ဘာသာဝင်များ၊ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများ
ပျောက်ကွယ်မည့် အရေး စိုးရိမ်နေရလေပြီ။ ထိုင်းတောင်ပိုင်းအပါအ၀င် မြန်မာ့နယ်စွန်နယ်ဖျားများ၌လည်း
လူမျိုးခြား၊ ဘာသာခြား သူပုန်များ က ဆွမ်းခံထွက်သောရဟန်းတော်များကို ပစ်သတ်ခြင်း၊ နေရာများကိုဖျက်ဆီးခြင်း
စသည်တို့ကြောင့် ရဟန်းတော်များ သာသနာ့တာဝန်ကို လုပ်ခွင့်မရရှာကြ။ သာသနာပြုလုပ်ငန်းလုပ်ရာ၌
သာသနာ့ဝန်ထမ်း ရဟန်းတော်များသက်သက်ဖြင့် မလုံလောက်ပါ။
မြတ်စွာဘုရား
ဘုရားဖြစ်ပြီးစ အဋ္ဌမသတ္တာဟ ဗောဓိပင်အောင် သီတင်းသုံးစဉ်အခါက မာရ်နတ်မင်းက -
အရှင်ဘုရား၊ အရှင်ဘုရား၏
ရည်ရွယ်ချက်အတိုင်း ဘုရားဖြစ်ပြီးပါပြီ၊ ပရိနိဗ္ဗာန်စံဖို့ အချိန်တန်ပါပြီ-ဟု လျှောက်ထား သောအခါ မြတ်စွာဘုရားက
-
ဟယ် မာရ်နတ်၊ ငါဘုရားသည်
သတ္တ၀ါတွေကယ်တင်ဖို့ ဘုရားဆုပန်လာတာဖြစ်သည်။ ငါဘုရား၏တပည့် အမျိုးသာရဟန်းတော်၊ အမျိုသမီးရဟန်းတော်-ဟူသော
သာသနာ့ဝန်ထမ်း ၂-မျိုးနှင့် သာသနာတော်ကို ကူညီအားပေးသူ ဒါယကာ၊ ဒါယိကာမတို့အပါအ၀င် ပရိသတ်
၎-ပါးတို့ အရည်အချင်း ပြည့်ပြည့်၀၀ သာသနာမပြုနိုင်သေးသ၍ ငါဘုရား ပရိနိဗ္ဗာန်မစံသေး - စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။
(ဒီ-၂၊ ၈၇၊ ဒီ-ဋ္ဌ၊ ၂၊ ၁၄၅) အဆိုပါမိန့်ကြားချက်ကိုကြည့်လျှင်
သာသနာ မကွယ်အောင် သာသနာပြုရာမှာ ဆရာဘက်က ၂-မျိုး၊
ဒကာဘက်က ၂-မျိုးဟူသော ပရိသတ် ၄-ပါး ၀ိုင်းဝန်းသာသနာပြုဖို့ လိုအပ်ကြောင်းထင်ရှားသည်။
အဆိုပါ သာသနာပြုဖော်ပြုဖက် တာဝန်ကိုယ်စီမယူနိုင်လျှင် သို့မဟုတ် တာဝန်မယူနိုင်အောင်
အိန္ဒိယ - စသောနိုင်ငံမှာ တွေ့ကြုံခဲ့သော သာသနာဖျက်မည့် ဘေးရန်များတွေ့ကြုံလျှင် ဘယ်နည်းနဲ့မျှ
သာသနာမကွယ် အောင် စောင့်ရှောက်နိုင်မည်မဟုတ်သည်ကို သမိုင်းအထောက်အထားများအရ အထင်အရှားသိနိုင်သည်။
(သာဂါရာ အနဂါရာ စ၊ ဥဘော အညောည နိဿိတာ၊ အာရာဓယန္တိ
သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ၊ ဣတိဝုတ်)
ဗုဒ္ဓသာသနာတော်
ဖြတ်သန်းခဲ့သော ၂၅၀၀-ကျော်ကာလအတွင်းမှာ နိမ့်တုံမြင့်တုံ ငှက်ခါးပျံသလို တိုးတက်လိုက်၊
ဆုတ်ယုတ်လိုက် ဖြတ်သန်းခဲ့သည်မှာ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေချည်းသက်သက်မဟုတ်၊ သာသနာတော်ကို
အားပေးစောင့်ရှောက်သူ၊ သာသနာ့အန္တရာယ်ကာကွယ်ပေးသူ မင်းကောင်း၊ မင်းမြတ်များအပေါ်မှာလည်း
မူတည်သည်။ သိုဟန်ဘွားလက်ထက်က ရဟန်းတော်များ အသတ်ခံရခြင်း၊ သန်လျင်စား ငစင်ကာ လက်ထက်က
ဘုရားဌာပနာဖောက်၊ ကြေးဘုရား၊ ကြေးခေါင်းလောင်းများ အရည်ကြို ကျည်ဆံလုပ်စသည်ဖြင့် သာသနာဖျက်ခဲ့ခြင်းကြောင့်
သာသနာဆုတ်ယုတ် ခဲ့ရသည်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားစသော မြန်မာ့ခေါင်းဆောင်များသည်
-
တိုင်းပြည်နှင့် လူမျိုး၊
ဘာသာ၊ သာသနာအပေါ်မှာ ကျရောက်လာမည့် အန္တရာယ်များကို တွန်းလှန်ဖယ်ရှား၍ အမျိုး ဘာသာ သာသနာတော်ကို
စောင့်ရှောက်သွားမည်
- ဟု နန်းတက်အခမ်းအနားတို့၌ အဓိဋ္ဌာန်ပြုသွားကြသည်။ အဓိဋ္ဌာန် အတိုင်းလည်း အမျိုး ဘာသာ
သာသနာအကျိုးကို သက်စွန့်ဆံဖျားကြိုးပမ်းသွားကြသည်။ ထို့ကြောင့် အဆိုပါမင်းကောင်း မင်းမြတ်များလက်ထက်၌
ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွားခဲ့သည်။ ဒါကိုရည်ရွယ်၍ -
တိုင်းပြည်အုပ်ချုပ်ကြသူ
အစိုးရမင်းများဟူသော သမ္မုတိနတ်တို့သည် အမျိုး ဘာသာ သာသနာကို အမြဲမပြတ် စောင့်ရှောက်ကြပါ။ (သာသနမ္ပိ စ လောကဉ္စ၊
ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ)
ဟုလည်းကောင်း၊
ရှေးမင်းကောင်းမင်းမြတ်များကဲ့သို့
အစိုးရမင်းများသည် တိုင်းသူပြည်သား လူအများကို မိမိရင်ဝယ်သားကဲ့သို့ တရားနှင့်အညီ စောင့်ရှောက်ကြပါစေသတည်း
-
(ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။
ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။) ဟုလည်းကောင်း ကျမ်းဂန်တို့၌ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
ယခုလောလောဆယ်မှာပင်
တချို့က မဘသဘုန်းကြီးများကို ဆွမ်းမလောင်းဟု ပြောနေခြင်း၊ ကျောက်ပန်းတောင်း မြို့၌
ကထိန်ခင်းဖို့လျာထား-ထားပြီးသောကျောင်းအတွက် ကထိန်ကိုပင်ဖျက်သိမ်းပစ်လိုက်ခြင်း စသည်တို့သည်လည်း
သာသနာ့အန္တရာယ်ကြုံနေရခြင်းပင် ဖြစ်သည်။ မြန်မာ့အနာဂတ်ဗုဒ္ဓသာသနာအတွက် ရင်လေးဖွယ်ကောင်းပေစွ။
ဆိုခဲ့ပြီးသော
အကြောင်းအရာများကိုကြည့်လျှင် ဗုဒ္ဓသာသနာကွယ်ပျောက်ခြင်းသည် ရဟန်းတော်များ သက်သက် ကြောင့်သာမဟုတ်ပါ။
ရဟန်းတော်များ သာသနာပြုလုပ်ငန်း အေးအေးချမ်းချမ်းလုပ်နိုင်ရန် ကူညီစောင့်ရှောက်ပေးမည့်
ဒကာ၊ ဒကာမများ၊ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်များလည်း လိုအပ်သည်။ အမျိုး ဘာသာ သာသနာဖျက်မည့်
အန္တရာယ်များကင်းရှင်းဖို့လည်း လိုအပ်သည်။ အစိုးရမင်းများက သာသနာ့အန္တရာယ်ကို မကာကွယ်ပေးရင်သော်လည်း
ကောင်း၊ ဒကာ၊ ဒကာမများက ကူညီအားမပေးလျှင်သော်လည်းကောင်း သာသနာ့ဝန်ထမ်း ရဟန်းတော်များ
ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့တာဝန်များကို မထမ်းဆောင်နိုင်လျှင် ဗုဒ္ဓသာသနာတော်ကြီး ဧကန်မုချ
ကွယ်ပမည်သာဖြစ်ကြောင်း တင်ပြရင်း သာသနာကွယ်ကြောင်း ဆောင်းပါကို အဆုံးသတ်အပ်ပါသတည်း။
တန်ဆောင်မုန်းလဆန်း ၅-ရက်၊ ၁၃၇၇-ခု၊
(နိုဝင်ဘာလ
- ၁၆၊ ၂၀၁၅)၊ တနင်္လာနေ့။
အရှင်တိလောကာဘိဝံသ (အင်းစိန်) ရွာမပရိယတ္တိစာသင်တိုက်၊အင်းစိန်မြို့။
No comments:
Post a Comment