Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, March 11, 2015

ပညာမြင့်မှ လူမျိုးတင့်မည် (အရှင်တိလောကာဘိဝံသ)

ပညာမြင့်မှ လူမျိုးတင့်မည်
(အရှင်တိလောကာဘိဝံသ)

ဆောင်းဥတုသည် တပေါင်းလပြည့်နေ့၌ ကုန်ဆုံးသည်။ တပေါင်းလပြည့်ကျော်၁-ရက်နေ့မှစကာ နွေဥတုသို့ စတင်ချဉ်းနင်းဝင်ရောက်ခဲ့ပါသည်။ နွေဥတု ၄-လတွင် ပထမဦးဆုံးနွေဦးလသည် တပေါင်းလပြည့်ကျော် ၁-ရက်နေ့ မှ တန်ခူးလပြည့်နေ့အထိဖြစ်သည်။ နွေဥတုစတင်သည်နှင့်တစ်ပြိုင်နက် ဆီးနှင်းထူထပ်သောနေရာဒေသများ၌ ဆီနှင်းခဲများသည် နေအရှိန်ကြောင့်ပျော်ကျကုန်တော့သည်။ ဆီးနှင်းခဲများဒဏ် မခံရတော့သဖြင့် သစ်ပင်များသည် ရွက်နုများဖြင့်ဝေဆာလှပနေသည်။ ဆီးနှင်းဒဏ်မခံရသောဒေသများရှိ သစ်ပင်များသည်လည်း ရွက်ဟောင်းကြွေ ကာ ရွက်နုသစ်များဖြင့်တစ်ဖုံ အဖူးအငုံအပွင့်များဖြင့်တစ်သွယ် တောအုပ်တစ်ခုလုံးကြည်နူးဖွယ်ရာ သာယာလှပ နေပုံကို မြတ်ဗုဒ္ဓက - “၀နပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ” ဟု ပရိတ်ကြီးရတနသုတ်၌ ဟောထားတော်မူသည်။
နွေဦးအစ သာယာလှပပုံများကို ရှေးစာဆိုတော်ကြီးများအမျိုးမျိုးအဖုံဖုံ ပုံစံအမျိုးမျိုးဖြင့် စာဖွဲ့ပြီးသားဖြစ်၍ စာရေးသူအထူးမပြောလိုတော့ပါ။ ထိုနွေဦးအစသဘာဝမှ သင်ခန်းစာထုတ်ယူပုံကိုသာ ထိုက်သင့်သလောက်တင် ပြပါမည်။ ဟောင်းနွမ်းရင့်ရော်နေသောအရာများသည် အသစ်ပြောင်းလိုက်ခြင်းကြောင့် နုပျိုလာသည်။ သစ်လွင်လာ သည်။ တောက်ပြောင်လာသည်။ လှပလာသည်။ ထို့အတူ အဟောင်များကို သစ်လွင်အောင်၊ အပျက်များကို ကောင်းအောင်၊ မကောင်းတာကိုကောင်းအောင်ပြင်ဖို့၊ ပြောင်းဖို့လိုအပ်လျှင် ပြင်ရမည်၊ ပြောင်းရမည်သာဖြစ်ပါ သည်။ အချို့သော နဂိုအတိုင်းထားသင့်သည့် ရှေးဟောင်းအမွေအနှစ်ဆိုလျှင်တော့ သူ့အတိုင်းထိန်းသိမ်းထားဖို့ တော့ လိုအပ်သလောက် လိုပါသည်။
“အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့၊ အမြင်ကျယ်၍၊ ပညာမွေ့လော့၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍” ဟူသော ဆရာဇော်ဂျီလမ်းညွှန်ချက်အတိုင်း မကောင်းသောအဟောင်းများ အပျက်များကို လိုအပ်လျှင်မလွဲမသွေပြင်ရမည်သာဖြစ်သည်။ သို့သော် ပြင်သော အခါ၌ အသိအမြင်ကျယ်ဖို့လိုအပ်သည်။ အသိအမြင်ကျယ်ဖို့အတွက်လည်း ပညာဖြင့်မွေ့လျော်ဖို့လိုအပ်သည်။
သို့မှသာလျှင် ယနေ့လူငယ်များသည် နောင်အနာဂတ်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် အားကိုးလောက် သော၊ ဦးဆောင်နိုင်သော၊ လမ်းညွှန်ပဲ့ကိုင်နိုင်သော ထူးချွန်ပြောင်မြောက်သည့် နိုင်ငံဗိသုကာလူတော်လူချွန်များ ဖြစ်လာမည်မှာ မလွဲပေ။ ယခုအခါမှာလည်း အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲနေသော အခါသမယနှင့်ကြုံကြိုက် နေသည်။ ယခုတို့တတွေနေထိုင်သည့် မြန်မာနိုင်ငံတော်ကြီးသည် ပုဂံခေတ်မှစတင်ကာ ပုဂံ၊ မြင်းစိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်ဘောင်၊ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် လူမျိုးရောပညာပါ မြင့်မားခဲ့သည်။ မြန်မာ့ခေတ်ဦး ပုဂံခေတ် လူမျိုးရောပညာပါ မြင့်မားခဲ့ပုံများကို ပုဂံရှိကျောက်စာများ ဗိသုကာလက်ရာများ စသည် စသည်တို့ကို ယနေ့ကမ္ဘာအရပ်ရပ်က ပုဂံသို့ တလေးတစားလာရောက်လေ့လာနေခြင်းက သက်သေခံနေသည်။ သဒ္ဒနီတိပါဠိသဒ္ဒါကျမ်းကြီးမှာ ကမ္ဘာကပင်လက်ဖျားခါ အံ့သြရသည်။ သို့သော် အချို့သောတာဝန်ရှိသူများ အမြင်မကျယ်ခြင်း၊ အတ္တကျိုးကိုရှေ့တန်းတင်ခြင်းတို့ကြောင့် ထီးကျိုးနန်းပျောက် ကျွန်သပေါက်ဘ၀ နှစ်ပေါင်း ၁၀၀-ခန့် ရောက်ခဲ့ရရုံမက ပြည်ထောင်စုစိတ်ဓါတ် အမျိုးသားရေးစိတ်ဓါတ်နှင့် အမျိုးသားပညာရေးများပါ ပျက်ပြားခဲ့ ရသည်။
လွတ်လပ်ရေးအကြိုခေတ်မှစ၍ အမျိုးသားရေးစိတ်ဓါတ်မြင့်မားအောင် တာဝန်ရှိသူများက ၀ံသာနုရက္ခိတ အသင်းများ၊ YMBA၊ BBMA၊ သကျသီဟ၊ စေတိယင်္ဂဏ စသော ဗုဒ္ဓဘာသာအသင်းများ၊ အမျိုးသားရေးကျောင်းများ စသည်တို့ကိုတည်ထောင်လှုံ့ဆော်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်၌လည်း မျိုးချစ်ခေါင်းဆောင်းများက ခေတ်စမ်း စာပေများ၊ ဘာသာပြန်စာပေအသင်းများ စသည်တို့ကိုတည်ထောင်၍ အမျိုးသားပညာ တိုးတက်မြင့်မားရေးကို တစိုက်မတ်မတ် ကြိုးစားခဲ့ကြသည်။ ကြိုးစားခဲ့ကြသလောက်လည်း မြန်မာစာပေအဆင့်အတန်း အတော်အတန် မြင့်မားခဲ့သည်။ ထိုခေတ်ထိုအချိန်က အင်္ဂလိပ်စာရော မြန်မာစာပါ တတ်မြောက်ကျွမ်းကျင်ခဲ့သည့် မြန်မာ့ပညာရှင် များ၊ မြန်မာ့ခေါင်းဆောင်များ အရှေ့တောင်အာရှတစ်လွှား နိုင်ငံရေးရော ပညာရေးပါ ဦးဆောင်နိုင်ခဲ့ကြသည်။ စံပြဖြစ်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးချိန် ပါလီမန်အစိုးရခေတ်တုန်းက တိုးတက်မြင့်မားခဲ့သော မြန်မာ့အမျိုးသားပညာရေး သည် ၁၉၆၂-ခုနှစ် နောက်ပိုင်းမှစ၍ တာဝန်ရှိသူများ လုပ်သင့်တာကိုမလုပ် မလုပ်သင့်တာကိုလုပ်ခြင်း စသော ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် ထင်မိထင်ရာလုပ်ခဲ့ခြင်းကြောင့် မြန်မာ့အမျိုးသားပညာရေး ပျက်စီးခဲ့ရသည်။ နိုင်ငံတော်တည်ဆောက်ရာ၌ -
၁။ အာဏာရှင်၊ ၂။ ပညာရှင်၊ ၃။ ဓနရှင်
ဖြစ်အောင်တော့ အာဏာရှင်ကလိုအပ်သလောက် ထိန်းကျောင်းပေးဖို့ လိုအပ်ပါသည်။ အာဏာရှင်က အတ္တကျိုးကို ရှေ့တန်းတင်ကာ နေရာတကာဝင်လုပ်ရင်တော့ တိုင်းပြည်အဖက်ဖက်က ဒုက္ခရောက်သွားနိုင်သည်။ ဒါကို တာဝန် ရှိသူအာဏာရှင်များ အလွန်သတိထားဖို့လိုအပ်သည်။
ယခုအမျိုးသားပညာရေးအတွက် ဆောင်ရွက်နေကြသူများသည် အတ္တကျိုးကို ရှေ့တန်းမတင်ကြဘဲ မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး အမျိုးသားအကျိုးကိုသာ ဦးစားပေးဆောင်ရွက်ကြဖို့ လိုအပ်သည်။ တိုင်းပြည်နှင့်လူမျိုး အတွက် ထိခိုက်နစ်နာနိုင်သည့် ဟာကွက်ယိုကွက်များကိုသတိထားပြီး ပိတ်ဆို့ထားဖို့၊ ကာကွယ်ထားဖို့ မလွဲမသွေ လိုအပ်ပါသည်။ အမျိုးသားပညာရေးဆိုသည့်အတိုင်း မိမိတို့၏အမျိုးသားရေးလက္ခဏာများပျက်စီးသွားမည့်၊ ပျောက် ကွယ်သွားမည့် ပညာရေးမျိုးကိုကား လုံးဝမစဉ်းစားသင့်ပေ။ မိမိတို့၏အမျိုးသားရေး ထိခိုက်နစ်နာစေနိုင်သည့် ပညာရေးမျိုးကို ကမ္ဘာအရပ်ရပ် မည်သည့်နိုင်ငံကမဆို လက်မခံကြသည်မှာဓမ္မတာပင် ဖြစ်ပါသည်။ အမြင်ကျဉ်းသူ၊ အမြင်မကျယ်သူများ၏ ခေတ်အချို့၌ အမျိုးသားပညာရေးနိမ့်ကျခဲ့တာ အထိုက်အလျောက်ရှိခဲ့သော်လည်း ပုဂံ ခေတ်မှစတင်ကာ မြန်မာ့ခေတ်အဆက်ဆက် မြန်မာ့ပညာရေးသည် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ခဲ့သည်။ ကမ္ဘာက ပင်လေးစားခဲ့ရသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာကြောင့် အမျိုးသားပညာရေးနိမ့်ကျသည်ဆိုခြင်းမှာ ယုတ္တိမရှိသော စ ကားသာဖြစ်ပါသည်။ ဗုဒ္ဓဘာသာကြောင့်ပင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီးသည် အရှေ့တောင်အာရှတစ်လွှား တိုင်းပြည်နှင့်လူမျိုး၊ ယဉ်ကျေးမှုပါ အဆင့်အတန်းမြင့်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။တစ်ချိန်က အ မြင်ကျယ်ပြီး ခေတ်မြင်သည့်အရည်အချင်းပြည့် ရွာဦးရွာထိပ်ကျောင်းထိုင်ဘုန်းကြီးများကြောင့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ခုလုံး အမျိုးသားရေးရော ပညာရေးပါ ကမ္ဘာကျော်အောင်ထင်ရှားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်၊ ဒေါက်တာထင်အောင်၊ ဒေါက်တာလှဖေစသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ သည်လည်း ဗုဒ္ဓဘာသာအခြေခံသည့် မြန်မာ့အမျိုးသားပညာရေး၏ ဂုဏ်ထူးဆောင် အသီးအပွင့်များပင်ဖြစ်ပါသည်။
အထူးအားဖြင့် ယခုအချိန်မှာ အတိတ်က-
၁။ အောင်မြင်ထင်ရှားခဲ့ခြင်းအပေါ် ဂုဏ်ယူကြွားဝါနေရုံနဲ့လည်းမပြီး၊
၂။ ပျက်စီးဆုံးရှုံးခဲ့ရခြင်းများအပေါ်မှာ ၀မ်းနည်းပူဆွေးငြီးတွားကာ လက်လျှော့အရှုံးပေးနေဖို့ သံဝေဂ ယူနေဖို့လည်းမလို
၃။ တစ်ဦးအပေါ်တစ်ဦးအပြစ်ပုံချကာ အချင်းချင်းငြင်းခုံရန်ဖြစ်နေကြဖို့ အချိန်လည်းမဟုတ်တော့။
တာဝန်ရှိကြသည့် အာဏာရှိသူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာ ရှင်များ၊ အနုပညာရှင်များ၊ စာနယ်ဇင်းမီဒီယာများ စသည်စသည်တို့သည် အတ္တအကျိုးကိုရှောင်ရှား၍ တိုင်းပြည်နှင့်လူမျိုးအကျိုးကို ရှေးရှုပြီး ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် အမျိုးသားရေးလက္ခဏာ ဆောင်သည့် ပညာမြင့်မှ လူမျိုးတင့်အောင် အမျိုးသားပညာရေးကိုဆောင်ရွက်ကြပါဟု တိုက်တွန်းရင်း၏ “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသောဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

တပေါင်းလပြည့်ကျော် ၅-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ(အင်းစိန်)
(မတ်လ၊ ၉၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။


No comments:

Post a Comment