Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, January 8, 2015

သူ့ဖို့လား ကိုယ့်ဖို့လား ခွဲခြားမြင်နိုင်ကြပါစေ အရှင်တိလောကာဘိဝံသ(အင်းစိန်)



          ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော လူမျိုးရေး ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ ၏နောက်ဆက်တွဲမြင်ကွင်းများကို စာရေးသူ လက်လှမ်းမီ သလောက် ထောက်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် အတိတ်က လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ညီညီညွတ် ညွတ် အေးအေးချမ်းချမ်းနေခဲ့ သည်မှာ လူတိုင်းအသိပင်ဖြစ်သည်၊ မြန်မာလူမျိုးတို့၏ မူရင်းသဘောမှာ သူတစ်ပါးအပေါ်မှာ စော်ကား လိုစိတ် အနိုင်ယူလိုစိတ် ဖိနှိပ်လိုစိတ် မရှိကြပါ၊မိမိနိုင်ငံသို့ ရောက်လာသည့် လူမျိုးခြား ဘာသာခြား များကိုလည်း ကြည်ကြည်ဖြူဖြူပင် ဆွေမျိုးရင်းခြာ သဘောထားကာ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက် ဆံခဲ့ကြသည်၊ အတိတ်နှစ်ပေါင်းမြောက်များစွာမှစ၍ ယနေ့တိုင်အောင် မြန်မာ့မြေပေါ်၌ နေထိုင်ခဲ့သော ခရစ်ယာန် ဘာသာဝင် လူမျိုးခြား ဘာသာခြားများနှင့် မြန်မာဗုဒ္ဓဘာသာလူမျိုးများ ပဋိပက္ခ ဖြစ်ခဲ့သည် ဟု ယခင်ကလည်း မကြားသိခဲ့၊ ယခုလည်း မကြားသိ၊ ယင်းသို့ ပဋိပက္ခမဖြစ်ရခြင်းမှာ တစ်ဖက်သားမှ မိမိအမျိုး ဘာသာ သာသနာကို ဖျက်လိုဖျက်ဆီးမလုပ်ခဲ့ခြင်းကြောင့်ဟု စာရေးသူ ယူဆပါသည်။ယနေ့ မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ် ဒေသအသီးသီး လူမျိုးရေး ဘာသာရေး ပဋိပက္ခများတွင်လည်း မြန်မာဗုဒ္ဓဘာသာဝင်များ ပါဝင်သည်ဟု မကြားသိရပါ၊ သမိုင်းမှတ်တမ်း စာနယ်ဇင်း မှတ်တမ်း များမှာ လည်း မတွေ့ရမသိရပါ၊ ဤသည်ပင် မြန်မာဗုဒ္ဓဘာသာဝင်များ၏  မူရင်း စိတ်ဓာတ်အဖြစ် အထင်း သား မြင်နိုင်ပါသည်၊ မြန်မာနိုင်ငံသား များသည် ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဒေသခံ များနှင့် လိုက်လျောညီထွေနေတတ်ကြသည်၊ သူများအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်အောင် နေထိုင် တတ်ကြသည်၊ “ရောမရောက်လျှင် ရောမလို ကျင့်” ဆိုသည့်အတိုင်း လိုက်နာကျင့်သုံးကြသည်။

          ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများမှာလည်း မြန်မားနိုင်ငံသား ဗုဒ္ဓဘာသာ ၀င်များ စတင်ဖန်တီးသည့်လုပ်ရပ် တစ်ခုမျှမရှိ၊ သို့သော် အခြားတစ်ဖက်က ကိုယ့်လူမျိုးကို စော်ကား လာသည့်အခါမှာ ပြန်လည်တုံ့ပြန်တတ်သည့် သဘောသဘာအတိုင်း အချို့လူငယ်များ ပါဝင် ပက်သက်လွန်ကျူးခဲ့သည်များတော့ ရှိနိုင်ပါသည်၊ အင်္ဂလန်, အမေရိကန် စသော နိုင်ငံတိုင်းမှာလည်း ဒီသဘောများ တွေ့ရတတ်ပါသည်၊ သေးမွှားသည့်တိရစ္ဆာန် ပုရွက်ဆိတ်သတ္တ၀ါပင်ဖြစ်စေကာမူ ကိုယ့် အင်အားရှိသလောက် တုံ့ပြန်တတ်သည့်သဘောမှာ လူမျိုးတိုင်း သတ္တ၀ါတိုင်းမှာ ရှိသည်၊ မြန်မာ့ မြေပေါ်မှာ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုလည်း သက်ဆိုင်ရာ ဆရာတော် သံဃာတော် များအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ၀ိုင်းဝန်းထိန်းသိမ်းခဲ့ခြင်းကြောင့် ကြီးကျယ် တဲ့ပဋိ ပက္ခများ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားသည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်၊ ဤသို့ တာဝန် ရှိသူများ၏ တာဝန်သိသိ ၀ိုင်းဝန်းထိန်းသိမ်းသည့် အကောင်းကွက်ကိုတော့ မျက်ကွယ် ပြုထား ကြသည်၊ အဆိုးဘက်ကိုသာ စောင်းပေးဖော်ပြနေသည်မှာလည်း တရားနည်းလမ်းကျမည်မဟုတ်ပါ။

          လူသားတိုင်းမှာ ပြင်ပအန္တရာယ်များ ထင်သလို အစော်ကားမခံရစေရန် ကိုယ့်အိမ်ကိုယ် ခြံ စည်းရိုးလုံအောင် ကာရမည့်နည်းလမ်းမှန်သမျှကိုတော့ မလွဲမသွေ လုပ်ဆောင်ရမည် ဖြစ်ပေသည်၊ ကိုယ့်အိမ်ကိုယ် ခြံစည်းရိုး မလုံလျှင် တစ်ဖက်သားက ထင်သလို စော်ကားမည်၊ အနိုင်ကျင့်မည်၊ သိမ်း သွင်းမည်၊ “မြေမျို၍ လူမျိုး မပျောက်၊ လူမျိုမှ လူမျိုးပျောက်သည်” ဆိုသည့်အတိုင်း မြန်မာနိုင်ငံ ပတ် ၀န်းကျင် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ အမျိုး ဘာသာ သာသနာ မပျောက်ရေးကို တာဝန် သိသူများက လိုအပ်သည့် ခြံစည်းရိုးများ လုံအောင်ကာဖို့ လိုအပ်သည်၊ ကိုယ့်ခြံစည်းရိုးလုံအောင်  ကိုယ်ကာခြင်းသည် အခြားသူများ၏ ခြံစည်းရိုးကို ကျူးကျော်ခြင်း ဖျက်ဆီးခြင်း မဟုတ်ပါ။
          ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာထားလိုက်ခြင်းသည် သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်လုံး ကောင်းကျိုးခံစားရနိုင်သည်၊ အကာအရံရှိလျှင် တစ်ဖက်သားကလည်း အမှုမဲ့ အမှတ်မဲ့ အလွယ်တကူ ကျူးကျော်စော်ကားသည့် မကောင်းမှု မလုပ်မိတော့၊ မိမိအတွက်လည်း အန္တရာယ်လုံခြုံပြီးသား ဖြစ် သည်။
          စည်းတွင်းမှာနေ၊ ကင်းကွေလိမ့် ရန်ဘေး။
          ကမ်းကိုကျော်၊ ချော်ကာကျ များလှရန်ဘေး။
                                                  (ရွှေကျင်ဆရာတော်)

          ယနေ့ ဆရာတော်သံဃာတော်များ ဦးစီးဦးဆောင် လုပ်ဆောင်နေသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုင်ရာလုပ်ဆောင်ချက်များသည် ကိုယ့်အိမ်ကိုယ့်ခြံစည်းရိုး လုံအောင် ကာတတ်ဖို့ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်၊ သံဃာ့ဂုဏ်တော် ၉- ပါးတွင် အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- ဆိုသည့်အတိုင်း လောကသားအားလုံး ကောင်းမှုမျိုးစေ့ စိုက်ပျိုးနိုင်ရန် ကောင်းမှုမျိုးစေ့ မဆုံးရှုံးစေရန် နိုင်ငံသူနိုင်ငံသားများ ကုသိုလ်ပျက်ပြားခြင်း အကုသိုလ်ပွားများခြင်း မဖြစ်စေရန် “ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်” စသော ရဟန်းကျင့်ဝတ်များ ကျေပွန်အောင် ဆောင်ရွက် နေခြင်းသာ ဖြစ်သည်။

          ဆရာတော် သံဃာတော်များသည် မိမိ ဒကာ, ဒကာမများ နိုင်ငံသူနိုင်ငံသားများ ကိုယ့်ခြံ စည်းရိုးကို လုံအောင် ကာကွယ်ရမည့် နည်းလမ်းများ ညွှန်ပြပေးနေခြင်း၊ ကျရောက်လာမည့် အန္တရာယ် များကို သိအောင် မြင်အောင် ရှောင်ရှားတတ်အောင် ဟောပြောညွှန်ပြနေခြင်းသာ ဖြစ်သည်၊ တစ်ဖက် သားကို သတ်ဖို့ဖြတ်ဖို့ ညှဉ်းဆဲဖို့ အနိုင်ကျင့်ဖို့ ဖျက်ဆီးဖို့ မတရားလုပ်ဖို့ ဟောပြောညွှန်ပြနေခြင်း လုံးဝမရှိပါ၊ အဆိုပါ မတရားလုပ်ရပ်များ တိုက်တွန်းနှိုးဆော်သည့် အထောက်အထား လုံးဝမရှိပါ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် ကာကွယ်ရမည့် သတိထားရမည့် ထိရောက်သည့် နည်းလမ်း များကိုသာ ညွှန်ပြပေးနေကြပါသည်၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ပြောဟောနေခြင်းသာ ဖြစ်သည်။

တစ်ဖက်သားများက မိမိတို့ ထင်သလို စော်ကားခွင့် ၀ါးမျိုခွင့်မရကြသဖြင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများကို လူ့အခွင့်အရေးချိုးဖောက်သယောင် ပဋိပက္ခဖြစ်အောင် လှုံဆော်သယောင် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သယောင် မြန်မာနိုင်ငံအကျိုးကို လိုလား သယောင် ဖြားယောင်းသွေးဆောင်လှုံ့ဆော်ကြသည်၊ ရေးသားကြသည်၊ လွှင့်ထုတ်ကြသည်။
          မြန်မာနိုင်ငံမှ အချို့သော လူမှုရေးခေါင်းဆောင်, ပြည်ပဘာသာခြား အထောက်အပံ့ခံ စသည် တို့ကလည်း သူတစ်ပါးလှည့်ကွက်ကို မသိလို့လား၊ သူခိုးလက် ဓားရိုး ကမ်းချင်လို့လား၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ဖျက်ဆီးလိုလို့လားမသိ၊ အဆင်း တွန်းချပေးနေကြသည်၊ အဆိုပါ  အဆင်းတွန်းချလိုသူများသည် ဆရာတော် သံဃာတော်များကပင် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်သွေးထိုး ဟောပြောနေကြသည်ဟုလည်း သံယောင်လိုက် ပြောဆို ရေးသားနေကြသည်၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ၌- 

          ၁။ နိုင်ငံအတွက် ထိခိုက်နစ်နာအောင်
          ၂။ ဒီမိုကရေစီ လမ်းကြောင်း သွေဖီအောင်
          ၃။ အခြားသူများအတွက် ထိခိုက်နစ်နာအောင်
          ၄. စည်းလုံးညီညွတ်မှု ပျက်ပြားအောင်

          လုပ်ဆောင်ချက် တစ်စုံတစ်ခု မပါရှိပါ၊ ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာသည့်သဘောဖြင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်၊ သူ့ဖို့လား ကိုယ့် ဖို့လား ခွဲခြားမြင်နိုင်ကြပါစေ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ချစ်သူတိုင်း တာဝန် သိသူတိုင်း မဖြစ်မနေ ဆောင်ရွက်နိုင်ကြပါစေ။

          အရှင်တိလောကာဘိဝံသ (အင်းစိန်)
၁၃၇၅-ခု၊ တော်သလင်းလဆန်း ၅-ရက်
(စက်တင်ဘာ ၉၊ ၂၀၁၃) တနင်္လာနေ့   

No comments:

Post a Comment