Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, March 19, 2015

စောင့်လေမျိုးနွယ် အရှင်တိလောကာဘိဝံသ (အင်းစိန်)



စောင့်လေမျိုးနွယ်
အရှင်တိလောကာဘိဝံသ (အင်းစိန်)

          မြတ်ဗုဒ္ဓသည် ဘီစီ-၅၈၈၊ မဟာသက္ကရာဇ် ၁၀၃-နှစ်၊ ကဆုန်လပြည့်နေ့ဝယ်၊ ဗောဓိမဏ္ဍိုင်၌ မိမိ၏ဗုဒ္ဓတ္ထ စရိယာလုပ်ငန်း ပြီးဆုံးခဲ့သည်။ အခြားသူများအတွက် ဗုဒ္ဓတ္တစရိယာကိုကား ဘ၀ဆုံးသည့်တိုင်အောင် ဆောင်ရွက်သွားတော်မူသည်။ သတ္တဌာနစံပြီးချိန်မှစ၍ မြန်မာနိုင်ငံသား တပုဿ၊ ဘလ္လိကအပါအ၀င် လောကတ္ထ စရိယလုပ်ငန်းကိုလည်း ဘ၀ဆုံးသည့်တိုင်အောင် ဆောင်ရွက်သွားတော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခု၊ တပေါင်းလပြည့်တိုင်အောင် ထိုစဉ်က မဂဓတိုင်းခေါ်သည့် ယခုခေတ်ဗီဟာရ်နယ်၌ ၁၀-လလုံးလုံး ဓမ္မစက်များဖြန့် ကျက်လျက် လောကတ္ထစရိယာ ကျင့်ဆောင်တော်မူခဲ့သည်။    ဉာတတ္ထစရိယာလုပ်ငန်းကိစ္စ ဆောင်ရွက်တော်မူရန် ယင်းနှစ်တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစ၍ မွေးရပ်ဌာနီခရီးထွက်တော်မူသည်။
          ဘီစီ-၅၈၇၊ မဟာသက္ကရာဇ် ၁၀၄-ခု၊ ကဆုန်လပြည့်ကျော် ၁-ရက်နေ့ ကပ္ပိလ၀တ်မွေးဌာနီသို့ ရောက်ပြီးချိန် မှစ၍ ဉာတတ္ထစရိယာလုပ်ငန်းဆောင်ရွက်တော်မူပြန်သည်။ ဆွေတော်မျိုးတော်တို့အားချီးမြှောက်သည့် ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာပြုခြင်းဟုလည်း ဆိုနိုင်သည်။ ထိုနေပြည်တော် ပထမခရီးမှာပင် သက်တော် ၉၀-ခန့် ရှိနေသည့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို အရိယာအဖြစ်ရောက်အောင် ပို့ဆောင်တော်မူကာ အကောင်းဆုံးကျေးဇူးဆပ် နည်းဖြင့် ကျေးဇူးကျေအောင်ဆပ်တော်မူသည်။ ယသော်ဓရာမိဖုရား၊ ညီတော်နန္ဒမင်းသား၊ သားတော်ရာဟုလာ စသော ဆွေတော်မျိုးတော်အပေါင်း မြောက်မြားစွာကိုလည်း ဉာတကာနဉ္စသင်္ဂဟမင်္ဂလာပြုတော်မူသည်။ အချို့ အရိယာအဖြစ်ရောက်သွားကြသည်။ အချို့ခိုင်မြဲသည့် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိသွားကြသည်။
          နောက်နောက်အကြိမ်များ၌လည်း အခါအခွင့်သင့်တိုင်း ဉာတတ္ထစရိယာလုပ်ငန်း ဆောင်ရွက်တော်မူသည်။ ရောဟိနီမြစ်ရေကိစ္စ ပဋိပက္ခရန်မီးကိုလည်း ငြှိမ်းပေးတော်မူသည်။ ၀ိဋဋူဘဘေးမှလည်း ကင်းဝေးအောင်ကယ်မ ပေးတော်မူခဲ့သည်။ ၀ိဋဋူဘသည် သူ့ဖခင်ကောသလမင်းထံမှ အာဏာသိမ်းယူပြီး စစ်တပ်ကြီးဖြင့် ချီတက်ကာ သာကီဝင်မင်းမျိုးတို့ကို မျိုးပြုတ်အောင် သတ်ဖြတ်သုတ်သင်ခဲ့သည်။ ထိုဝိဋဋူဘဘေးရန်မှ ကင်းလွတ်အောင် ၂-ကြိမ်တိုင်တိုင် မြတ်ဗုဒ္ဓကယ်တင်ပေးခဲ့သည်။ ကြမ္မာဝဋ်ကြွေး ကြီးမားလှသူ သာကီဝင်မင်းမျိုး အများအပြားကား အသတ်ခံသွားရသည်။ အချို့ သာကီဝင်မင်းမျိုးများလည်း ထိုဝဋ်ကြွေးမှလွတ်မြောက်အောင် ထွက်ပြေးကာ မြန်မာပြည်ထဲက တကောင်းဒေသသို့ရောက်အောင် ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအစ တကောင်းက-ဟု ဆိုကြသည်။ တကောင်းမှ တစ်ဆင့် ပျူမင်းဆက်၊ ပုဂံမင်းဆက်များ အဆင့်ဆင့်ဆင်းသက်လာခြင်းကြောင့် သာကီမျိုးဟေ့ ဒို့ဗမာ ဟု ဆိုခဲ့ခြင်းဖြစ်သည်။ အမတ်ကြီးဦးပေါ်ဦး လျှောက်ထုံး၌လည်း ဘိုးတော်မင်းတရား မေးခွန်း ကို မြတ်စွာဘုရားသည် မြန်မာလူမျိုး ဟု အမတ်ကြီး ဦးပေါ်ဦးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
          ဆွေမျိုးဉာတိဆိုရာ၌ မွေးချင်းမှစ၍ ဆွေ ၇-ဆက် မျိုး ၇-ဆက်၊ ရပ်ဆွေ ရပ်မျိုး၊ မိမိနေထိုင်ရာ တစ်နိုင်ငံလုံးရှိ လူအများသည် ဆွေမျိုးများဖြစ်သည်၊ စောင့်လေမျိုးနွယ် ဆိုသည့်အတိုင်း လူမျိုးခြား, ဘာသာခြားများ၊ လွှမ်းမိုးမခံရအောင်၊ ၀ါးမျိုမခံရအောင် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် ကာကွယ်စောင့်ရှောက်ခြင်းလုပ် ငန်းသည် ဉာတတ္ထစရိယာ ဘုရားလမ်းစဉ်ပင်ဖြစ်သည်။ မွန်မြတ်သည့် မင်္ဂလာလုပ်ငန်းလည်း ဖြစ်သည်။
          စောင့်လေမျိုးနွယ် ၀တ်တရားပျက်ကွက်ခဲ့ခြင်းကြောင့် ယခင်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းတောင်ပိုင်း - စသောဒေသများ၌ မူရင်း ဗုဒ္ဓဘာသာ ပျောက်ကွယ်ခဲ့ရလေပြီ။
          အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး, အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများသည် အမျိုးချစ်, နိုင်ငံချစ်သူတိုင်း မလွဲမသွေ ဆောင်ရွက်ရမည့် ဉာတတ္ထစရိယာဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းလည်း ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းလည်းဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းကို မလုပ်ဆောင် သူသည် တာဝန်မသိသူ၊ တာဝန်မဲ့သူ၊ တာဝန်ရှောင်သူ ဖြစ်သည်။ ယင်းပုဂ္ဂိုလ်များသည် ဗာလမည်သည်၊ လုပ်သင့်လုပ်ထိုက်သော၊ ကျရောက်လာသောတာဝန်ကို မရှောင်မလွဲ လုပ်ဆောင်သူသည်သာ တာဝန်သိသူ လိမ္မာပါးနပ်သူ ပဏ္ဍိတမည်သည် ဟု (အံ-၁၊ ၈၂၊ ၈၃-တို့၌) မြတ်ဗုဒ္ဓဟောထားသည်။
          (ဗာလ, ပဏ္ဍိတ လမ်းစဉ် ၂-မျိုးတွင် သင်သည်ဘယ်လမ်းစဉ်ရွေးမလဲ)
          ယနေ့အချိန်၌ ဗုဒ္ဓဘာသာဝင်များကို လူ့အခွင့်အရေးချိုးဖောက်သူ၊ အကြမ်းဖက်သူများအဖြစ် အချို့သူများ၊ အချို့ မီဒီယာများက စွပ်စွဲပြောဆိုနေကြသည်။ လုပ်ကြံဖန်တီနေကြသည်။ ဗုဒ္ဓသာသနာခရီး ၂၆၀၂-ခုတိုင်အောင် သမိုင်းတစ်လျှောက်၌ ဗုဒ္ဓဘာသာဝင်များကစတင်၍ အခြားသူများ၊ အခြားဘာသာများကို မတရားလွှမ်းမိုးနှိပ်စက် သည့် အထောက်အထားတစ်စုံတစ်ခုမျှ မရှိခဲ့။ သူများကလွှမ်းမိုးနှိပ်စက်လာသောအခါ စွမ်းနိုင်သလောက် ခုခံခြင်း၊ ကာကွယ်ခြင်း၊ တွန်းလှန်ခြင်းများတော့ အထိုက်အလျောက်မရှိဟုမဆိုနိုင်ပါ။ ဒါဟာလည်း သူ့အခွင့်အရေး သူယူခြင်း လုပ်ဆောင်ခြင်းသာ ဖြစ်ပေမည်။
          အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရမှု၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ အင်ဒိုနီးရှား စသည်တို့ ၌ ဗုဒ္ဓဘာသာဝင်နှင့် ဗုဒ္ဓဘာသာအဆောက်အဦးများ ဖျက်ဆီးခံရမှုစသည်တို့သည် သမိုင်းကြောင်း၊ ရာဇ၀င်ကြောင်း အရ အထင်အရှားပင်သိသာပါသည်။ ဘယ်သူကအကြမ်းဖက်၍ ဘယ်သူကအကြမ်းဖက်ခံရ၊ အနိုင်ကျင့်ခံရသည် များကို လေ့လာသိရှိနိုင်ပါသည်။ စာရေးသူ မတရား မပြောလိုပါ။
          ယနေ့အချိန် ကမ္ဘာအရပ်ရပ် နေရာဌာန အသီးသီးမှာလည်း ဗုဒ္ဓဘာသာဝင်များကစတင်၍ အကြမ်းဖက် လွှမ်းမိုးသည့်လုပ်ရပ် မည်သည့်နေရာမှာမှမရှိပါ။ ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံနေရခြင်း၊ လွှမ်းမိုးခံနေရခြင်းသာ ဖြစ်သည်။
                              လူအချင်းချင်း၊ လှည့်ပတ်ချင်း၊ ကင်းရှင်းကြပါစေ။
                              အထင်သေးချင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
                              ဆင်းရဲလိုချင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
          ဟူသော လမ်းစဉ်သည် ဗုဒ္ဓဘာသာဝင်များ၏ လမ်းစဉ်သာဖြစ်သည်။
          အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး, အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများသည် တိုက်စစ် မဟုတ်၊ ခံစစ်သာဖြစ်သည်။ ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်းသာ ဖြစ်သည်။ သူများခြံစည်းရိုးသွားဖျက်ခြင်း၊ သူများအခွင့်အရေးကို ဖောက်ဖျက်ခြင်းမဟုတ်။
          ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာသွားလျှင် ထင်သလိုစော်ကားနိုင်ခွင့် မရမှာစိုးရိမ်ကြသူ၊ မတရား အနိုင်ကျင့်လွှမ်းမိုးလိုသူတို့က အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး, အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်း များ ပျက်စီးရာပျက်စီးကြောင်း နည်းအမျိုးမျိုးကြံဆောင် လုပ်ကိုင်နေသူများ၏ သွေးထိုးမှုကို ကိုယ့်နိုင်ငံသားများ ကိုယ့်ခေါင်းဆောင်များက သံယောင်လိုက်ပြီး သူခိုးလက် ဓားရိုးကမ်းနေကြသည်ကို သတိပြုနိုင်ကြပါစေ။ သူခိုးလက် ဓားရိုးကမ်းခြင်းသည် သစ္စာဖောက်လုပ်ရပ်၊ အမျိုးဖျက်လုပ်ရပ်သာ ဖြစ်သည်။

                                                 တပေါင်းလဆန်း ၁၁-ရက်၊ ၁၃၇၅၊ (မတ်လ-၁၁၊ ၂၀၁၄)၊ အင်္ဂါနေ့
                                                          အရှင်တိလောကာဘိဝံသ (အင်းစိန်)

No comments:

Post a Comment