Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, March 29, 2015

တစ်လုတ်စားဖူး သူ့ကျေးဇူး (အရှင်တိလောကာဘိဝံသ)


တစ်လုတ်စားဖူး သူ့ကျေးဇူး
အရှင်တိလောကာဘိဝံသ

တာဝန်သိသူမှာ တာဝန်ရှိသည် ဆိုသည့်အတိုင်း လူရယ်လို့ဖြစ်လာလျှင် တာဝန်ကိုယ်စီရှိကြပါသည်။ ရှိသည့်တာဝန်ကို သိဖို့လည်းလိုအပ်သည်။ အဆိုပါတာဝန်မသိသူများကိုရည်ရွယ်၍ မရှိတာထက်မသိတာ ခက်ဟု လောကဆိုရိုးပြုခဲ့ကြသည်။
လူ့အလွှာအသီးသီးတွင် အားကိုးအားထားပြုသူ၊ အားကိုးအားထားပြုထိုက်သူ ဟူသော ၂-မျိုး ၂-စားတွင် ၂-မျိုးလုံး သူ့တာဝန်နှင့်သူ တာဝန်ကိုယ်စီရှိပါလျက် တာဝန်ရှိသူများ တာဝန်မဲ့လျှင်၊ တာဝန်ပျက်ကွက်လျှင် သက်ဆိုင်ရာလူ့အသိုက်အ၀န်း သည် ပျက်ဆီးဆုံး ရှုံးရသည်။ မြတ်ဗုဒ္ဓလက်ထက်ကလည်း တာဝန်ရှိသူများ တာဝန်မဲ့ မှုကြောင့် ဝေသာလီပြည်၌ ရာသီဥတု ဖောက်ပြန်ပျက်စီးနေသည်။ ထိုအခါတိုင်းသူပြည်သားများ အစာရေစာရှားပါးပြတ်လပ်ပြီး ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ရောဂါ ထူပြောခြင်းဘေးများဖြစ် လာပြီး သေကြေပျက်စီးကြသည်။ လူသေအလောင်းများကိုပင် စနစ်တကျ ရှင်းလင်းမှုမပြုနိုင်ဘဲ သရဲ၊ သဘက်၊ ဘီလူးဘေးများ ကြုံတွေ့ရပြန်သဖြင့် တစ်ပူပေါ် နှစ်ပူဆင့်ပြီး ပိုမိုသေကြေပျက်စီးကြပြန်သည်။
ထိုကပ်ဘေးဆိုးကြီးများ ပျောက်ကင်းစေရန် မြတ်စွာဘုရားကို သွားရောက်ပင့်ဖိတ်ကြသည်။ မြတ်ဗုဒ္ဓကိုယ်တိုင်ကြွ ရောက်ပြီး ရတနာသုတ်ပရိတ်တော်ကို ဟောကြားချီးမြှင့်ခြင်း၊ အရှင်အာနန္ဒာအား ထပ်ဆင့် ရွတ်ဖတ်စေခြင်းဖြင့် ထိုကပ်ဘေး ဆိုးကြီးများ ငြိမ်းသွားခဲ့ရသည်။ ထိုရတနာသုတ်၌
တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိယေ ဗလိံ ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
အိုနတ်များတို့……. လောကသားလူအများသည် အသင်နတ်များကို နေ့ရောညပါ ပူဇော်အားကိုးနေကြပါသည်။ အသင်နတ်များသည် လောကသားလူအများကို-
၁။ မေတ္တာထားကြပါကုန်လော့၊
၂။ စောင့်ရှောက်ကြပါကုန်လော့၊
ဤ၌ နတ်ဆိုသည်မှာ အားကိုးအားထားထိုက်သူများဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် လောကတွင် အားကိုးအားထား ပြုထိုက်သည့် ပုဂ္ဂိုလ်များကိုလည်း ပါဠိဝေါဟာရဖြင့် နာထ၊ ပါဠိသက်ဝေါဟာရဖြင့် နာထ် = နတ်ဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ်သုံးစွဲလေ့ရှိသည်ဟုလည်း ဆိုကြသည်။ ထိုနတ်များမှာ-
၁။ ဥပပတ္တိနတ် ( ဘုမ္မစိုး, ရုက္ခစိုး, အာကာသစိုး, နတ်ဗြဟ္မာများ )
၂။ သမ္မုတိနတ် ( နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရမင်းများနှင့် အားထားကိုးစားထိုက်သည့် ခေါင်းဆောင်များ )
၃။ ၀ိသုဒ္ဓိနတ် ( စင်ကြယ်မြင့်မြတ်သော ဘုရား, ရဟန္တာ, ရဟန်းသံဃာတော်များ ) ဟု ၃-မျိုးရှိသည်။ မြန်မာ နိုင်ငံ၌များသောအားဖြင့် နတ်ဗြဟ္မာများကိုသာ နတ်ဟုထင်နေကြသည်။ အမှန်မှာ အားထားကိုးစားထိုက်သူမှန်သမျှ နတ်ပင် ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံ၌ အားကိုးအားထားခံရသူ-
၁။ သမ္မုတိနတ်ခေါ် အစိုးရမင်းများ၊ အားထားကိုးစားထိုက်သည့် ခေါင်းဆောင်များနှင့်
၂။ ၀ိသုဒ္ဓိနတ်ခေါ် စင်ကြယ်မြင့်မြတ်သော ရဟန်းသံဃာတော်များသည် အဆိုပါရတနာသုတ်လာ နမူနာကောင်းကို ယူဖို့ လိုအပ်နေပေပြီ။ ယနေ့မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီးသည် အဖက်ဖက်က ယိုယွင်းနေပါသည်။ ထိုယိုယွင်းနေသော မြန် မာ့လူ့ဘောင်အဖွဲ့အစည်းကြီးကို အဆိုပါ သမ္မုတိနတ်၊ ၀ိသုဒ္ဓိနတ်ဖြစ်ကြသော တာဝန်ရှိသူခေါင်းဆောင်ပုဂ္ဂိုလ်များက မေတ္တာ ထားစောင့်ရှောက်ပေးကြဖို့ လိုနေပေပြီ။
တိုင်းသူပြည်သားအကျိုးကို လိုလိုလားလား ကိုယ်ဖိရင်ဖိ ဆောင်ရွက်ပေးခြင်း ကာယကံမေတ္တာ၊
တိုင်းသူပြည်သားအကျိုးကို လိုလိုလားလား လမ်းညွှန်ပြောကြားဆောင်ရွက်ပေးခြင်းဟူသော ၀စီကံမေတ္တာ၊
တိုင်းသူပြည်သားများအပေါ် အကျိုးလိုလားသောစိတ်ထား အချိန်တိုင်းထားခြင်း မနောကံမေတ္တာ-များကို လက်တွေ့အ ကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပေပြီ။
ကိုယ်ကျိုးအတွက် တိုင်းသူပြည်သားများကို အသုံးချခြင်း၊ ခုတုံးလုပ်ခြင်း စသည်များကို ရှောင်ရှားဖို့လိုနေပေပြီ။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ စောင့်ရှောက်ပေးဖို့လည်း လိုနေပေပြီ၊ ကျောသားရင်သား မခွဲခြားဘဲ အဖက်ဖက်က စောင့်ရှောက်ပေးဖို့လိုနေပေပြီ။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ထားများ၊ လုပ်ရပ်များ ရှောင်ရှားဖို့လိုနေပေပြီ။ တစ်ဦးနှင့်တစ်ဦး လက်ညှိုးထိုး အပြစ်ပုံချ ငြင်းခုံတိုက်ခိုက်နေကြလျှင် ကြားကမြေစာပင် ပြည်သူပြည် သားများ နစ်နာပျက်စီးကြဖို့သာရှိသည်။
ယနေ့ မြန်မာ့လူ့ဘောင်အတွက် မဖြစ်မနေ လိုအပ်နေသော-
၁။ အတွေးအခေါ် အသိပညာဗဟုသုတ တိုးတက်ဖွံ့ဖြိုးရေး ဉာဏဗလ
၂။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု တိုးတက်ဖွံ့ဖြိုးရေး ကာယဗလ
၃။ ကိုယ့်ကျင့်တရား ကောင်းမွန်ပြည့်စုံမှု တိုးတက်ဖွံ့ဖြိုးရေး စာရိတ္တဗလ
၎။ အားကိုးအားထားပြုလောက်သည့် မိတ်ကောင်းဆွေကောင်းပြည့်စုံမှု တိုးတက်ဖွံ့ဖြိုးရေး မိတ္တဗလ
၅။ စီးပွားဥစ္စာ ပြည့်စုံကြွယ်ဝမှု တိုးတက်ဖွံ့ဖြိုးရေး ဘောဂဗလ
ဤဗလ ၅-တန် ပြည့်စုံကြွယ်ဝ တိုးတက်ဖွံ့ဖြိုးစေရန် တာဝန်ရှိသူများ ၀ိုင်းဝန်းအဖြေရှာကြဖို့ လိုနေပေပြီ။ ထိုစီမံကိန်းကို တိုင်းပြည်၏ အားကိုးအားထားပြုထိုက်သူ အစိုးရမင်းများ၊ အားထားကိုးစားထိုက်သည့် ခေါင်းဆောင်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ ပညာရှင်များ ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် စုပေါင်းဆောင်ရွက်ကြမှသာ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ရတနာ သုတ်ဒေသနာနှင့် ကိုက်ညီမည်ဖြစ်ပါသည်။
ယနေ့မြန်မာနိုင်ငံ၌ အားထားကိုးစားထိုက်သည့် အာဏာလက်ဝယ်ရှိနေသူများကလည်း အာဏာမလွတ်ရေး၊ အာဏာ ရယူလိုသူများကလည်း အာဏာရရေး ဤကိုယ့်အရေးများကိုသာ ရှေ့တန်းတင် ဦးစားပေးဆောင်ရွက်နေကြသည်။ ကိုယ် အာဏာရရင်ပြီးရော သဘောထားကာ နိုင်ငံတော်နှင့်တိုင်းသူပြည်သားများကို ချနင်းနေကြသည်။ ချောက်ထဲတွန်းချနေကြသည်။ တိုင်းသူပြည်သားများ ယခုလောလောဆယ် လိုအပ်နေသည့်အရေးကို ဘေးဖယ်ထားကြသည်။ တိုင်းသူပြည်သားများ၏ အားထားကိုးစားခံရသူများသည် အားထားကိုးစားရကျိုးနပ်အောင် တိုင်းသူပြည်သားများအရေးကိုသာ ဦးစားပေးဆောင်ရွက် သင့်ပါသည်။ ယခုလောလောဆယ် လုပ်သင့်သောတာဝန်ကို မလုပ်ကြလျှင် တိုင်းပြည်ရောလူမျိုးပါ မကြာမီပျက်သုဉ်း ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
စိန်နားကပ်ရောင်ကြောင့် ပါးပြောင်၊ ကိုယ့်ရောင်မှတ်လို့ ၀င့်တတ်တယ်။
ချဉ်ပေါင်ချဉ်လို့ သူချဉ်ရ၊ ကန်စွန်းရွက်က မယောင်နှင့်။ ဟူသော ရွှေကျင်ဆရာတော်ကြီး၏ အဆိုအမိန့်သည် မှတ်သား လိုက်နာစရာဖြစ်သည်ကို သတိပြုရမည်။
တိုင်းသူပြည်သားများက အားကိုးတကြီး ၀ိုင်းဝန်းထောက်ခံအားပေးနေသည့်ကျေးဇူးကို တုံ့ပြန်ဆပ်ဖို့ မလွဲမသွေ လိုအပ်နေပါသည်။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ကျေးဇူးရှင်နိုင်ငံတော်နှင့်တိုင်းသူပြည်သားများ၏ ကျေးဇူးသစ္စာ ကို ထောက်ထားငဲ့ညှာပြီး ကိုယ်ကျိုးမငဲ့ဘဲ နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအပေါ်-
၁။ မေတ္တံ ကရောထ ဆိုသည့်အတိုင်း ကာယကံမေတ္တာ, ၀စီကံမေတ္တာ, မနောကံမေတ္တာ လက်တွေ့အကောင် အထည်ဖော်ကြပါ၊
၂။ ရက္ခထ အပ္ပမတ္တာ ဆိုသည့်အတိုင်း စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က အလေးအနက်ထား မလွဲမသွေ ကာကွယ်စောင့်ရှောက်ပေးကြပါဟု တိုက်တွန်းစကားပြောကြားရင်း တစ်လုတ်စားဖူး သူ့ကျေးဇူး ဆောင်းပါးကို အဆုံးသတ် အပ်ပါသတည်း။
တန်ခူးလဆန်း ၄-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ(အင်းစိန်)
(မတ်လ ၂၃-ရက်၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment