Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 7, 2016

မြ၀တီနေ့စဉ် သတင်းစာ၏ မဘသ-၃နှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး သတင်းဖော်ပြချက် အပြည့်အစုံ (ဇွန်လ ၅-ရက်)

 
 
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
 သုံးနှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီး
ရန်ကုန် ဇွန်၅
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ယနေ့နံနက် ၈-နာရီတွင်ကျင်းပသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သုံးနှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီးသည် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ဒုတိယနေ့အဖြစ်ကျင်းပသည့် ယနေ့ညီလာခံကြီးသို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥက္ကဋ္ဌဆရာတော်အမှူးပြုသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်အရှင်သူမြတ်များ၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် လာအို၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် နိပေါနိုင်ငံမှ သံဃာ့ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ထေရ၀ါဒတက္ကသိုလ်မှ သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်များအပါအ၀င် အင်အား ၅၇၀၀ခန့် တက်ရောက်ကြသည်။
 ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်ရွာမပရိယတ္တိ ပဓာနနာယက ဘဒ္ဒန္တတိလောကာဘိဝံသက တက်ရောက်ကြည်ညိုကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့အား သြ၀ါဒစကားမိန့်ကြားသည်။ ထို့နောက် လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်းနှင့် နီပေါနိုင်ငံတို့မှ ဗုဒ္ဓဘာသာ သံဃာ့ကိုယ်စားလှယ်အသီးသီးက အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး၏ ညီလာခံအား ကြိုဆိုထောက်ခံကြောင်း လျှောက်ထားကြသည်။
ဆက်လက်၍ ကမ္ဘာ့ထေရ၀ါဒ ရဟန်းတော်များအဖွဲ့မှပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားတင်သွင်းသည်။ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြခြင်း၊ သုံးနှစ်ပြည့်ညီလာခံကြီး၏ ကြေညာစာတမ်းအားဖတ်ကြားခြင်းနှင့် ညီလာခံမော်ကွန်းမှတ်တမ်းလွှာအား ဖတ်ကြားတင်သွင်းခြင်းတို့ ဆောင်ရွက်သည်။ ထို့နောက် နိုင်ငံငါးနိုင်ငံမှ ဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)အတွင်းရေးမှူး ဆရာတော်က နိဂုံးချုပ်စကားမိန့်ကြားကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့အတူ ယမန်နေ့ကကျင်းပခဲ့သည့် ပထမနေ့ညီလာခံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်အပါး တစ်ထောင်ကျော်နှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့များ တက်ရောက်ကြောင်း သတင်းရရှိသည်။
Arkar
Arkar

No comments:

Post a Comment