Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, January 27, 2015

အမှန်မြင်နိုင်ကြပါစေ (အရှင်တိလောကာဘိဝံသ) အင်းစိန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် သာကီင်္သွေးဂျာနယ် အတွဲ(၂)၊ အမှတ် (၁၅) မှ ထုတ်နုတ်တင်ပြသည်။

အမှန်မြင်နိုင်ကြပါစေ
(အရှင်တိလောကာဘိဝံသ) အင်းစိန်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်

သာကီင်္သွေးဂျာနယ် အတွဲ(၂)၊ အမှတ် (၁၅) မှ ထုတ်နုတ်တင်ပြသည်။

အရာဝတ္ထုတိုင်းကို အမှန်အတိုင်းမြင်နိုင်ဖို့ဆိုတာ မိမိမှာ ပကတိ မျက်စိ, ပညာမျက်စိ ကောင်း ကောင်းရှိဖို့လိုသည်။ ပကတိမျက်စိက အဆင်းသဏ္ဌာန်ရူပါရုံကိုသာ အမှန်တိုင်းမြင်နိုင်သည်။ ပညာမျက်စိကား အရာအားလုံးကို ထွင်းဖောက်သိ မြင်နိုင်သည်။ စွမ်းအားကောင်းသည့် ဓာတ်ရောင်ခြည်သည်ပင် လက်ရှိ ပစ္စုန်ပ္ပန်အရာဝတ္ထုကိုသာ ထွင်းဖောက်နိုင်သည်။ ပညာအရောင်သည်ကား အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အားလုံးကို ထွင်းဖောက်မြင်နိုင်သည်။ ထို့ကြောင့် ပညာသည် တုဘက်မဲ့ အရောင်ဖြစ်သည်ဟု မြတ်ဗုဒ္ဓ ဟောထားသည်။ (သံ-၁၊ ၆)

မိမိက မြင်သူဖြစ်မှသာ ပတ်ဝန်းကျင်ရှိ မြင်သူ/ မမြင်သူများကို ခွဲခြားမြင်နိုင်သည်။ မိမိက မြင်သူ မဟုတ်လျှင် ပတ်ဝန်းကျင်ရှိ မြင်သူ/ မမြင်သူများကို ခွဲခြားမမြင်နိုင်။ (၀ပ္ပထေရဂါထာ-၂၃၃)

မြင်မှ….မြင်, မမြင်ကို မြင်သည်။ မမြင်လျှင်….မြင်, မမြင်ကို မမြင်။

ပကတိမျက်စိသည်ပင် တိမ်သလာ၊ အရောင်ကာမျက်မှန်စသည် တစ်ခုခုခံနေလျှင်, ကွယ်နေလျှင် အရာဝတ္ထုများကို အမှန်အတိုင်းမမြင်နိုင်၊ အစိမ်းရောင်မျက်မှန်တပ်ကြည့်လျှင် မြင်သမျှ အစိမ်းချည်းဖြစ်နေမည်။ အမည်းရောင်မျက်မှန်တပ်ကြည့်လျှင်လည်း မြင်သမျှ အမည်းချည်းဖြစ်နေမည်။ အသိဉာဏ်သည်လည်း တဏှာရာဂ၊ လောဘရမ္မက်၊ ဆန္ဒာဂတိ၊ မလိုမုန်းထား အာဃာတဒေါသာဂတိ၊ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှု ဘယာဂတိ၊ အမှန်မသိမှု မောဟာဂတိ-ဟူသော တိမ်သလာများ၊ အရောင်ကာမျက်မှန်များ ခုခံကွယ်ကာ ဖုံးလွှမ်းနေလျှင် အသိဉာဏ်များသည်ပင် အမှောက်မှောက်အမှားမှား လွဲသွားတတ်လေသည်။ မကောင်းမှု ဒုစရိုက် ပြစ်မှုများသည်လည်း အဂတိတရားများကြောင့်ပင်ဖြစ်ရသည်။

၁။ ဆန္ဒာဂတိကြောင့် ကာမေသုမိစ္ဆာစာရ, အဘိဇ္ဈာ, မိစ္ဆာဒိဋ္ဌိ ဒုစရိုက်များဖြစ်ပေါ်ရသည်။

၂။ ဒေါသ, ဘယာဂတိတို့ကြောင့် ပါဏာတိပါတ, ဖရုသ၀ါစာ, ဗျာပါဒဒုစရိုက်များ ဖြစ်ပေါ်ရသည်။

၃။ အဆိုပါအဂတိ ၃-ပါးကြောင့်ပင် အဒိန္နာဒါန, မုသာဝါဒ, ပိသုဏ၀ါစာ, သမ္ဖပ္ပလာပ-ဒုစရိုက် များဖြစ်ပေါ်ရသည်။

*ကာမေ, ဘိဇ္ဈာ၊ ဒိဋ္ဌိမှာ၊ ဖြစ်လာ လောဘကြောင့်။
*ပါဏ, ဗျာပါ၊ ဖရုသာ၊ ဖြစ်လာ ဒေါသကြောင့်။
*ပိသု, မုသာ၊ သမ္မပ္ပါ၊ ဒိန္နာ နှစ်ပါးကြောင့်။

ယနေ့တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့်၊ အန္တရာယ်ပေးနေသည့် အကြမ်းဖက်အစွန်းရောက် ၀ါဒီများ၏ အန္တရာယ်ကို တကယ့်မျိုးချစ်စိတ်ရှိသည့် နိုင်ငံများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များက သူ့နည်းသူ့ဟန်ဖြင့် ကာကွယ်မှုတွေပြုလုပ်နေကြပါသည်။ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား-စသော နိုင်ငံများမှာဆိုလျှင် ယခင်ကပင် စနစ်တကျ ကာကွယ်ခဲ့ကြခြင်းကြောင့် သူ့တို့နိုင်ငံတွေမှာ ယခုအချိန်ထိ အန္တရာယ်ကင်းရှင်းစွာဖြင့် အေးအေးဆေးဆေးနေထိုင်ခွင့် ရရှိခဲ့ကြသည်။ အတုယူဖွယ်ကောင်းပေစွ၊ တရုတ်၊ ရရှားတို့လည်း ယနေ့ အချိန်ထိ ကြိုးစားကာကွယ်နေကြသည်။ လူ့အခွင့်အရေးဟု သဘောထားကာ အေးအေးဆေးဆေး နေခဲ့ ကြသော ဂျာမဏီ၊ ပြင်သစ်- စသည်တို့သည် ယခုအချိန်မှာ သိန်း၊သန်းချီသော လူစုလူဝေးဖြင့် မိမိလူမျိုး၊ မိမိနိုင်ငံကိုကာကွယ်ဖို့ တောင်းဆိုနေကြပြီ။ အမေရိကန်၊ အင်္ဂလန်တို့ပင် မိမိလူမျိုးကိုထိလာသောအခါ စစ်အင်အား၊ လက်နက်အင်အားဖြင့်ပင် ခုခံနှိမ်နင်းနေပေပြီ။

မိမိတို့ရဲ့ အမျိုး ဘာသာ သာသနာ ပျောက်ပျက်မည့်အရေးကို အရေးမကြီးပါဟု သတိမထား ပေါ့ပေါ့ဆဆသွေးအေးနေခဲ့ကြသော အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တောင်ပိုင်း၊ ထိုင်းတောင်ပိုင်း၊ မြန်မာပြည်အနောက်ပိုင်း မောင်းတောစသောဒေသတို့၌ အမျိုး ဘာသာ သာသနာ ပျောက်ကွယ်သွားကြပြီ။ တစ်ချိန်က အဆိုပါအစွန်းရောက် အကြမ်းဖက်ဝါဒီများကြောင့်ပင် ခရုဆိတ် စစ်ပွဲကြီး နှစ်ပေါင်း ၂၀၀-ကျော် ဆင်နွှဲခဲ့ခြင်းကြောင့် လူသားပေါင်း သိန်း၊ သန်းချီ သေဆုံးခဲ့ရဖူးပြီ။

ထို့ကြောင့် ၉၆၉- စသော ဘာသာရေးအဖွဲ့များက-
ဗုဒ္ဓဘာသာရှင်လူများက၊ သတိတရားထားသင့်ပြီ။
အခြားဘာသာတိုးတက်ရေးကို၊ အခြားလူများဆောင်ရွက်သည်။
ဗုဒ္ဓဘာသာတို့တတွေအများက သွေးအေးလို့မနေသင့်ပြီ။
သွေးအေးနေရင်သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ကြုံလိမ့်မည်။

စသည်ဖြင့် အိပ်ပျော်နေသော မြန်မာလူမျိုးများကို နှိုးပေးခဲ့သည်။ ဤနှိုးဆော်သံကဗျာ၌ အခြားတစ်စုံ တစ်ဦးကိုမျှ ထိခိုက်နစ်နာစေသည့် စကားလုံးဝေါဟာရ တစ်လုံးတစ်ပါဒမျှ မပါရှိပါဘဲလျက် အသားထဲက လောက်ထွက်နေသည့် ဘာသာခြား၊ လူမျိုးခြားများ၏ အထောက်အပံ့ အကူအညီ အမျိုးမျိုးကိုယူနေသူများက အဂတိတရားတိမ်သလော၊ အရောင်ကာမျက်မှန်- စသည် အခုအခံအကာအကွယ် ရှိနေခြင်းကြောင့် ကိုယ့် လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက် ရှေ့တန်းကထွက်၍ ဆောင်ရွက် ပေးနေသော ၉၆၉၊ မဘသ- စသော အမျိုးသားရေးအဖွဲ့၊ ဘာသာရေးအဖွဲ့များကို ရန်ငြိုးဖွဲ့တိုက်ခိုက်နေသည်မှာ အံ့သြစရာ၊ ရင်နာစရာ ကောင်းပေစွ။

အားလုံးသော မြန်မာနိုင်ငံသား ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများကို အသိပေးလိုသည်မှာ မိမိတို့၏ မဘသ အဖွဲ့ကြီးသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် တစ်တပ်တစ်အား စွမ်းနိုင်သလောက် စောင့်ရှောက်ကာကွယ်ပေးနေခြင်းသာဖြစ်ပါသည်။ ဒီတာဝန်ကိုလည်း မိမိတို့သာမက မိမိ တို့အမျိုး ဘာသာ သာသနာချစ်သူတိုင်း ယူရမည့်တာဝန်သာဖြစ်သည်။ အမှန်ကိုမြင်စေလိုပါသည်။ မိမိတို့ ဘက်က ရပ်ပေးနေသူများကလည်း သူတစ်ပါးကို ထိခိုက်နစ်နာစေသော အပြုအမူအပြာအဆိုများကို သတိ ထားရှောင်ကြဉ် စေလိုပါသည်။ မလွဲမသွေရှောင်ကြဉ်ကြပါဟုလည်း တိုက်တွန်းပါသည်။

သောတာပန်အရိယာများပင် ရံခါအချို့ဒုစရိုက်အမှုလေးများ အမှတ်မဲ့လွန် ကျူးမိတတ်သည့် အကြောင်း ကို ပရိတ်ကြီးရတနာသုတ်၌ မိန့်ဆိုထားသည်။ (ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊ ကာယေန ၀ါစာ ဥဒ စေ တသာဝါ)၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကို ထိပါးလာသည့်သူများကို စိတ်လက်မာန်ပါ အလွန်အကျွံပြောဆို မိသည်များ အထိုက်အလျောက်ရှိနိုင်သည်ကို နားလည်ပေးစေချင်ပါသည်။ ဒါဟာလည်း ကိုယ့်တိုင်းပြည်၊ ကိုယ့် လူမျိုးအတွက် ပြောပေးနေခြင်းသာဖြစ်ပါသည်။ ခွေးသည် ခဲနှင့်ပေါက်သူကို မမဲဘဲ ခဲကိုသာသဲသဲမဲမဲ လိုက် ကိုက်သည်။ ခြင်္သေ့သည် အကျိုးဆက်ခဲကို ဂရုမထား၊ အကြောင်းအရင်း ခဲပေါက်သူကိုသာ ဂရုထား ပြီးတုံ့ပြန်တိုက်ခိုက်သည်။ ဒါဟာမှန်ကန်သည့် အမြင်ဖြစ်သည်။ (အဘိ-ဌ၊ ၂၊ ၁၀၅)။ ထို့ကြောင့် တိုင်းပြည် နှင့်လူမျိုးကိုထိပါးကာ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် လာသူများကို ရှေ့တန်းကထွက်၍ မိမိတို့၏ အမျိုး ဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက်ပေးနေသူများ၏ လုပ်ရပ်ကို ခြင်္သေ့အမြင်ဖြင့် အမှန်အတိုင်း မြင်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း “အမှန်မြင်နိုင်ကြပါစေ” ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

တပို့တွဲလဆန်း-၆-ရက်၊ ၁၃၇၆-ခု
(ဇန်န၀ါရီလ-၂၅၊ ၂၀၁၅)၊ တနင်္ဂနွေနေ့၊

အရှင်တိလောကာဘိဝံသ(အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment