Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, March 30, 2015

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးဆိုင်ရာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနား ပင့်လျှောက်လွှာ


ကိုးန၀င်း ဖတ်စာ ဗုဒ္ဓဂုဏ်တော်လာ အတုယူစရာများ

ကိုးန၀င်း ဖတ်စာ
ဗုဒ္ဓဂုဏ်တော်လာ အတုယူစရာများ

၁။ အရဟံ- ဂုဏ်တော်မှ မကောင်းသော စိတ်ဓာတ် ကင်းစင်အောင်, ရှေ့တွင်တစ်မျိုး ကွယ်ရာတစ်မျိုး မဖြစ်အောင်, အများပူဇော်ထိုက်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၂။ သမ္မာသမ္ဗုဒ္ဓ- ဂုဏ်တော်မှ သိသင့်သိထိုက်တာမှန်သမျှ မှန်မှန်ကန်ကန် သိမြင်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၃။ ၀ိဇ္ဇာစရဏသမ္ပန္န- ဂုဏ်တော်မှ လူတော်ဖြစ်ရေးအတွက် အသိပညာနှင့်ပြည့်စုံအောင်, လူကောင်းဖြစ်ရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၎။ သုဂတ- ဂုဏ်တော်မှ မှန်ကန်ပြီး အကျိုးများသောစကားကိုသာ ပြောဖြစ်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၅။ လောက၀ိဒူ- ဂုဏ်တော်မှ ခေတ်မီသူဖြစ်ဖို့ ပတ်ဝန်းကျင်လောကအကြောင်းကို သိရှိအောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ- ဂုဏ်တော်မှ ပုဂ္ဂိုလ်အလိုက် လိုက်လျောညီထွေဖြစ်ဖို့ ပြောဆိုလမ်းညွှန် နိုင်သူဖြစ်အောင လိုက်နာကျင့်သုံးစရာ ယူရမည်။

၇။ သတ္ထာ ဒေ၀မနုဿန- ဂုဏ်တော်မှ အများကို ဦးဆောင်လမ်းညွှန်နိုင်သူဖြစ်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၈။ ဗုဒ္ဓ- ဂုဏ်တော်မှ ကိုယ်တိုင်တတ်သိရုံသာမက သူများကိုလည်း တတ်သိအောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၉။ ဘဂ၀ါ- ဂုဏ်တော်မှ အများလေးစားထိုက်သူဖြစ်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

တန်ခူးလဆန်း ၄-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ(အင်းစိန်)
(မတ်လ ၂၃-ရက်၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Sunday, March 29, 2015

တစ်လုတ်စားဖူး သူ့ကျေးဇူး (အရှင်တိလောကာဘိဝံသ)


တစ်လုတ်စားဖူး သူ့ကျေးဇူး
အရှင်တိလောကာဘိဝံသ

တာဝန်သိသူမှာ တာဝန်ရှိသည် ဆိုသည့်အတိုင်း လူရယ်လို့ဖြစ်လာလျှင် တာဝန်ကိုယ်စီရှိကြပါသည်။ ရှိသည့်တာဝန်ကို သိဖို့လည်းလိုအပ်သည်။ အဆိုပါတာဝန်မသိသူများကိုရည်ရွယ်၍ မရှိတာထက်မသိတာ ခက်ဟု လောကဆိုရိုးပြုခဲ့ကြသည်။
လူ့အလွှာအသီးသီးတွင် အားကိုးအားထားပြုသူ၊ အားကိုးအားထားပြုထိုက်သူ ဟူသော ၂-မျိုး ၂-စားတွင် ၂-မျိုးလုံး သူ့တာဝန်နှင့်သူ တာဝန်ကိုယ်စီရှိပါလျက် တာဝန်ရှိသူများ တာဝန်မဲ့လျှင်၊ တာဝန်ပျက်ကွက်လျှင် သက်ဆိုင်ရာလူ့အသိုက်အ၀န်း သည် ပျက်ဆီးဆုံး ရှုံးရသည်။ မြတ်ဗုဒ္ဓလက်ထက်ကလည်း တာဝန်ရှိသူများ တာဝန်မဲ့ မှုကြောင့် ဝေသာလီပြည်၌ ရာသီဥတု ဖောက်ပြန်ပျက်စီးနေသည်။ ထိုအခါတိုင်းသူပြည်သားများ အစာရေစာရှားပါးပြတ်လပ်ပြီး ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ရောဂါ ထူပြောခြင်းဘေးများဖြစ် လာပြီး သေကြေပျက်စီးကြသည်။ လူသေအလောင်းများကိုပင် စနစ်တကျ ရှင်းလင်းမှုမပြုနိုင်ဘဲ သရဲ၊ သဘက်၊ ဘီလူးဘေးများ ကြုံတွေ့ရပြန်သဖြင့် တစ်ပူပေါ် နှစ်ပူဆင့်ပြီး ပိုမိုသေကြေပျက်စီးကြပြန်သည်။
ထိုကပ်ဘေးဆိုးကြီးများ ပျောက်ကင်းစေရန် မြတ်စွာဘုရားကို သွားရောက်ပင့်ဖိတ်ကြသည်။ မြတ်ဗုဒ္ဓကိုယ်တိုင်ကြွ ရောက်ပြီး ရတနာသုတ်ပရိတ်တော်ကို ဟောကြားချီးမြှင့်ခြင်း၊ အရှင်အာနန္ဒာအား ထပ်ဆင့် ရွတ်ဖတ်စေခြင်းဖြင့် ထိုကပ်ဘေး ဆိုးကြီးများ ငြိမ်းသွားခဲ့ရသည်။ ထိုရတနာသုတ်၌
တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိယေ ဗလိံ ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
အိုနတ်များတို့……. လောကသားလူအများသည် အသင်နတ်များကို နေ့ရောညပါ ပူဇော်အားကိုးနေကြပါသည်။ အသင်နတ်များသည် လောကသားလူအများကို-
၁။ မေတ္တာထားကြပါကုန်လော့၊
၂။ စောင့်ရှောက်ကြပါကုန်လော့၊
ဤ၌ နတ်ဆိုသည်မှာ အားကိုးအားထားထိုက်သူများဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် လောကတွင် အားကိုးအားထား ပြုထိုက်သည့် ပုဂ္ဂိုလ်များကိုလည်း ပါဠိဝေါဟာရဖြင့် နာထ၊ ပါဠိသက်ဝေါဟာရဖြင့် နာထ် = နတ်ဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ်သုံးစွဲလေ့ရှိသည်ဟုလည်း ဆိုကြသည်။ ထိုနတ်များမှာ-
၁။ ဥပပတ္တိနတ် ( ဘုမ္မစိုး, ရုက္ခစိုး, အာကာသစိုး, နတ်ဗြဟ္မာများ )
၂။ သမ္မုတိနတ် ( နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရမင်းများနှင့် အားထားကိုးစားထိုက်သည့် ခေါင်းဆောင်များ )
၃။ ၀ိသုဒ္ဓိနတ် ( စင်ကြယ်မြင့်မြတ်သော ဘုရား, ရဟန္တာ, ရဟန်းသံဃာတော်များ ) ဟု ၃-မျိုးရှိသည်။ မြန်မာ နိုင်ငံ၌များသောအားဖြင့် နတ်ဗြဟ္မာများကိုသာ နတ်ဟုထင်နေကြသည်။ အမှန်မှာ အားထားကိုးစားထိုက်သူမှန်သမျှ နတ်ပင် ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံ၌ အားကိုးအားထားခံရသူ-
၁။ သမ္မုတိနတ်ခေါ် အစိုးရမင်းများ၊ အားထားကိုးစားထိုက်သည့် ခေါင်းဆောင်များနှင့်
၂။ ၀ိသုဒ္ဓိနတ်ခေါ် စင်ကြယ်မြင့်မြတ်သော ရဟန်းသံဃာတော်များသည် အဆိုပါရတနာသုတ်လာ နမူနာကောင်းကို ယူဖို့ လိုအပ်နေပေပြီ။ ယနေ့မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီးသည် အဖက်ဖက်က ယိုယွင်းနေပါသည်။ ထိုယိုယွင်းနေသော မြန် မာ့လူ့ဘောင်အဖွဲ့အစည်းကြီးကို အဆိုပါ သမ္မုတိနတ်၊ ၀ိသုဒ္ဓိနတ်ဖြစ်ကြသော တာဝန်ရှိသူခေါင်းဆောင်ပုဂ္ဂိုလ်များက မေတ္တာ ထားစောင့်ရှောက်ပေးကြဖို့ လိုနေပေပြီ။
တိုင်းသူပြည်သားအကျိုးကို လိုလိုလားလား ကိုယ်ဖိရင်ဖိ ဆောင်ရွက်ပေးခြင်း ကာယကံမေတ္တာ၊
တိုင်းသူပြည်သားအကျိုးကို လိုလိုလားလား လမ်းညွှန်ပြောကြားဆောင်ရွက်ပေးခြင်းဟူသော ၀စီကံမေတ္တာ၊
တိုင်းသူပြည်သားများအပေါ် အကျိုးလိုလားသောစိတ်ထား အချိန်တိုင်းထားခြင်း မနောကံမေတ္တာ-များကို လက်တွေ့အ ကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပေပြီ။
ကိုယ်ကျိုးအတွက် တိုင်းသူပြည်သားများကို အသုံးချခြင်း၊ ခုတုံးလုပ်ခြင်း စသည်များကို ရှောင်ရှားဖို့လိုနေပေပြီ။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ စောင့်ရှောက်ပေးဖို့လည်း လိုနေပေပြီ၊ ကျောသားရင်သား မခွဲခြားဘဲ အဖက်ဖက်က စောင့်ရှောက်ပေးဖို့လိုနေပေပြီ။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ထားများ၊ လုပ်ရပ်များ ရှောင်ရှားဖို့လိုနေပေပြီ။ တစ်ဦးနှင့်တစ်ဦး လက်ညှိုးထိုး အပြစ်ပုံချ ငြင်းခုံတိုက်ခိုက်နေကြလျှင် ကြားကမြေစာပင် ပြည်သူပြည် သားများ နစ်နာပျက်စီးကြဖို့သာရှိသည်။
ယနေ့ မြန်မာ့လူ့ဘောင်အတွက် မဖြစ်မနေ လိုအပ်နေသော-
၁။ အတွေးအခေါ် အသိပညာဗဟုသုတ တိုးတက်ဖွံ့ဖြိုးရေး ဉာဏဗလ
၂။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု တိုးတက်ဖွံ့ဖြိုးရေး ကာယဗလ
၃။ ကိုယ့်ကျင့်တရား ကောင်းမွန်ပြည့်စုံမှု တိုးတက်ဖွံ့ဖြိုးရေး စာရိတ္တဗလ
၎။ အားကိုးအားထားပြုလောက်သည့် မိတ်ကောင်းဆွေကောင်းပြည့်စုံမှု တိုးတက်ဖွံ့ဖြိုးရေး မိတ္တဗလ
၅။ စီးပွားဥစ္စာ ပြည့်စုံကြွယ်ဝမှု တိုးတက်ဖွံ့ဖြိုးရေး ဘောဂဗလ
ဤဗလ ၅-တန် ပြည့်စုံကြွယ်ဝ တိုးတက်ဖွံ့ဖြိုးစေရန် တာဝန်ရှိသူများ ၀ိုင်းဝန်းအဖြေရှာကြဖို့ လိုနေပေပြီ။ ထိုစီမံကိန်းကို တိုင်းပြည်၏ အားကိုးအားထားပြုထိုက်သူ အစိုးရမင်းများ၊ အားထားကိုးစားထိုက်သည့် ခေါင်းဆောင်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ ပညာရှင်များ ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် စုပေါင်းဆောင်ရွက်ကြမှသာ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ရတနာ သုတ်ဒေသနာနှင့် ကိုက်ညီမည်ဖြစ်ပါသည်။
ယနေ့မြန်မာနိုင်ငံ၌ အားထားကိုးစားထိုက်သည့် အာဏာလက်ဝယ်ရှိနေသူများကလည်း အာဏာမလွတ်ရေး၊ အာဏာ ရယူလိုသူများကလည်း အာဏာရရေး ဤကိုယ့်အရေးများကိုသာ ရှေ့တန်းတင် ဦးစားပေးဆောင်ရွက်နေကြသည်။ ကိုယ် အာဏာရရင်ပြီးရော သဘောထားကာ နိုင်ငံတော်နှင့်တိုင်းသူပြည်သားများကို ချနင်းနေကြသည်။ ချောက်ထဲတွန်းချနေကြသည်။ တိုင်းသူပြည်သားများ ယခုလောလောဆယ် လိုအပ်နေသည့်အရေးကို ဘေးဖယ်ထားကြသည်။ တိုင်းသူပြည်သားများ၏ အားထားကိုးစားခံရသူများသည် အားထားကိုးစားရကျိုးနပ်အောင် တိုင်းသူပြည်သားများအရေးကိုသာ ဦးစားပေးဆောင်ရွက် သင့်ပါသည်။ ယခုလောလောဆယ် လုပ်သင့်သောတာဝန်ကို မလုပ်ကြလျှင် တိုင်းပြည်ရောလူမျိုးပါ မကြာမီပျက်သုဉ်း ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
စိန်နားကပ်ရောင်ကြောင့် ပါးပြောင်၊ ကိုယ့်ရောင်မှတ်လို့ ၀င့်တတ်တယ်။
ချဉ်ပေါင်ချဉ်လို့ သူချဉ်ရ၊ ကန်စွန်းရွက်က မယောင်နှင့်။ ဟူသော ရွှေကျင်ဆရာတော်ကြီး၏ အဆိုအမိန့်သည် မှတ်သား လိုက်နာစရာဖြစ်သည်ကို သတိပြုရမည်။
တိုင်းသူပြည်သားများက အားကိုးတကြီး ၀ိုင်းဝန်းထောက်ခံအားပေးနေသည့်ကျေးဇူးကို တုံ့ပြန်ဆပ်ဖို့ မလွဲမသွေ လိုအပ်နေပါသည်။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ကျေးဇူးရှင်နိုင်ငံတော်နှင့်တိုင်းသူပြည်သားများ၏ ကျေးဇူးသစ္စာ ကို ထောက်ထားငဲ့ညှာပြီး ကိုယ်ကျိုးမငဲ့ဘဲ နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအပေါ်-
၁။ မေတ္တံ ကရောထ ဆိုသည့်အတိုင်း ကာယကံမေတ္တာ, ၀စီကံမေတ္တာ, မနောကံမေတ္တာ လက်တွေ့အကောင် အထည်ဖော်ကြပါ၊
၂။ ရက္ခထ အပ္ပမတ္တာ ဆိုသည့်အတိုင်း စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က အလေးအနက်ထား မလွဲမသွေ ကာကွယ်စောင့်ရှောက်ပေးကြပါဟု တိုက်တွန်းစကားပြောကြားရင်း တစ်လုတ်စားဖူး သူ့ကျေးဇူး ဆောင်းပါးကို အဆုံးသတ် အပ်ပါသတည်း။
တန်ခူးလဆန်း ၄-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ(အင်းစိန်)
(မတ်လ ၂၃-ရက်၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Wednesday, March 25, 2015

ပညာရေးဥပဒေထဲက အန္တရာယ်မီးတောက် သို့မဟုတ် NNER နောက်ကွယ်က လက်မည်းကြီး (သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ)

ပညာရေးဥပဒေထဲက အန္တရာယ်မီးတောက် သို့မဟုတ် NNER နောက်ကွယ်က လက်မည်းကြီး

သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ

ယနေ့ပညာရေးလောကကို ကြည့်မယ်ဆိုလျှင် နိုင်ငံတကာပညာရေးစနစ်
သည် ပြောင်းလဲလျက်ရှိသည်ကို တွေ့ရပေ သည်။ ထိရောက်မှုရှိသော သင်ယူမှုနည်းစနစ်များ၊ ခေတ်မီသော သင်ထောက်ကူပစ္စည်းများဖြင့် ပညာရေးစနစ်သစ်ကို တီထွင်လျက်ရှိသည်မှာ အားကျစရာကောင်းလှ၏။
“အတုမြင်အတတ်သင်” ဆိုသကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း ခေတ်ရေစီးကြောင်းနှင့်အညီ ပြုပြင်ပြောင်းလဲရမည်ဖြစ်၏။ ပြုပြင်ပြောင်းလဲမှုမရှိဘဲ လှေကြီးထိုးရိုးရိုးနည်းဖြင့် သွားနေပါက မြန်မာ့ပညာရေးစနစ်သည် လူညွန့်တုံးသွားပေလိမ့်မည်။
ထို့ကြောင့် လွယ်ကူမြန်ဆန်၍ ထိရောက်မှုရှိသော ပညာရေးဗျူဟာအခင်းအကျင်းကို တည်ဆောက်သင့်လှပါသည်။ ထိုသို့တည်ဆောက်နိုင်ဖို့အတွက် ကျောင်းသား၊ ဆရာ၊ လွှတ်တော်၊ အစိုးရဟူသောမဏ္ဍိုင် (၄)ရပ်သည် (၄)ပွင့်ဆိုင်ညှိနှိုင်း၍ လည်းကောင်း၊ ရဟန်းပညာရှိ၊ လူပညာရှိတို့၏ အကြံဉာဏ်ကိုတောင်းခံ၍လည်းကောင်း အမျိုးသားရေးဝါဒကို မထိခိုက် သော၊ နိုင်ငံတကာအဆင့်မီသော၊ လွယ်ကူမြန်ဆန်၍ ထိရောက်မှုရှိသော ပညာရေးဥပဒေကို ရေးဆွဲသင့်ပေသည်။

NNER ဘာလဲ ဘယ်လဲ

ယခုတော့ မထင်မရှားအဖွဲ့လေးဖြစ်သည့် NNER (ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်) က တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ယင်းအမျိုးသားပညာရေးဥပဒေကြမ်းကို တစ်ဖက်သတ်ရေးဆွဲထားသည်ဆိုတော့ သဘာဝကျပါ၏လော။
ဘုရင်အဇာတသတ်သည် အရှင်ဒေ၀ဒတ်ကို အထင်ကြီးပြီးဆရာတင်လိုက်သောကြောင့် ငရဲအိုးဇောက်ထိုးဆင်းခဲ့ရ ဖူးလေသည်။ ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် ဆရာတင်မမှားဖို့ လိုအပ်လှပေသည်။
NNER အဖွဲ့သည် “ဘယ်လိုအဖွဲ့လဲ၊ ဘယ်သူဦးဆောင်နေသလဲ၊ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားသလဲ” ဆိုသည်ကို ဆန်းစစ်ဖို့လိုပေသည်။ သို့မှသာ သူတို့လုပ်ရပ်ကို အဖြူလား/အမဲလားဆိုသည်ကို ခွဲခြားနိုင်မည်ဖြစ်သည်။
ဤအဖွဲ့သည် “ပညာရေးစနစ်ပြုပြင်ပြောင်းလဲရမည်” ဟု အသံကောင်းဟစ်လျက်ရှိသောကြောင့် “ကြောင်သူတော်” ဟု ထင်စရာရှိ၏။ သို့သော် အသံကောင်းဟစ်တိုင်း ယုံကြည်လို့မဖြစ်ပါ။ ဘာ့ကြောင့်နည်း။ ကြောင်သူတော်ကြွက်သူခိုးများ ရှိနေသောကြောင့်တည်း။
ဂဠုန်ဦးစောသည် “မျိုးချစ်ခေါင်းဆောင်” ဟု အသံကောင်းဟစ်၍ တိုင်းပြည်ကိုသစ္စာဖောက်ခဲ့ဖူးလေသည်။ ထို ဖြစ်ရပ်ကိုလည်း မမေ့သင့်။ ဘာ့ကြောင့်နည်း။ ဦးစောဇာတ်ခင်းနေသည့် ကြောင်သူတော်နိုင်ငံရေးသမားများ မြောက်မြားစွာ ရှိနေသောကြောင့်တည်း။
တချို့နိုင်ငံရေးသမားတို့သည် ဦးစောလိုပေါ်တင်ကြီးမမိုက်ပါ။ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နှင့်လှည့်စားတတ်၏။ သူတို့၏လှည့်ကွက်ကို မသိရှာသည့် လူငယ်လူရွယ်များက ထိုသို့သောကုတ်ကမြင်းနိုင်ငံရေးသမားများကို “စင်”ပေါ်တင်ကြ လေသည်။
“ဖွတ်ထွက်မှ တောင်ပို့မှန်သိ” ဆိုသကဲ့သို့ စင်ပေါ်တင်လိုက်တော့မှ “နိုင်ငံရေးစားဖားကြီး” ဖြစ်ကြောင်း သိသွားကြ လေတော့သည်။ ထိုသို့ မဖြစ်ရလေအောင် မဏ္ဍပ်တိုင်တက်၍ အသံကောင်းဟစ်ကြသည့် နိုင်ငံရေးသမားများကို သတိမူ ရပေမည်။

NNER ၏ ဘီလူးကကွက်

NNER ၏ ပညာရေးဥပဒေကြမ်းကို လေ့လာသောအခါ အမျိုးသားရေးဝါဒကို ထိခိုက်စေသော၊ တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးမားသော ရှေ့နောက်ဆန့်ကျင်နေသည့် ဥပဒေ (၂)ခုကို တွေ့ရ၏။ ထို့ကြောင့် NNER သည် မင်းသားက,ကနေသည်မဟုတ်၊ ဘီလူးက, ကနေခြင်းဖြစ်၏။ ဉာဏ်မျက်လုံးဖြင့်ကြည့်မှသာ မြင်နိုင်ပေသည်။
ဥပဒေ (၂)ခုအနက် တစ်ခုမှာ “ပညာရေးမှာ ဘာသာရေးအဖွဲ့အစည်း လွှမ်းမိုးမှုမရှိစေရ” ဆိုသည် ဥပဒေကြမ်းဖြစ်၏။ နောက်တစ်ခုက “အခြားသော ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်း များကို တရားဝင်အသိအမှတ်ပြုရမည်” ဆိုသည့် ဥပဒေကြမ်းပင်ဖြစ်သည်။ ထိုဥပဒေကြမ်း (၂)ခုကို ရေးဆွဲတင်ပြ လာခြင်းသည် မြန်မာတို့၏ အမျိုးသားရေးဝါဒကို ဖျက်ဆီးလိုသောကြောင့်ဖြစ်ပေသည်။
ရှင်းပြပါဦးအံ့။ ထိုဥပဒေကြမ်း (၂)ခုသည် ရှေ့နောက်ဆန့်ကျင်လျက်ရှိ၏။ “ပညာရေးမှာ ဘာသာရေးအဖွဲ့အစည်း လွှမ်းမိုးမှုမရှိစေရ” ဟူသော ဥပဒေရေးဆွဲပြီးဖြစ်ပါလျက် အဘယ့်ကြောင့် “ဘာသာရေးအဖွဲ့အစည်းတို့မှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများကို တရားဝင်အသိအမှတ်ပြုရမည်” ဟူသော ဥပဒေကိုတောင်းဆိုရသနည်း။ ရှေ့နောက်ဆက်စပ် ကြည့်စေချင်ပါသည်။
“ပညာရေးမှာ ဘာသာရေးအဖွဲ့စည်းများ လွှမ်းမိုးမှုမရှိစေရ”ဟု ဆိုလိုက်သည်နှင့် “ဘာသာရေးအဖွဲ့အစည်းတို့မှ ဖွင့်လှစ်သော ပညာရေးကျောင်းများကို ခွင့်ပြုစရာမလို” ဟူသော အဓိပ္ပါယ်သည် အလိုလိုသက်ရောက်သွားလေတော့သည်။ ဘာ့ကြောင့်နည်း။ ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသောကျောင်းမှန်သမျှ၌ သူတို့၏ ပညာရေးမှာ ဘာသာရေး လွှမ်းမိုးမှုရှိစမြဲ ဖြစ်သောကြောင့်တည်း။
ယခုတော့ “ပညာရေးမှာ ဘာသာရေးအဖွဲ့အစည်း လွှမ်းမိုးမှုမရှိစေရ” ဟုလည်း ဆိုသေး၊ “ဘာသာရေးအဖွဲ့အစည်း တို့မှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းကိုလည်း တရားဝင်အသိအမှတ်ပြုရမည်” ဟုလည်း ဆိုပြန်သောကြောင့် ဤဥပဒေကြမ်း (၂)ခုသည် ရှေ့သွားနောက်လိုက် မညီပါ။
ယင်းအချက်ကို ကြည့်လျှင်ပင် NNER ၏နောက်ကွယ် မာယာထောင်ချောက်ကို ရိပ်မိနိုင်ပါသည်။ ထိုမာယာထောင် ချောက်ကား အခြားမဟုတ်၊ တိုင်းတစ်ပါးသား ဘာသာခြားတို့ ထိုးဖောက်လို့ရသည့် “မရဏတံခါး”ကို ဖွင့်ပေးလိုက်ခြင်းပင် တည်း။
ဂုတ်သွေးစုပ်မည့် NNER
NNER အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်သည် ဗုဒ္ဓဘာသာကိုဝေဖန်ပုတ်ခတ်စော်ကားနေသလို အမျိုးသားရေး ၀ါဒီများကိုလည်း အစွန်းရောက်နိုင်ငံရေးသမားဟု စွပ်စွဲပုတ်ခတ်လျက်ရှိကြောင်းကိုလည်းကောင်း၊ တိုင်ပြည်နှင့် လူမျိုးကိုဂုတ် သွေးစုပ်နေသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားဖြစ်ကြောင်းကိုလည်းကောင်း သူ့အကြောင်း ခရေစေ့တွင်းကျသိသူက ဆိုပါသည်။
ထို့ကြောင့် NNER ၏ နောက်ကွယ်က လှည့်ကွက်ကိုမြင်အောင်ကြည့်တတ်ဖို့ လိုအပ်လှပေသည်။ တကယ်တော့ NNER အဖွဲ့ထဲတွင် ဒေါက်တာသိန်းလွင်တို့ကဲ့သို့ ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါကြီးမားမှုကို မလိုလားသူများ၊ ဘာသာခြား နိုင်ငံရေးသမားများ၊ မိမစစ် ဖမစစ်နိုင်ငံသားများ မင်းမူလျက်ရှိကြောင်း သိရပေသည်။
NNER ၏ ပညာရေးဥပဒေကြမ်းကို လက်ခံလိုက်လျှင် တိုင်းပြည်နှင့် လူမျိုးသည် အန္တရာယ်ချောက်ကမ်းပါးထဲ ထိုးကျသွားနိုင်ပါသည်။ မြွေပွေးကို ငါးရှဥ့်အထင်ဖြင့် ဖမ်းလိုက်သောကြောင့် မြွေးပွေးအကိုက်ခံ၍ အသက်ဆုံးရှုံးခဲ့ရဖူးလေ သည်။ NNER သည် ငါးရှဥ့်မဟုတ်အဆိပ်ပြင်းသည့် မြွေပွေးဖြစ်၏။ ထို့ကြောင့် NNER ကို သံပုံးတီး၍ နှင်ထုတ်သင့်ပါသည်။
ဤအရေးသည်ကား ပါတီအရေးနှင့်မဆိုင်၊ ရာထူးအာဏာနှင့်မဆိုင်ပါ။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးဖြစ်၏။ မိမိသည် ယခုအချိန်မှာ ဘုန်းကြီးတစ်ပါးဖြစ်နေသော်လည်း တချိန်ကကျောင်းသားဖြစ်ခဲ့ဖူးပါ၏။ ထို့ကြောင့် “ငါနှင့်မဆိုင်” ဟု မျက်နှာမလွှဲလိုပါ။
ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသည့်အတိုင်းအန္တရာယ်စက်ကွင်းက လွတ်ကင်းဖို့အတွက် ယခုလို တင်ပြရခြင်းဖြစ်ပါ သည်။ တကယ်တော့ ကျောင်းသားပညာရေးသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် မဟာအရေးတော်ပုံပင်ဖြစ်သည် မဟုတ်ပါလော။
အခြားဘာသာရေးအဖွဲ့အစည်းတို့မှ ဖွင့်လှစ်သည့်ပညာရေးကျောင်း
ဥပဒေတစ်ခု အတည်ပြုတော့မည်ဆိုလျှင် စနစ်တကျဆန်းစစ်ရမည်။ ထိုသို့မဟုတ်ပါက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားပေမည်။ “အခြားသော ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသောပညာရေးကျောင်း များကို နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုရမည်” ဟူသော ဥပဒေကြမ်းသည် စဉ်းစားကြည့်လေ ထိတ်လန့်စရာ ကောင်းလေပင်တည်း။
ယင်းဥပဒေကြမ်းသည် ဗုဒ္ဓဘာသာမှအပ အခြားသောဘာသာများ ထိုးဖောက်ခွင့်ရစေဖို့အတွက် တောင်းဆိုထားခြင်း ပင်ဖြစ်ပါသည်။ အထူးအားဖြင့် မွတ်စလင်ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော အာရဗီစာသင်ကျောင်းများကို တရားဝင်အသိအမှတ်ပြုခိုင်းသလိုပင် ဖြစ်နေပေတော့သည်။ ထို့ကြောင့် ဤဥပဒေကြမ်းသည် အမျိုးသားရေးအတွက် အန္တရာယ်အကြီးမားဆုံး ဥပဒေဟုဆိုရပေမည်။

ဇာတ်တူသား စားချင်သည့် NNER

ဤဥပဒေကိုကြည့်လျှင် NNER ၏ ဇာတ်ရုပ်သည် ဇတ်တူသားစားနေသည့် ခွေးအဖြစ်ကြောင်း သိသာထင်ရှားလှ ပေသည်။ ဘာ့ကြောင့်နည်း။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဖျက်ဆီးမည့်ဥပဒေကို တင်ပြနေသောကြောင့်တည်း။ ပြောတော့ “ပညာရေးဥပဒေ” တဲ့။ လုပ်တော့ “အာရဗီစာသင်ကျောင်းဖွင့်ခွင့် ဥပဒေ” ဖြစ်နေပါလား ဟရို့။ ကြောင်ကြာကြာ ရေမငုတ်နိုင်ပါဘူး။ ဇာတိဆိုတာ ပေါ်လာစမြဲပါ။
သေချာဆန်းစစ်လိုက်သောအခါ NNER ၏ဇာတ်ရုပ်သည် သွားဖြဲပြီးပြနေကြောင်း ပေါ်လွင်လှ၏။ သွားဖြဲပြတိုင်း ပြုံးတယ်လို့မထင်လိုက်ပါနဲ့ဦး။ ခွေးအ သွားဖြဲပြီဆိုရင်တော့ ခြေဦးတည့်ရာ ပြေးရလေတော့၏။ ယခုလည်း NNER သွားဖြဲပြနေခြင်းသည် အမျိုး ဘာသာ သာသနာကို ကိုက်ဖြတ်လိုသောကြောင့်တည်း

ပြည်ပက ပိတ်နေချိန်မှာ ပြည်တွင်းမှာဖွင့်ရမည်ဆိုပါလား။


မွတ်စလင်လက်အောက်ခံ အာရဗီစာသင်ကျောင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမှာ စိုးရိမ်မှုရေချိန်မြင့်တက်လျက်ရှိ၏။ ထို့ကြောင့် ကမ္ဘာ့အနှံ့အပြား ဖွင့်လှစ်ထားသော အာရဗီစာသင်ကျောင်းများကို နိုင်ငံတိုင်းနီးပါးလောက်က သတိထား စောင့်ကြည့်လျက် ရှိကြပါသည်။ ဘာ့ကြောင့်နည်း။ တာလီဘန်စသည့်အကြမ်းဖက်သမားများသည် အာရဗီစာသင်ကျောင်း ထွက်များဖြစ်သောကြောင့်တည်း
ထိုအကြောင်းကို ကောင်းကောင်းရိပ်မိသည့် ဗြိတိန်နိုင်ငံမှာတော့ အာရဗီစာသင်ကျောင်းများကိုပိတ်ပေးဖို့ တောင်းဆိုနေကြ၏။ တကယ်တော့ဗြိတိန်နိုင်ငံသည် လူ့အခွင့်အရေးကို တစာစာအော်နေသည့် ဒီမိုကရေစီနိုင်ငံကြီးပင်ဖြစ် ပါသည်။ သို့သော်အာရဗီစာသင်ကျောင်းများကိုတော့ ပိတ်ပင်ဖို့ကြိုးစားနေ၏။ ဘာ့ကြောင့်နည်း။ အမျိုးသားရေးအန္တရာယ် ကျရောက်မည်စိုးသောကြောင့်တည်း။
ပါးနပ်သောနိုင်ငံများက အာရဗီစာသင်ကျောင်းများကို ပိတ်ပေးဖို့တောင်းဆိုနေချိန်၌ NNER က ဘာသာရေးအဖွဲ့ အစည်းများ၏ ပညာရေးကျောင်းများ၊ အာရဗီစာသင်ကျောင်းများကို တရားဝင်အသိအမှတ်ပြုဖို့တောင်းဆိုနေ၏။ ယင်းသို့ တောင်းဆိုခြင်းသည် အမျိုးသားရေးအန္တရာယ်ကို လက်ယပ်ခေါ်နေခြင်းပင်ဖြစ်သည်
ဆင်ခြေရာကိုတွေ့လျှင် ဆင်ကောင်ကြီးကိုရှာစရာမလိုသကဲ့သို့ ဤတောင်းဆိုချက်ကိုကြည့်လျှင်ပင် NNER ၏ အကွက်ကျကျ စီမံထားသည့်နောက်ကွယ်က လက်မည်းကြီးကို ရှာစရာမလိုတော့ပါ။

အပြည်ပြည်ဆိုင်ရာ အာရဗီကျောင်းကိုဖွင့်ခိုင်းနေပါလား..?

ပညာရေးဥပဒေကြမ်းထဲ၌ “ဘာသာရေးကိုသာ သီးသန့်သင်ပေးသောကျောင်းများ ဤဥပဒေနှင့်သက်ဆိုင်ခြင်း မရှိစေရ” ဟူသော ဥပဒေပါရှိရကား “ဘာသာရေးသီးသန့်သင်ပေးသော အာရဗီကျောင်းများကို တရားဝင်အသိအမှတ်ပြုစရာ မလိုပါ။ စိုးရိမ်စရာ မရှိပါဘူး” ဟု ဆိုငြားအံ့။
ယင်းဥပဒေကြောင့် “ဘာသာရပ်မျိုးစုံ သင်ကြားပေးသော အပြည်ပြည်ဆိုင်ရာ အာရဗီကျောင်းတော်ကြီး” များကို ဖွင့်ခိုင်းသလိုပင် ဖြစ်နေပေတော့သည်။ ထို့ကြောင့် NNER သည် နောက်ကျောဓားနဲ့ထိုးမည့်သူကို အဖေခေါ်ချင်သည့်အဖွဲ့ ဖြစ်ပါသည်။
ဥပဒေဆိုသည်မှာ ခက်ခဲနက်နဲလှ၏။ ဉာဏ်စေစားနိုင်မှ တော်ကာကျပေသည်။ သူတို့၏ ဉာဏ်နီဉာဏ်နက်ကား ကြောက်စရာအလွန်ကောင်း၏။ ဘာသာခြားများကား ကုလသမဂ္ဂကိုတောင် အိတ်ကပ်ထဲထည့်ထားနိုင်သည် မဟုတ်ပါ လော။

မင်းသားခေါင်းစွပ်ထားသည့် ဘီလူး.....

အနှစ်ချုပ်ပြောရမည်ဆိုလျှင် NNER သည် ဘာသာခြားများအတွက် အတားအဆီးသဖွယ်ဖြစ်နေသော အမျိုးသား ရေးဝါဒကို တစ်စစီပြိုကွဲအောင်၊ အစဉ်အလာ ကြီးမားသော ဗုဒ္ဓဘာသာကို အမြစ်ပြုတ်အောင်၊ အခြားသောဘာသာရေးအဖွဲ့ အစည်းများ ထိုးဖောက်ခွင့်ရအောင်၊ မွတ်စလင်အဖွဲ့အစည်းတို့မှ ဖွင့်လှစ်၍နေသော ဘာသာရပ်မျိုးစုံ သင်ကြာပေးနိုင်သည့် ဘာသာရပ်မျိုးစုံ သင်ကြားပေးနိုင်သည့် အာရဗီစာသင်ကျောင်းများ မှိုလိုပေါက်အောင် မလှိမ့်တပတ် ဖန်တီးနေသောကြောင့် မင်းသားခေါင်းစွပ်ထားသည့် ဘီလူးကြီးပင်တည်း။
ဘီလူးကို အသက်ရှင်ခွင့်ပေးလျှင် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာသည် အစအနရှာလို့မရအောင် မျိုးတုံးသွားနိုင်ပေသည်။ ထို့ကြောင့် NNER အဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်ပါမကျန်ဆိုသကဲ့သို့ မြေလှန်စနစ်ဖြင့် တူးဖြိုပစ်ရပေမည်။
တကယ်စင်စစ်ကား အမျိုးသားပညာရေးဥပဒေကြမ်းကို NNER မပါဘဲကျောင်းသား၊ ဆရာ၊ လွှတ်တော်၊ အစိုးရ ဟူသော မဏ္ဍိုင် ၄-ခုမှ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း၍လည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော လူပညာရှိ၊ ရဟန်းပညာရှိတို့၏ အကြံဉာဏ်ကိုယူ၍လည်းကောင်း၊ မြန်မာ့လူနေမှုစနစ်နှင့် ကိုက်ညီသော၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ပညာရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်းသည်သာ အကောင်းဆုံးစနစ်ဖြစ်ကြောင်း စေတနာရှေ့ထား၍ တင်ပြလိုက်ရပါသည်။

သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ


Thursday, March 19, 2015

စောင့်လေမျိုးနွယ် အရှင်တိလောကာဘိဝံသ (အင်းစိန်)



စောင့်လေမျိုးနွယ်
အရှင်တိလောကာဘိဝံသ (အင်းစိန်)

          မြတ်ဗုဒ္ဓသည် ဘီစီ-၅၈၈၊ မဟာသက္ကရာဇ် ၁၀၃-နှစ်၊ ကဆုန်လပြည့်နေ့ဝယ်၊ ဗောဓိမဏ္ဍိုင်၌ မိမိ၏ဗုဒ္ဓတ္ထ စရိယာလုပ်ငန်း ပြီးဆုံးခဲ့သည်။ အခြားသူများအတွက် ဗုဒ္ဓတ္တစရိယာကိုကား ဘ၀ဆုံးသည့်တိုင်အောင် ဆောင်ရွက်သွားတော်မူသည်။ သတ္တဌာနစံပြီးချိန်မှစ၍ မြန်မာနိုင်ငံသား တပုဿ၊ ဘလ္လိကအပါအ၀င် လောကတ္ထ စရိယလုပ်ငန်းကိုလည်း ဘ၀ဆုံးသည့်တိုင်အောင် ဆောင်ရွက်သွားတော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခု၊ တပေါင်းလပြည့်တိုင်အောင် ထိုစဉ်က မဂဓတိုင်းခေါ်သည့် ယခုခေတ်ဗီဟာရ်နယ်၌ ၁၀-လလုံးလုံး ဓမ္မစက်များဖြန့် ကျက်လျက် လောကတ္ထစရိယာ ကျင့်ဆောင်တော်မူခဲ့သည်။    ဉာတတ္ထစရိယာလုပ်ငန်းကိစ္စ ဆောင်ရွက်တော်မူရန် ယင်းနှစ်တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစ၍ မွေးရပ်ဌာနီခရီးထွက်တော်မူသည်။
          ဘီစီ-၅၈၇၊ မဟာသက္ကရာဇ် ၁၀၄-ခု၊ ကဆုန်လပြည့်ကျော် ၁-ရက်နေ့ ကပ္ပိလ၀တ်မွေးဌာနီသို့ ရောက်ပြီးချိန် မှစ၍ ဉာတတ္ထစရိယာလုပ်ငန်းဆောင်ရွက်တော်မူပြန်သည်။ ဆွေတော်မျိုးတော်တို့အားချီးမြှောက်သည့် ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာပြုခြင်းဟုလည်း ဆိုနိုင်သည်။ ထိုနေပြည်တော် ပထမခရီးမှာပင် သက်တော် ၉၀-ခန့် ရှိနေသည့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို အရိယာအဖြစ်ရောက်အောင် ပို့ဆောင်တော်မူကာ အကောင်းဆုံးကျေးဇူးဆပ် နည်းဖြင့် ကျေးဇူးကျေအောင်ဆပ်တော်မူသည်။ ယသော်ဓရာမိဖုရား၊ ညီတော်နန္ဒမင်းသား၊ သားတော်ရာဟုလာ စသော ဆွေတော်မျိုးတော်အပေါင်း မြောက်မြားစွာကိုလည်း ဉာတကာနဉ္စသင်္ဂဟမင်္ဂလာပြုတော်မူသည်။ အချို့ အရိယာအဖြစ်ရောက်သွားကြသည်။ အချို့ခိုင်မြဲသည့် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိသွားကြသည်။
          နောက်နောက်အကြိမ်များ၌လည်း အခါအခွင့်သင့်တိုင်း ဉာတတ္ထစရိယာလုပ်ငန်း ဆောင်ရွက်တော်မူသည်။ ရောဟိနီမြစ်ရေကိစ္စ ပဋိပက္ခရန်မီးကိုလည်း ငြှိမ်းပေးတော်မူသည်။ ၀ိဋဋူဘဘေးမှလည်း ကင်းဝေးအောင်ကယ်မ ပေးတော်မူခဲ့သည်။ ၀ိဋဋူဘသည် သူ့ဖခင်ကောသလမင်းထံမှ အာဏာသိမ်းယူပြီး စစ်တပ်ကြီးဖြင့် ချီတက်ကာ သာကီဝင်မင်းမျိုးတို့ကို မျိုးပြုတ်အောင် သတ်ဖြတ်သုတ်သင်ခဲ့သည်။ ထိုဝိဋဋူဘဘေးရန်မှ ကင်းလွတ်အောင် ၂-ကြိမ်တိုင်တိုင် မြတ်ဗုဒ္ဓကယ်တင်ပေးခဲ့သည်။ ကြမ္မာဝဋ်ကြွေး ကြီးမားလှသူ သာကီဝင်မင်းမျိုး အများအပြားကား အသတ်ခံသွားရသည်။ အချို့ သာကီဝင်မင်းမျိုးများလည်း ထိုဝဋ်ကြွေးမှလွတ်မြောက်အောင် ထွက်ပြေးကာ မြန်မာပြည်ထဲက တကောင်းဒေသသို့ရောက်အောင် ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအစ တကောင်းက-ဟု ဆိုကြသည်။ တကောင်းမှ တစ်ဆင့် ပျူမင်းဆက်၊ ပုဂံမင်းဆက်များ အဆင့်ဆင့်ဆင်းသက်လာခြင်းကြောင့် သာကီမျိုးဟေ့ ဒို့ဗမာ ဟု ဆိုခဲ့ခြင်းဖြစ်သည်။ အမတ်ကြီးဦးပေါ်ဦး လျှောက်ထုံး၌လည်း ဘိုးတော်မင်းတရား မေးခွန်း ကို မြတ်စွာဘုရားသည် မြန်မာလူမျိုး ဟု အမတ်ကြီး ဦးပေါ်ဦးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
          ဆွေမျိုးဉာတိဆိုရာ၌ မွေးချင်းမှစ၍ ဆွေ ၇-ဆက် မျိုး ၇-ဆက်၊ ရပ်ဆွေ ရပ်မျိုး၊ မိမိနေထိုင်ရာ တစ်နိုင်ငံလုံးရှိ လူအများသည် ဆွေမျိုးများဖြစ်သည်၊ စောင့်လေမျိုးနွယ် ဆိုသည့်အတိုင်း လူမျိုးခြား, ဘာသာခြားများ၊ လွှမ်းမိုးမခံရအောင်၊ ၀ါးမျိုမခံရအောင် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် ကာကွယ်စောင့်ရှောက်ခြင်းလုပ် ငန်းသည် ဉာတတ္ထစရိယာ ဘုရားလမ်းစဉ်ပင်ဖြစ်သည်။ မွန်မြတ်သည့် မင်္ဂလာလုပ်ငန်းလည်း ဖြစ်သည်။
          စောင့်လေမျိုးနွယ် ၀တ်တရားပျက်ကွက်ခဲ့ခြင်းကြောင့် ယခင်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းတောင်ပိုင်း - စသောဒေသများ၌ မူရင်း ဗုဒ္ဓဘာသာ ပျောက်ကွယ်ခဲ့ရလေပြီ။
          အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး, အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများသည် အမျိုးချစ်, နိုင်ငံချစ်သူတိုင်း မလွဲမသွေ ဆောင်ရွက်ရမည့် ဉာတတ္ထစရိယာဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းလည်း ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းလည်းဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းကို မလုပ်ဆောင် သူသည် တာဝန်မသိသူ၊ တာဝန်မဲ့သူ၊ တာဝန်ရှောင်သူ ဖြစ်သည်။ ယင်းပုဂ္ဂိုလ်များသည် ဗာလမည်သည်၊ လုပ်သင့်လုပ်ထိုက်သော၊ ကျရောက်လာသောတာဝန်ကို မရှောင်မလွဲ လုပ်ဆောင်သူသည်သာ တာဝန်သိသူ လိမ္မာပါးနပ်သူ ပဏ္ဍိတမည်သည် ဟု (အံ-၁၊ ၈၂၊ ၈၃-တို့၌) မြတ်ဗုဒ္ဓဟောထားသည်။
          (ဗာလ, ပဏ္ဍိတ လမ်းစဉ် ၂-မျိုးတွင် သင်သည်ဘယ်လမ်းစဉ်ရွေးမလဲ)
          ယနေ့အချိန်၌ ဗုဒ္ဓဘာသာဝင်များကို လူ့အခွင့်အရေးချိုးဖောက်သူ၊ အကြမ်းဖက်သူများအဖြစ် အချို့သူများ၊ အချို့ မီဒီယာများက စွပ်စွဲပြောဆိုနေကြသည်။ လုပ်ကြံဖန်တီနေကြသည်။ ဗုဒ္ဓသာသနာခရီး ၂၆၀၂-ခုတိုင်အောင် သမိုင်းတစ်လျှောက်၌ ဗုဒ္ဓဘာသာဝင်များကစတင်၍ အခြားသူများ၊ အခြားဘာသာများကို မတရားလွှမ်းမိုးနှိပ်စက် သည့် အထောက်အထားတစ်စုံတစ်ခုမျှ မရှိခဲ့။ သူများကလွှမ်းမိုးနှိပ်စက်လာသောအခါ စွမ်းနိုင်သလောက် ခုခံခြင်း၊ ကာကွယ်ခြင်း၊ တွန်းလှန်ခြင်းများတော့ အထိုက်အလျောက်မရှိဟုမဆိုနိုင်ပါ။ ဒါဟာလည်း သူ့အခွင့်အရေး သူယူခြင်း လုပ်ဆောင်ခြင်းသာ ဖြစ်ပေမည်။
          အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရမှု၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ အင်ဒိုနီးရှား စသည်တို့ ၌ ဗုဒ္ဓဘာသာဝင်နှင့် ဗုဒ္ဓဘာသာအဆောက်အဦးများ ဖျက်ဆီးခံရမှုစသည်တို့သည် သမိုင်းကြောင်း၊ ရာဇ၀င်ကြောင်း အရ အထင်အရှားပင်သိသာပါသည်။ ဘယ်သူကအကြမ်းဖက်၍ ဘယ်သူကအကြမ်းဖက်ခံရ၊ အနိုင်ကျင့်ခံရသည် များကို လေ့လာသိရှိနိုင်ပါသည်။ စာရေးသူ မတရား မပြောလိုပါ။
          ယနေ့အချိန် ကမ္ဘာအရပ်ရပ် နေရာဌာန အသီးသီးမှာလည်း ဗုဒ္ဓဘာသာဝင်များကစတင်၍ အကြမ်းဖက် လွှမ်းမိုးသည့်လုပ်ရပ် မည်သည့်နေရာမှာမှမရှိပါ။ ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံနေရခြင်း၊ လွှမ်းမိုးခံနေရခြင်းသာ ဖြစ်သည်။
                              လူအချင်းချင်း၊ လှည့်ပတ်ချင်း၊ ကင်းရှင်းကြပါစေ။
                              အထင်သေးချင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
                              ဆင်းရဲလိုချင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
          ဟူသော လမ်းစဉ်သည် ဗုဒ္ဓဘာသာဝင်များ၏ လမ်းစဉ်သာဖြစ်သည်။
          အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး, အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများသည် တိုက်စစ် မဟုတ်၊ ခံစစ်သာဖြစ်သည်။ ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်းသာ ဖြစ်သည်။ သူများခြံစည်းရိုးသွားဖျက်ခြင်း၊ သူများအခွင့်အရေးကို ဖောက်ဖျက်ခြင်းမဟုတ်။
          ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာသွားလျှင် ထင်သလိုစော်ကားနိုင်ခွင့် မရမှာစိုးရိမ်ကြသူ၊ မတရား အနိုင်ကျင့်လွှမ်းမိုးလိုသူတို့က အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး, အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်း များ ပျက်စီးရာပျက်စီးကြောင်း နည်းအမျိုးမျိုးကြံဆောင် လုပ်ကိုင်နေသူများ၏ သွေးထိုးမှုကို ကိုယ့်နိုင်ငံသားများ ကိုယ့်ခေါင်းဆောင်များက သံယောင်လိုက်ပြီး သူခိုးလက် ဓားရိုးကမ်းနေကြသည်ကို သတိပြုနိုင်ကြပါစေ။ သူခိုးလက် ဓားရိုးကမ်းခြင်းသည် သစ္စာဖောက်လုပ်ရပ်၊ အမျိုးဖျက်လုပ်ရပ်သာ ဖြစ်သည်။

                                                 တပေါင်းလဆန်း ၁၁-ရက်၊ ၁၃၇၅၊ (မတ်လ-၁၁၊ ၂၀၁၄)၊ အင်္ဂါနေ့
                                                          အရှင်တိလောကာဘိဝံသ (အင်းစိန်)

ရခိုင်ပြည်နယ်ကို ကိုဆိုဗိုကဲ့သို့ မဖြစ်စေချင်ပါ။ (၀ံသာနု)

ရခိုင်ပြည်နယ်ကို ကိုဆိုဗိုကဲ့သို့ မဖြစ်စေချင်ပါ။..........
..........................................................................
..........................................................................
ဝံသာနု
ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီးနောက် ငြိမ်သက် နေသော ဘင်္ဂါလီလူမျိုးရေးကိစ္စသည် ပြန်လည်အသက်ဝင်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရန်ဟီးလီအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့သွားရောက်ခဲ့ပြီးနောက် ပြောကြားခဲ့သည့် ရိုဟင်ဂျာများကို လူ့အခွင့်အရေးပေးရန်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးရန်ဆိုသည့် စကားများသည် ဘင်္ဂါလီ (သူတို့အခေါ်ရိုဟင်ဂျာ) များအပေါ် အလေးပေးဆက်ဆံမှု ကို ပေါ်လွင်ထင်ရှားစေခဲ့ပြီး ရန်ဟီးလီအပေါ်တွင်လည်း ရခိုင်တိုင်းရင်းသားများ၏ ဝေဖန်ဆန့်ကျင်မှုများဖြစ်ပေါ်ခဲ့ရာ မှ တစ်ကြော့ပြန်လူမျိုးရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွါးလာမည်လားဟု စိုးရိမ်စရာဖြစ်ခဲ့ရသည်။
အမေရိကန်တို့လွှမ်းမိုးမှုရှိသည်ဟုယူဆနိုင်သော ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တကောင်းဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟုခေါ်စေ၍ တိုင်းရင်းသားစာရင်းထည့်သွင်းစေပြီး နိုင်ငံသားဖြစ်ခွင့်ပေး ရေးကို အခုနောက်ပိုင်းတွင် ဖိအားပေးလုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ကုလလူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာကင်တားနား လာရောက်ခဲ့စဉ်ကလည်း ရိုဟင်ဂျာအရေးကို အဓိကတွန်းအားပေးပြောဆိုခဲ့ပြီး မိတ္ထီလာအရေးအခင်းတွင်လည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ကို အရိုင်းအစိုင်း သဏ္ဍာန်များဖြစ်အောင်ပုံဖော်ပြောဆိုခဲ့ခြင်းကြောင့် မြန်မာပြည်သူအများ၏ ဝေဖန်ဆန့်ကျင်မှုကိုခံခဲ့ရဖူးသည်။
ထို့အတူ နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အာဆီယံနှင့် ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ လာရောက်ခဲ့သော ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင်ကပင် ဘင်္ဂါလီလူမျိုးနွယ်စုများအား နိုင်ငံသားအခွင့်အရေးပေးရန် ပြောဆိုခဲ့ခြင်းကြောင့် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘန်ကီမွန်း၏ သဘောထားနှင့် ပြောဆိုချက်များကို ဆန့်ကျင်ကန့်ကွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဘန်ကီမွန်းထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရသည်။ ယခုအခါ ဇန်န၀ါရီလ ၇-ရက်နေ့မှ ၁၆-ရက်နေ့အထိ လာရောက်ခဲ့သည့် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီ၏ ဒုတိယမြောက်ခရီးစဉ်တွင်လည်း ဘင်္ဂါလီ အရေးကိုသာ အလေးထားဆောင်ရွက်နေခြင်းကို ရှုမြင်နေရပါသဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခအပေါ်တွင် ကုလ၏ရပ်တည်ချက်သဘောထားကို သံသယဖြစ်ဖွယ်စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ထိုအကြောင်းအရာများနှင့် စပ်ဆက်ပြီးလွန်ခဲ့သောဆယ်စုနှစ်များက အမေရိကန်တို့၏ လက်ဝဲ၀ါဒီထိန်းချုပ် ရေးစီမံချက်တွင် လူမျိုးရေး၊ ဘာသာရေးကိုခုတုံးလုပ်၍ အသုံးချမှိုင်းတိုက်ခဲ့ခြင်းကြောင့် အမျိုးဘာသာ ပျောက်ခြင်း မလှ ပျောက်ခဲ့ရသည့် ယူဂိုဆလပ်တိုင်းပြည်မှ ကိုဆိုဗိုဒေသနှင့် နှိုင်းယှဉ်တွေးတောမိပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်ခန့်က အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့ဗ်လူမျိုးများနေထိုင်ခဲ့သည့် ယူဂိုဆလပ်ပြည်ထောင်စုအတွင်းက ကိုဆိုဗိုဒေသဟာအခုဆိုရင် မွတ်စလင်လူမျိုး ၉၂% ရှိတဲ့ နိုင်ငံငယ်တစ်ခု အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
၁၄ ရာစုတုန်းက ကိုဆိုဗိုပြည်နယ်မှာ ဆာ့ဗ်လူမျိုး ၉၆.၆ % နဲ့ အယ်လ်ဘေးနီးယားက မွတ်စလင်လူမျိုး ၃% ပဲရှိခဲ့ပြီး ၁၉၉၁ ခုနှစ် အရောက်မှာတော့ အယ်လ်ဘေးနီးယား မွတ်စလင် ၈၁%ကျော်နဲ့ ဆာ့ဗ်လူမျိုး ခရစ်ယာန် ဘာသာဝင် ၉%ကျန်ရှိခဲ့ပါတော့သည်။ ခရစ်ယာန်လူမျိုးများနေထိုင်တဲ့ဒေသကနေ အခုလိုဘာသာခြားနိုင်ငံတစ်ခု အဖြစ်သို့ ဘာကြောင့်ပြောင်းလဲခဲ့ရသလဲ။ ဒေသတွင်းမှာ နေထိုင်တဲ့လူမျိုးနွယ်စုများနဲ့ ဘာသာတရားဟာ ၁၄ ရာစုနဲ့ ယခုကာလနှိုင်းယှဉ်ရင် ဘာကြောင့်ပြောင်းပြန်ဖြစ်ခဲ့ရသလဲ။
မူလက အယူမှန် ခရစ်ယာန်ဘာသာဝင်ဆာ့ဗ်လူမျိုးများ နေထိုင်ရာဖြစ်တဲ့ ကိုဆိုဗိုဒေသကို ခိုးဝင်အခြေချလာခဲ့တဲ့ အိမ်နီးနားချင်းနိုင်ငံ အယ်လ်ဘေးနီးယားများအနေနဲ့ လူအင်အားကြီးမားလာခဲ့ပြီး မူလ နေထိုင်သူ ဆာ့ဗ်လူမျိုးများနဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ယခုရခိုင်ဒေသမှာကဲ့သို့ လူမျိုးရေးပဋိပက္ခများ ဖန်တီးပြီး အယ်လ်ဘေးနီးယား အစိုးရကလည်း နောက်ကွယ်ကပံ့ပိုးပြီးတဲ့နောက် ၀င်ရောက် နေထိုင်သူများဟာ ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့စည်းခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အယ်လ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး ဖွဲ့စည်းခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အယ်လ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး ကြေညာခဲ့ပြီးနောက် အယ်လ်ဘေးနီးယားများဟာ ကိုဆိုဗိုဒေသမှာရှိတဲ့ ဆာ့ဗ်လူမျိုးများ ကို အနိုင်ကျင့်ဗိုလ်ကျမှုများ ပြုလုပ်ခဲ့ပြီး ဘုရားကျောင်းဆောင်တွေဖျက်ဆီးမီးရှို့ကာ ဗလီတွေအစားထိုးတည် ဆောက်ခဲ့တဲ့အထိ ဘာသာရေး၊ လူမျိုးရေးအပါအ၀င် နယ်မြေချဲ့ထွင်မှုကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြပါတယ်။ ထိုအချိန်တုန်းကတော့ ယူဂိုဆလပ်တစ်နိုင်ငံလုံးနဲ့ နှိုင်းယှဉ်မည်ဆိုပါက ဆာ့ဗ်လူမျိုးများက အများစုဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကိုဆိုဗိုဒေသမှာတော့ ဆာ့ဗ်တွေဟာ တစ်ဖြည်းဖြည်းထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှ လူနည်းစု အသွင် ရောက်ရှိခဲ့ပါတယ်။ ယခုမြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီအများအပြားရှိသော ဘူးသီးတောင်၊ မောင်းတောဒေသ လို ဖြစ်ခဲ့ရတာပါ။
အဲဒီအချိန်တုန်းက အမေရိကန်တို့အနေနဲ့ကလည်း ယူဂိုဆလပ်ရဲ့ လက်ဝဲယိမ်းတဲ့ အစိုးရကိုဖြုတ်ချလိုတဲ့ အတွက် ယူဂိုဆလပ်ပြည်ထောင်စုကို လုံးဝပြိုကွဲသွားစေခဲ့တဲ့ အမေရိကန်တို့ရဲ့ မဟာဗျူဟာမှာ ကိုဆိုဗိုအရေး ကလည်း ထိပ်ဆုံးကပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားတို့ရဲ့ အဆိုအငိုကောင်းမှုတွေနဲ့အတူ လက်ဝဲ အစိုးရဖြုတ်ချလိုတဲ့ အမေရိကန်တို့ရဲ့ ပံ့ပိုးမှုတွေကြောင့် နိုင်ငံတကာရဲ့အမြင်မှာ အယ်လ်ဘေးနီးယား လူနည်းစုတွေကို ဆာ့ဗ်လူမျိုးတွေက ဘာသာရေးအကြောင်းပြကာ အကြမ်းဖက်ဝါဒသုံးပြီးအနိုင်ကျင့်နေတယ်လို့ ထင်မြင်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ အယ်လ်ဘေးနီးယားတွေရဲ့ အနိုင်ကျင့်စော်ကားမှုကို ခေါင်းငုံ့မခံတော့ဘဲ ခပ်ကြမ်းကြမ်းပြန်လည်တုံ့ပြန်လာခဲ့တဲ့ မီလိုဆီဗစ်လိုလူတွေကို အမေရိကန်တို့က မီဒီယာနဲ့မီးမောင်းထိုးပြပြီး ဆာ့ဗ်တွေဟာ အရိုင်းအစိုင်းသတ္တ၀ါတွေလို ပုံဖော်ခဲ့ကြတဲ့အတွက် နိုင်ငံတကာကလည်း ဆာ့ဗ်လူမျိုးတွေကို လူဆိုး လူမိုက်များအဖြစ် ရှုမြင်လာခဲ့ကြတယ်။
အဲဒီ ကိုဆိုဗိုစစ်ပွဲမှာ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေကလည်း မွတ်စလင်ညီအစ်ကိုများဆိုတဲ့အမြင်နဲ့ ဘာသာရေးဖိနှိပ်ခံနေရပါတယ်လို့ စွပ်စွဲကာ အယ်လ်ဘေးနီးယားတွေဘက်က ကူညီခဲ့သလို အမေရိကန်ကပါ ဆာ့ဗ်တွေ လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ စွပ်စွဲ၍ အယ်လ်ဘေးနီးယားဘက်က၀င်ရောက်ကူညီ တိုက်ခိုက်ခဲ့ ပါတယ်။
အာရပ်တွေရဲ့ တောင့်တင်းခိုင်မာတဲ့ ငွေကြေးဓနကို အသုံးချပြီး မီဒီယာမှာလည်း လွှမ်းမိုးနိုင်ခဲ့သလို အမေရိကန်အပါအ၀င် အနောက်အုပ်စုကလည်း လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်တွေနဲ့အတူ ဆာ့ဗ်တွေကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အရိုင်းအစိုင်းများသဖွယ် သတင်းလွှင့်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကိုဆိုဗိုစစ်ပွဲကို လူမျိုးရေးပဋိပက္ခလို့ မရှုမြင်တော့ပဲ မွတ်စလင်လူနည်းစုကို ခရစ်ယာန် လူများစုက အနိုင်ကျင့်နှိပ်စက်နေတယ်လို့ ထင်မြင်လာခဲ့ပါတော့တယ်။ အမှန်တကယ်မှာ အယ်လ်ဘေးနီးယား အနွယ်ဝင်တွေကသာ ဆာ့ဗ်တွေကိုနည်းမျိုးစုံနဲ့ ပြဿနာရှာပြီး ပဋိပက္ခတွေဖန်တီးနေတယ်ဆိုတာ ဘယ်သူမှမသိကြ တော့ပါဘူး။ လူအများစုက အယ်လ်ဘေးနီးယားတွေကိုပဲ ကရုဏာသက်ခဲ့ကြပြီး ဆာ့ဗ်တွေကိုပဲ ရှုတ်ချခဲ့ကြပါတယ်။
တကယ်ကတော့ ကိုဆိုဗိုမှာ အယ်လ်ဘေးနီးယားတွေက လူများစုကဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့ဗ်တွေက လူနည်းစုပါ။ အခု သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကိုပုံတူကူးပြီး ရခိုင်တိုင်းရင်းသားများကို အရိုင်းအစိုင်းတွေအဖြစ် မြင်အောင်လုပ်နေကြတယ်လို့ ရှုမြင်လာ စရာရှိပါတယ်။ ၁၉၈၁ ကိုဆိုဗိုမှာ ဆာ့ဗ်နဲ့ အယ်ဘေးနီးယား လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်လ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာ့ဗ်လူမျိုးတစ်သောင်းလောက် ကိုဆိုဗိုကနေပြောင်းပြေးခဲ့ကြရပါတယ်။ ဆာ့ဗ်တွေရဲ့ ရှေးဘာသာ ရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ အယ်လ်ဘေးနီးယားတွေဟာ ဘုရားကျောင်း ၁၅၀ ကျော်ကို မီးရှို့ခဲ့ပြီး ဗလီအသစ် ၂၀၀ ကျော်ဆောက်လုပ်ခဲ့ကြပါတယ်။ မိမိဒေသမှာ နေရင်းထိုင်ရင်းနဲ့ပဲ အယ်လ်ဘေးနီးယား တွေရဲ့ ၀င်ရောက်ကျူးကျော်မှုကိုခံခဲ့ရတဲ့ ကိုဆိုဗိုဒေသခံ ဆာ့ဗ်လူမျိုးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေ အနှစ် ခရစ်ယာန်ဘုရားကျောင်းတွေကို အယ်လ်ဘေးနီးယားတွေက မီးရှို့ဖျက်ဆီနေကြတာကိုကြည့်ရင်း အံကြိတ်ငို ကြွေးရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြတော့ပါဘူး။ နောက်ပိုင်း ပဋိပက္ခတွေဆက်တိုက်ဖြစ်လာတော့ လူနည်းစုဆာ့ဗ် တွေက ကိုဆိုဗိုမှာလည်း မနေရဲကြတော့ပါဘူး။ ဒါ့ကြောင့် ကိုဆိုဗိုဟာ အယ်လ်ဘေးနီးယားအနွယ် လူများစုနေထိုင် တဲ့ အရပ်ဒေသတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ရပါတော့တယ်။ အဆုံးသတ်မှာတော့ ကိုဆိုဗိုဒေသဟာ အမေရိကန်တို့ရဲ့ ယူဂိုဆလပ်ဖြိုခွဲတဲ့ မဟာဗျူဟာအောက်မှာ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိသွားခဲ့ရပြီး အမေရိကန်ကို မလွန်ဆန်နိုင်တဲ့ ကုလသမဂ္ဂကလည်း အသိမှတ်ပြုပေးခဲ့တာကိုခံခဲ့ရပါတော့ တယ်။
ယနေ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ကိုဆိုဗိုဒေသလို ဖြစ်လာမှာလားလို့ ထိတ်လန့်စွာတွေးမိပါတယ်။ အမေရိကန်တို့အနေနဲ့ ကမ္ဘာ့စူပါ ပါဝါအားပြိုင်မှုမှာ တရုတ်ရဲ့ တန်ခိုးထွားလာမှုကို ထိန်းချုပ်လိုတဲ့အတွက် မြန်မာ့ပြည်တွင်းရေး လူ့အခွင့်ရေးခေါင်းစဉ်နဲ့အတူ ၀င်ရောက်လာတာတွေ့ရပါတယ်။ လူမျိုးရေးပဋိပက္ခကို ဘာသာ ရေးထိပ်တိုက်ပွဲတွေအဖြစ် ဖန်တီးပြီး ဗုဒ္ဓဘာသာဝင်တွေကို နိုင်ငံတကာအမြင်မှာ အရိုင်းအစိုင်းတွေအဖြစ် ရှုမြင်လာ အောင် ဖန်တီးနေတာကိုလည်း တွေ့လာရပါတယ်။
အဓိကအချက်ကတော့ ကမ္ဘာ့အနှံ့မှာ အစ္စလာမ်အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းနေတဲ့ အမေရိကန်တို့ဟာ မွတ်စလင်ကမ္ဘာမှာ နာမည်ပျက်ခဲ့သောကြောင့် သူ့သိက္ခာကိုပြန်ဆယ်သည့်အနေဖြင့် မြန်မာ နိုင်ငံက ရိုဟင်ဂျာအရေးကို မျက်စိကျလာတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အမေရိကန်နဲ့ ကုလသမဂ္ဂတို့ဟာ ကြေညာချက်တွေထုတ်ပြီး ဘင်္ဂါလီများကို နိုင်ငံသားအခွင့်ရေး ပေးဖို့ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေနဲ့ ဗုဒ္ဓဘာသာတွေရဲ့ စိတ်ကိုဆွနေတာလားလို့လည်း စဉ်းစားတွေးတော မိပါတယ်။ ရခိုင်လူမျိုးတွေကို အရိုင်းအစိုင်းတွေအသွင် သတင်းလွှင့်ထုတ်နေပြီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုပါ အကြမ်းဖက်ခေါင်းဆောင်တွေအဖြစ် ရေးသားဖော်ပြကာ နိုင်ငံတကာမီဒီယာတွေမှာ လွှင့်ထုတ်နေတာတွေ့နေရ ပါတယ်။
ဒီနည်းနဲ့ပဲ ပဋိပက္ခများကို ဖန်တီးယူပြီး ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများကို နိုင်ငံတကာက အထင်အမြင် သေးစေရန်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လူမျိုးရေးအရှုပ်အထွေးများကို ဘာသာရေးပဋိပက္ခအသွင်ဖြစ် အောင် ရောင်တော်ပြန်လွှင့်ထုတ်လျက်ရှိပြီး အခြေအနေဆိုးရွားလာပါက ကိုဆိုဗိုဒေသကဲ့သို့ပင် မြန်မာ့ပြည်တွင်း ရေးကို ၀င်ရောက်စွက်ဖက်လာနိုင်သလို နောက်ဆုံးတွင် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတိုင်းပြည်အဖြစ် ခွဲထွက်သွား အောင် လုပ်လာနိုင်တာကိုလည်း အားလုံးသတိရှိကြစေချင်ပါတယ်။
ယခုဆိုလျှင် ဘူးသီးတောင်၊ မောင်တောမှာ ပဋိပက္ခဖြစ်ရင် ရခိုင်လူမျိုးလူနည်းစုက ပြောင်းပြေးနေရပါပြီ။ အစိုးရ၀န်ထမ်းများပင် မနေရဲမသွားရဲကြတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ နောက်ပိုင်း ရခိုင် ပြည်နယ်မြောက်ပိုင်းဒေသဟာ ကိုဆိုဗိုလိုဖြစ်လာမှာလားလို့ စိုးရိမ်ထိတ်လန့်မိပါတယ်။ တကယ်တော့ အခုရခိုင် ပြည်နယ်က ပြဿနာဟာ ဘာသာရေးကို အကြောင်းပြပြီး လူမျိုးရေးဝါးမျိုမှုတစ်ခုပြုလုပ်ကာ ဘာသာရေးအရှုပ် အထွေးပဋိပက္ခများအကြားမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတို့ကို အရိုင်းအစိုင်းများသဖွယ် ဖန်တီး၍ မြန်မာပြည် ကိုဖြိုခွဲမယ့် CIA ရဲ့အကြံအစည်လားလို့ တွေးစရာရှိလာပါတယ်။
ယခုဆိုရင် ကုလရဲ့ ကိုယ်စားလှယ်တွေ မြန်မာပြည်ကိုရောက်လာတိုင်း ဘင်္ဂလီ-ရိုဟင်ဂျာပြဿနာကို မီးထိုးပြနေတဲ့ခြေလှမ်းတွေကိုကြည့်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ရှိလှတဲ့ ဖန်တီးမှုတွေကို သတိထားရှုမြင်လာရပါတယ်။ ရန်ဟီးလီလာရောက်စဉ်ကလည်း မီဒီယာတွေကို ရွေးချယ်ဖိတ်ခေါ်ခဲ့ခြင်းက စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ဘင်္ဂါလီဘက်ကို အမြဲရပ်တည်ကာ အလေးပေးဖော်ပြတဲ့ မီဒီယာများအပါအ၀င် ဗုဒ္ဓဘာသာဝင်များကို အရိုင်းအစိုင်း အကြမ်းဖက်သမားများအဖြစ် အမြဲတစေရေးသားလေ့ရှိတဲ့ ဆောင်းပါးရှင်များကိုသာ သီးသန့်တွေ့ဆုံခဲ့ခြင်းက ရန်ဟီးလီနဲ့ ကုလရဲ့ဘင်္ဂါလီအရေးအပေါ်တွင်ထားရှိသော သဘောထားကိုပေါ်လွင်ထင်ရှားစေသလို ပြည်တွင်း ပြည်ပက လောက်ကောင်တွေကိုလည်း ဘင်္ဂါလီ-ရိုဟင်ဂျာလူမျိုးရေးကိစ္စမှာ အသုံးချလာနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ရပါတယ်။
အမေရိကန်နဲ့ ကုလအနေနဲ့ ရခိုင်ပြည်နယ်မှာ လူနည်းစုဘင်္ဂါလီတွေခွဲခြားဆက်ဆံခံနေရတယ်လို့ အမြဲပြော ပေမယ့် တကယ်တမ်းတော့ ဘင်္ဂါလီတွေဟာ လူနည်းစုမဟုတ်တော့သလို ရခိုင်တိုင်းရင်းသားတွေကသာ အမေရိကန်နဲ့ကုလရဲ့ ခွဲခြားဆက်ဆံမှုကိုခံနေရတာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကုလနဲ့အမေရိကန်ဟာ တိုင်းရင်းသားလုံးဝမဟုတ်တဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ အမြဲသုံးနှုန်းပါတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ လုံးဝမရှိဘူးလို့ အစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုထားတာဖြစ်သလို မြန်မာပြည်သူအားလုံးကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝလက်မခံပါဘူး။ အဆုံးအစွန်ပြောရမည်ဆိုလျှင် ဘင်္ဂါလီဖြစ်စေ၊ ရိုဟင်ဂျာ ဖြစ်စေ မြန်မာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေးကို ခံစားချင်ရင်တော့ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတစ်ယောက် စစ်စစ်ဖြစ်မှသာ အဲဒီအခွင့်အရေးကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကုလသမဂ္ဂဟာ ဒါကိုသိတဲ့အတွက် ၁၉၈၂-နိုင်ငံသားဥပဒေကိုတောင် ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးတိုက်တွန်းလာတာတွေ့ရပါတယ်။ အမေရိကန်နဲ့ကုလတို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာအမည်ပေးပြီး နိုင်ငံသားအခွင့်အရေးပေးပါလို့ လက်လွတ်စပယ်ပြောခွင့်မရှိပါဘူး။ ဒါဟာ မြန်မာ့ပြည်တွင်းရေးဖြစ်ပါတယ်။ ရခိုင်နဲ့စစ်တကောင်း ဘင်္ဂါလီတွေအကြားမှာဖြစ်တဲ့ လူမျိုးရေးပဋိပက္ခမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဖြစ်တဲ့ ဘာသာရေးအရှုပ်အထွေးလည်း မဟုတ်ပါဘူး။ အမျိုး ဘာသာ သာသနာပျောက် ကွယ် သွားမယ့်အရေးကို တစ်မျိုးသားလုံးကာကွယ်သွားရမယ့် အမျိုးသားရေးစစ်စစ်သာဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် ဘင်္ဂါလီအရေးတစ်ခုတည်းကိုပဲ အသားပေးပြောဆိုနေတာဟာ ကြိမ်ဖန်များစွာရှိလာကြောင်း မြင်တွေ့လာရပါတယ်။ လူဦးရေရှစ်သိန်းကျော်သော ဘင်္ဂါလီတွေကို နိုင်ငံသားအခွင့်အရေးပေးရန်ဆိုတဲ့ သူတို့ရဲ့တောင်းဆိုချက်ဟာ တရားမျှတမှုရှိပါရဲ့လားဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးသာဖြစ်ပါလိမ့်မယ်။
ယခင် ယူဂိုဆလပ်ပြည်ထောင်စုထဲက ကိုဆိုဗိုလိုအဖြစ်မျိုးကို ယနေ့မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မှာ ပုံတူလာကူးချနေတာလားလို့ သုံးသပ်ရနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာတစ်မျိုးသားလုံးအနေနဲ့ အမျိုးသားရေးအသိ စိတ်နိုးကြားစွာရှိပြီး ရခိုင်ပြည်နယ်ကို ကိုဆိုဗိုကဲ့သို့ အဖြစ်မျိုးမရောက်စေရအောင် အားလုံးဝိုင်းဝန်းတားဆီး ကာကွယ်ကြပါစို့လို့ ဆန္ဒပြုမိပါကြောင်း။

Tuesday, March 17, 2015

၉၆၉-ကိုခွာကြည့်ခြင်း ( ဒေါက်တာအရှင်သောပါက-ဇေတ၀န်ကျောင်းတိုက်)

၉၆၉-ကိုခွာကြည့်ခြင်း
ဒေါက်တာအရှင်သောပါက

၉၆၉-ဆိုတာ ရတနာသုံးပါးရဲ့ဂုဏ်တော်များကို ရည်ညွှန်းထားတယ်ဆိုတာ အားလုံးသိပြီးသားဘဲ ဖြစ်ပါတယ်။ ၉၆၉-တရား ၉၆၉-ဟောပြောမှုတွေဟာလဲ ရတနာသုံးပါးကို ကြည်ညိုလေးစား တန်ဖိုးထားဖို့အတွက် ဟော ပြောပေးနေတာတွေသာ ဖြစ်ပါတယ်။ ၉၆၉-ဟောပြောမှုကြောင့် ဗုဒ္ဓဘာသာဝင်များ လူကြီးလူငယ်အားလုံးတို့ ဟာ ဗုဒ္ဓဘာသာရေး အသိနှိုးကြွလာခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အချင်းချင်း ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင် ရွက်နိုင်ခဲ့ကြတယ်။ အခြားဘာသာဝင်တွေရဲ့ စော်ကားမှု, အနိုင်ကျင့်မှုတွေကို တရားသောနည်းလမ်းဖြင့် ကာ ကွယ်စောင့်ရှောက်နိုင်ခဲ့ကြတယ်။ ဒါဟာ ၉၆၉-ရဲ့အနှစ်သာပါပဲ။
ယခုဆိုရင် တရားပွဲများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပတဲ့အချိန်ရောက်လာပြီမို့ မျိုးဆက်သစ်လူငယ်များက ဦးဆောင်၍ တရားပွဲများ ကြီးကျယ်ခမ်းနားစွာ နေရာတိုင်းမှာ ကျင်းပနေကြပါတယ်။ ဒါကလည်း အထူးလုပ်သင့်လုပ်ထိုက်တဲ့ ဘာသာရေးလုပ်ငန်းပင် ဖြစ်ပါတယ်။ `ဗုဒ္ဓအကြောင်းကောင်းစွာသိမှ ဗုဒ္ဓကိုလည်းကြည်ညိုမည်´ ဆိုတဲ့အတိုင်း ပဲပေါ့၊ ဘာသာရေးအသိ ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကို ကောင်းစွာသိနိုင်မှ ဗုဒ္ဓနှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေး ဇူးတော်တွေကို ကောင်းစွာသိရှိနိုင်ကြ ကြည်ညိုနိုင်ကြမှာပင် ဖြစ်ပါတယ်။
ထိုကဲ့သို့ ဘာသာရေးအသိစိတ် ဘာသာချစ်မြတ်နိုးစိတ်နဲ့ တရားပွဲများ ကျင်းပပြုလုပ်ကြတဲ့အခါမှာ တရားပွဲစင် မြင့်, တရားပွဲဗွီနိုင်းကြော်ငြာ, ဖိတ်စာစသည်များ ပြုလုပ်ကြတဲ့အခါ ၉၆၉-အမှတ်တံဆိပ်(လိုဂို)တွေထည့်ပြီး ပြု လုပ်လေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာအိမ်တွေ ဆိုင်တွေ အလုပ်ရုံတွေမှာ ထိုအမှတ်တံဆိပ်ကို ကပ်လေ့ရှိကြတာ ကိုလည်း တွေ့နိုင်ကြပါတယ်။ ကောင်းမြတ်တဲ့လုပ်ငန်းတွေပါပဲ၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လဲဖြစ်ပါတယ်။
အခုကြားနေရတာက အချို့မြို့နယ် အချို့ရပ်ကွက်တွေမှာ ဘာသာရေးပွဲတွေ, တရားပွဲတွေမှာ ၉၆၉-အမှတ်တံ ဆိပ် မကပ်ရဘူးလို့ အချို့သော အုပ်ချုပ်သူများကပြောတယ်၊ ဘာသာရေးနှိုးဆော်သံ သီချင်းများကိုလဲ မဖွင့်ရ ဘူးလို့ ပြောတဲ့နေရာတွေလဲရှိကြတယ်။ အချို့သော အဖွဲ့အစည်းတွေကလဲ ၉၆၉-ကိုမသုံးဖို့ ပြောဆိုကြတယ်။ အဲဒီလိုနဲ့ အချင်းချင်းမညီညွတ်တာတွေ ဖြစ်လာကြပါတယ်။ ပြောချင်တာက ၉၆၉-ကို ဘယ်သူမှ တားဆီးပိတ် ပင်နိုင်ခွင့် မရှိဘူးဆိုတာပါပဲ။ ဗုဒ္ဓဘာသာဝင်များကဖြစ်စေ အခြားဘာသာဝင်များကဖြစ်စေ ၉၆၉-ကို ဘယ်နည်း နဲ့မှ ဟန့်တားနှောက်ယှက်လို့ မရပါဘူး။ ၉၆၉-ရည်ညွန်းချက်သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် ဘာသာ ရေးဟောပြောမှုဖြစ်သောကြောင့် ၉၆၉-ကိုခွာခိုင်းခြင်းဟာ ရတနာသုံးပါးကို စော်ကားလိုက်ခြင်းသာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်စစ်စစ် အမှန်သာဖြစ်ခဲ့ပါလျှင် ၉၆၉-ကို မည်သည့်နည်းနှင့်မျှ မစော်ကားသင့်ဘူးဆိုတာ သိစေချင် ပါတယ်။ ၉၆၉-အမှတ်တံဆိပ်တော်ကို စော်ကားမှုကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ၉၆၉ ဘာသာရေးလှုပ်ရှားမှု ဆောင်ရွက်သူများကလည်း အလွဲလွဲအချော်ချော် မဖြစ်အောင် သတိထားဆောင်ရွက်ကြ ဖို့လိုပါတယ်။
အချို့ဘာသာခြားတွေက ၉၆၉-ကို အတိအလင်းစော်ကားလာတာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာရဲ့အမှတ်တံ ဆိပ် ၉၆၉-ကို ``ခွေးခြောက်ခွေး´´လို့သုံးပြီး စာရွက်တွေ၊ စီဒီခွေတွေ၊ အင်တာနက် Facebookတွေမှာ ရေး သားဖြန့်ဝေပြီး စော်ကားတာတွေ တွေ့နေရပါတယ်။ လှုပ်ရှားသူကို လက်ပူးလက်ကြပ်မိတဲ့အခါ ကျူးလွန်သူကို အရေးယူနိုင်ခဲ့တာတွေ လုပ်နိုင်ခဲ့တာလည်း သိခဲ့ရပြန်ပါတယ်။ ကြိုဆိုပါတယ်။ ဒါမျိုးတွေကို ချက်ချင်း အရေးယူဆောင်ရွက်သင့်တယ်၊ ဒါဟာ သာသနာတော်ကို စော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။ တစ်ချို့နေရာ တွေမှာတော့ အာဏာပိုင်ဆိုင်ရာပုဂ္ဂိုလ်များ ဥပဒေဆိုင်ရာရှေ့နေနှင့်တရားသူကြီးများဟာ ထိထိရောက်ရောက် အရေးမယူပဲ ကိုယ့်အကျိုးစီးပွားတစ်ခုကိုကြည့်ပြီး ဥပဒေလက်တစ်လုံးခြားဖြင့် အချိန်ဆွဲထားတာတွေ ရှိနေ သေးတာကိုလဲ ကြားသိရပြန်ပါတယ်၊ ဒါမျိုးလုပ်တာတွေဟာ အမျိုးသားရေး သို့မဟုတ် အမျိုးဘာသာ သာ သနာအပေါ် သစ္စာဖောက်လိုက်ခြင်းပဲ ဖြစ်တယ်၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို တာဝန်ကျေပွန်စွာ မဆောင် ရွက်နိုင်လျှင် သမိုင်းပေးတာဝန်ကျေသူမဟုတ်တော့ဘဲ သမိုင်းကြွေးတွေ တင်ကျန်ရစ်လိမ့်မယ်၊ အဲဒီအတွက် ပြန်ပေးဆပ်ရပါလိမ့်မယ်။
စိတ်မကောင်းစရာကောင်းတဲ့သတင်းတစ်ခု ကြားခဲ့ရပြန်ပါတယ်။ အဲဒါက နာမည်ကြီးသတင်းရုပ်သံတစ်ခုမှ တရားတွေလွှင့်ပေးနေတဲ့ ချန်နယ်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးတွင်ပါဝင်သော ဆရာတော် များ ဟောကြားတဲ့တရားခွေတွေပို့လာရင် မလွှင့်ပေးဖို့ အချို့ပုဂ္ဂိုလ်များက ပြောထားတဲ့အကြောင်း၊ တာဝန်ရှိသူများကလည်း ထိုပုဂ္ဂိုလ်ပြောတဲ့အတိုင်း ဆောင်ရွက်နေကြောင်း သတင်းတွေထွက်နေပါတယ်။ ပြုလုပ်သောသူရော၊ ဆောင်ရွက်နေသူများပါ ဓမ္မန္တရာယ်ထိုက်တယ်ဆိုတာ သိစေချင်ပါတယ်။ ဓမ္မကိုစော်ကားရင် ဘုန်းကြီးဖြစ်စေ၊ လူဖြစ်စေ ထိုက်တန်တဲ့ပြစ်ဒဏ်ခံရပါလိမ့်မယ်။
ထိုဆရာတော်များရဲ့ဟောပြောချက်တွေဟာ ဘုရားဟောနဲ့ဆန့်ကျင်နေရင်တော့ ဒါကိုအချိန်မရွေး တွန်းလှန်ရပါ မယ်။ ပိတ်ပင်ရပါမယ်။ အကြောင်းအရာကို သေချာမသိပဲနဲ့ တရားတော်တွေ ထုတ်လွှင့်မှုကို ပိတ်ပင်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။ သတိထားဖို့လိုပါတယ်။ လိုအပ်လာရင် ထိုရုပ်သံနှင့်တကွ စေခိုင်းသူတွေကိုပါ အမည်ဖော်ထုတ်ဆောင်ရွက်ရပါလိမ့်မယ်။
အယ်ဒီတာ သို့မဟုတ် တာဝန်ရှိသူတစ်ယောက်အနေနဲ့ မထုတ်လွှင့်ချင်လို့ မူဝါဒနဲ့ မကိုက်ညီလို့ မထုတ် လွှင့်တာကို လက်ခံနိုင်ပါတယ်။ မဘသ သို့မဟုတ် ၉၆၉ ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်စုံတစ်ယောက် ကပြောတဲ့အတိုင်း ဆောင်ရွက်မှုကိုတော့ လက်မခံနိုင်ပါဘူး။
၉၆၉ ကို အဖွဲ့အစည်းတစ်ခုလိုပြောဆိုနေကြသော်လည်း ၉၆၉ ဟာ အဖွဲ့အစည်းမဟုတ်ပါဘူး၊ ကုမ္ပ ဏ်ီတစ်ခုလည်း မဟုတ်ပါဘူး၊ ဘာသာရေးအသင်းအဖွဲ့သီးသန့်လည်း မဟုတ်ပါဘူး။ အဖွဲ့တစ်ခုကဲ့သို့ ပြောချင်တယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ ၉၆၉ အဖွဲ့ဝင်တွေချည်းပဲလို့ ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာမှန်ရင် ရတနာသုံးပါးဂုဏ်တော်များကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူများဖြစ်တဲ့အတွက် ၉၆၉ အဖွဲ့ဝင်တွေပါ၊ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးဆိုရင်တော့ ရတနာသုံးပါးကို ယုံကြည်သူမဟုတ်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။
ဘာသာရေးအဖွဲ့တွေ ပရဟိတစိတ် အပြည့်အ၀ရှိကြတဲ့သူများက အခုလိုပို၍ ၀ိုင်းဝန်းကူညီလုပ်ကိုင်ဆောင် ရွက်နေကြတော့ ထိုသူများကိုပဲ ၉၆၉ လှုပ်ရှားသူများအဖြစ် မြင်နေကြခြင်းဖြစ်တာပါ။ ကုမ္ပဏီလုပ်ငန်းများ အခြားစီးပွားရေး ပညာရေး ကျန်းမာရေးလုပ်ငန်းများ အသင်းအဖွဲ့များစသည့်လုပ်ငန်းများတွင် သက်ဆိုင် ရာလုပ်ငန်းနှင့်လိုက်ဖက်သည့် ရင်ထိုးအမှတ်တံဆိပ် အလံစသည်များ ထည့်သွင်းလေ့ရှိပါတယ်၊ နိုင်ငံရေး ပါတီတွေမှာလည်း သူ့ပါတီနှင့်သူ (လိုဂို) အမှတ်တံဆိပ်များ မှတ်ပုံတင်ထားလေ့ရှိတယ်ဆိုတာ သိမြင် နိုင်ပါတယ်။
အလားတူ ဘာသာရေးအသင်းအဖွဲ့များတွင်လည်း ရတနာသုံးပါးဂုဏ်တော်ပါ ၉၆၉ အမှတ်တံဆိပ်ကို အသုံး ပြုခြင်း ဖြစ်ပါတယ်။ ထိုရတနာသုံးပါးအမှတ်တံဆိပ် (၉၆၉) အင်္ကျီ ရင်ထိုး အလံ ကပ်ပြားများကို လူငယ် အများစုတို့ သုံးစွဲပြီး တက်ကြွစွာပါဝင်ဆောင်ရွက်နေကြတာကို နေရာတိုင်းမှာတွေ့ရပါတယ်၊ ဘာသာရေး အသိစိတ်ကို နှိုးကြွစေတဲ့အပြုအမူဆောင်ရွက်မှုဖြစ်လို့ အလွန်ပင်ကောင်းလှပါတယ်၊ သို့သော် သူ့နေရာနှင့်သူ အသုံးပြုတတ်ဖို့လိုပါတယ်၊ တာဝန်ရှိသူတွေကလဲ ၉၆၉ အမှတ်တံဆိပ်အသုံးပြုနည်း ညွှန်ကြားပေးထားတာ ရှိတဲ့အတွက် လိုက်နာကြဖို့လိုပါတယ်။
တစ်ချို့လူငယ်များကိုကြည့်ရင် အင်္ကျီမှာလည်း ၉၆၉၊ ရင်ဘက်ရင်ထိုးမှာလည်း ၉၆၉၊ အ၀တ်အစား အရောင်ကလည်း ဆင်တူဆိုတော့ ကြည့်ရတာ ကျက်သရေရှိမှုနှင့်အတူ တက်ကြွစိတ်တွေ ဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။ သို့သော်လည်း ၉၆၉ အမှတ်တံဆိပ်ကို အသုံးပြုပြီး မူးယစ်သောက်စား ပျော်ပါးခြင်း လောင်းကစားပြုလုပ်ခြင်း အပျော်အပါးလိုက်စားခြင်းများ ပြုလုပ်နေမယ်ဆိုရင်တော့ လူအထင်သေးစရာ ဘာသာခြားတွေ အပြစ်ပြောစရာများ ဖြစ်လာနိုင်သလို ပြုလုပ်သူကိုယ်တိုင်ကလည်း ရတနာသုံးပါးကို စော်ကားရာရောက်ပါတယ်။ အဲဒီလိုလုပ်ရပ်မျိုးတွေမဖြစ်အောင် သတိထားကြပါ၊ ရှိလာခဲ့ရင်လည်း သက် ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများက အရေးယူဆောင်ရွက်သင့်တယ်၊ အပြစ်သင့်ရင် ထုတ်ပယ်ရပါမယ်၊ ဒါဟာ အားလုံးကောင်းဖို့ပါ၊ ဘာသာရေးအသင်းအဖွဲ့တွေမှာလည်း အများမလေးစား မယုံကြည်ထိုက်သူ ကိုယ်ကျင့်တရားပျက်စီးသူများကို ဦးဆောင်ခေါင်းဆောင်အဖြစ် မတင်မြှောက်မိအောင်လည်း သတိပြုရွေးချယ် သင့်လှပါတယ်၊ ယခင်က လုပ်ခဲ့ရင်တောင် ယခုဘာသာရေးလုပ်ပြီဆိုရင်တော့ ပြုပြင်ဖို့လိုအပ်ပါတယ်။
၉၆၉ ဟာလက်နက်ကိုင်အဖွဲ့မဟုတ်သလို လက်နက်ကိုင်လမ်းစဉ်ကို အားပေးသူများလည်းမဟုတ်ကြပါ၊ သို့ ပေမယ့် ၉၆၉ကို အကြမ်းဖက်သမား အသွင်ရောက်အောင် ဖန်တီးလှုံ့ဆော်မှုများကိုတော့ တိုက်ဖျက်ရလိမ့်မယ်၊ ၉၆၉ကို ဖျက်ဆီးဖို့အမိန့်ပေးတာမျိုးကိုဖြစ်စေ၊ ၉၆၉ အမှတ်တံဆိပ်ကိုခွာခိုင်းမျိုးဖြစ်စေ လက်မခံပဲ တွန်းလှန်ရပါလိမ့်မယ်၊ တွန်းလှန်တိုက်ဖျက်ရမယ်ဆိုတာ လက်နက်ကိုင်အကြမ်းဖက်နည်းကို ပြောတာ မဟုတ်ဘူး၊ ဘာသာရေးဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်နည်းလဲမဟုတ်ဘူး၊ မြတ်ဗုဒ္ဓ၏ ဓမ္မ၀ိနယနှင့်အညီ  တုံ့ပြန်ခြင်း အသိပေးနှိုးဆော်ခြင်းများကို ပြုရမှာဖြစ်ပါတယ်။ ညီညီညွှတ်ညွှတ်ဖြင့် ငြိမ်းချမ်းသောနည်းကိုသာ အသုံးပြုသင့်ပါတယ်။
၉၆၉ အမှတ်တံဆိပ် အသုံးပြုသူများအနေနဲ့ မရိုမသေ မလေးမစား မလုပ်မိအောင် အထူးသတိထားကြဖို့ တိုက်တွန်းအပ်ပါတယ်၊ မိမိကြောင့် မိမိအဖွဲ့အစည်း နာမည်ပျက် ဂုဏ်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်မျိုးတွေ၊ မိမိကြောင့် မိမိဘာသာ ထိခိုက်နစ်နာမယ့် လုပ်ရပ်မျိုးတွေ မပြုလုပ်မိအောင် သတိရှိစေချင်ပါတယ်။ ကိုးကွယ် နေတဲ့ ရတနာသုံးပါးကို ကိုယ်ကိုယ်တိုင် စော်ကားရာ ရောက်မှာမျိုးကို ရှောင်ကြဉ်သင့်တယ်။
လက်ရှိအနေအထားအရ ၉၆၉ကို ဗုဒ္ဓဘာသာဝင်များ စိတ်ပါဝင်စားမှု အားကောင်းနေချိန်ဖြစ်တယ်၊ ဈေးရောင်း ဈေးဝယ် ပြုလုပ်ရင်လည်း ဘာသာတူတဲ့ ၉၆၉ ဆိုင်မှာ ရောင်းဝယ်ကြတယ်။ ကားစီးတော့လည်း ၉၆၉တံဆိပ်ကပ်ကားကိုသာ ငှားစီးကြတယ်၊ အိမ်ခြံရောင်းဝယ်ရင်လည်း ဘာသာတူသူထံမှာသာ ဆောင်ရွက် နေကြတယ်၊ အိမ်ထောင်ပြုရင်တောင် အိမ်တွင်းဘာသာရေးပဋိပက္ခမျိုးတွေမဖြစ်ရအောင် ဘာသာတူသူနဲ့သာ အိမ်ထောင်ပြု ပေါင်းဖက်ကြဖို့ ဆောင်ရွက်နေကြပါတယ်။
ထိုအခြေအနေကိုသတိပြုမိကြသော ဘာသာခြားတို့က သူတို့ဆိုင်တွေမှာ အရောင်းအ၀ယ်မဖြစ်ကြတဲ့အခါမှာ အပြစ်ရှာ လုပ်ကြံဖန်တီးတာမျိုးတွေ ရှိနေတာကို ကြားသိနေရတယ်၊ မိမိတို့ရဲ့၉၆၉ကိုမလိုလားဘဲ ပျက်စီး စေလိုစိတ်နဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးတာတွေကိုလဲ အထူးသတိထားရပါလိမ့်မယ်၊ အချိန်မီတားဆီး နိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာမဟုတ်တဲ့ ၉၆၉ အမှတ်တံဆိပ်ကပ်ပြီး ဈေးရောင်းနေတယ်၊ ကားတွေမှာ ၉၆၉ကပ်ပြီး အငှားလိုက် နေတယ်၊ ဒါတွေဟာ စီးပွားရေးအတွက် ဗုဒ္ဓဘာသာအယောင်ဆောင်ပြီး ပုံမှားရိုက်နေကြခြင်းဖြစ်တယ်၊ ထို လုပ်ရပ်မျိုးတွေရှိပါက အချိန်မီ ဆိုင်ရာဆိုင်ရာကို အကြောင်းကြားပြီး တားဆီးမှုတွေလုပ်ဖို့လိုပါတယ်၊ ကောင်း တဲ့ဘက်က ပုံမှားရိုက်တတ်သလို မကောင်းတဲ့ဘက်မှာလည်း နာမည်ပျက်အောင်လုပ်တာတွေ တွေ့ရပြန်ပါ တယ်၊ ၉၆၉ အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ပြီး နိုင်ငံတော်ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ လုပ်နေတတ်တယ်၊ မတော်မဟုတ်တာလုပ်ပြီး ၉၆၉အမှတ်တံဆိပ်၊ ကပ်ပြား ရင်ထိုး အင်္ကျီစတာတွေကို သဲလွန်စအဖြစ်နဲ့ ချန်ထား ခဲ့တာမျိုးတွေလဲ လုပ်တတ်ကြပြန်တယ်၊ ဒါမျိုးတွေ တွေ့လာရင်လည်း ထိရောက်စွာ အရေးယူနိုင်အောင် အ ဖြစ်မှန်ပေါ်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြရပါမယ်၊ ကိုယ့်ဘာသာဝင်များထဲက ပြုလုပ်လာရင်လည်း အရေး ယူသင့်တယ်။
၉၆၉ ဟာရတနာသုံးပါးဖြစ်ခြင်းကြောင့် ၉၆၉ကိုစော်ကားရင် ရတနာသုံးပါးကို စော်ကားတာပဲဖြစ်တယ်၊ ၉၆၉ကိုအပြစ်ပြောရင် ရတနာသုံးပါးကို အပြစ်ပြောမိရာရောက်တာမို့ ၉၆၉ နဲ့ပတ်သက်လာရင် ဗုဒ္ဓဘာသာ ၀င်များအနေဖြင့် ရတနာသုံးပါးရဲ့သင်္ကေတ ဗုဒ္ဓဘာသာရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ၉၆၉ကို တလေးတစား တန်ဖိုး ထားကြပါလို့ တိုက်တွန်းအပ်ပါတယ်။
တကယ်တော့ ၉၆၉ဟာ သူများကိုစော်ကားနေတာမဟုတ်ဘူး၊ သူများဘာသာကို ထိခိုက်နစ်နာအောင် လုပ်နေတာ မဟုတ်ဘူး၊ အခြား…သူတွေကသာ ၉၆၉ ကိုလာစော်ကားနေခြင်းဖြစ်တယ်၊ ၉၆၉နဲ့ ပတ်သက် လာရင် ၉၆၉ကို အပြစ်မတင်ဘဲ ၉၆၉ကို နည်းမှန် လမ်းမှန် မသုံးစွဲသူများကိုသာ အပြစ်တင်သင့်တယ်၊ အပြစ်ပေးအရေးယူသင့်တယ်၊ ၉၆၉ ဟောပြောမှုများတွင် ဗုဒ္ဓဘာသာဝင်များ ဘာသာရေးခေါင်းဆောင် များကလဲ ဗုဒ္ဓလမ်းစဉ်အတိုင်း မှန်မှန်ကန်ကန်သုံးသပ်ဟောပြောပေးကြပါ။ မမှန်မကန် ဟောပြောမှုများကိုလဲ တားဆီးပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။
          ၉၆၉ နဲ့ပတ်သက်လို့ သိစေချင်တာက ၉၆၉ ကို တားဆီးဖို့ ခွါခိုင်းဖို့ မကြိုးစားကြပါနဲ့ -
          ၉၆၉ ဟာ ရတနာသုံးပါး၊
          ၉၆၉ ရဲ့သင်္ကေတဟာ ငြိမ်းချမ်းရေး
          ၉၆၉ ရဲ့ လျှောက်သောလမ်းက ညီညွှတ်ရေး၊
          ၉၆၉ လှုပ်ရှားမှုက ပဋိပက္ခမျိုးစုံ မဖြစ်ပွားရေး၊
          ၉၆၉ လမ်းစဉ်က အစွန်းမရောက်၊
          ၉၆၉ ပန်းတိုင်က နိဗ္ဗာန်။
                   ထို့ကြောင့် ၉၆၉ ဟာ အလွန်မွန်မြတ်တဲ့ အမှတ်တံဆိပ်နဲ့ အသုံးအနှုံးဖြစ်တဲ့အတွက် အနှစ်သာရအားဖြင့်လည်း ပြည့်ဝသလို အသွင်သန္တာန်အားဖြင့်လည်း ကျက်သရေရှိကြောင်းတင်ပြအပ်ပါတယ်။
                   အကယ်၍များ ၉၆၉ကို ခွါကြည့်လိုက်မယ်ဆိုရင်တော့ …ဘာမှရှိတော့မှာ မဟုတ်ပါဘူး … ။
ဒေါက်တာ အရှင်သောပါက (ဇေတ၀န်)