Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, January 2, 2015

အဖြူ, အမည်း မသဲကွဲသူများသို့ (အရှင်တိလောကာဘိဝံသ- အင်းစိန်)

အဖြူ, အမည်း မသဲကွဲသူများသို့ (အရှင်တိလောကာဘိဝံသ)

မြင်ရသည့်အရာကို အဖြူအမည်း မသဲကွဲကြသူ၊ ခွဲခြားမသိမြင်နိုင်ကြသူများရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများ သည် တိမ်သလ္လာဖုံးလွှမ်းခြင်း၊ မျက်စိအားမကောင်းခြင်း စသောအကြောင်းများကြောင့် ဖြစ်ပေမည်။

လက်ရှိမြန်မာနိုင်ငံ၌ ဆရာတော်, သံဃာတော်များ ဦးစီးဆောင်ရွက်နေသည့်-

၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများနှင့်၊

၂။ အမျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးလုပ်ဆောင်ချက်များသည်

မိမိလူမျိုး၊ မိမိဘာသာ၊ မိမိသာသနာအတွက် ကာကွယ်စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့ တရားသဖြင့် ဆောင်ရွက်နေခြင်းသာဖြစ်သည်။

ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကိုကာကွယ်စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့တာဝန်သိသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်။ စောင့်လေမျိုးနွယ်ဆိုသည့် ၀တ္တရားသည် သားကောင်း၊ သမီးကောင်းတိုင်းတာဝန်ရှိသည်။

သားကောင်းသမီးကောင်းဖြစ်မှ နိုင်ငံသား ကောင်းလည်း ဖြစ်မည်။

အဆိုပါလုပ်ဆောင်ချက်များ၌ အခြားဘာသာ သာသနာ လူမျိုးကို ထိခိုက်နစ်နာစေမှု လုံးဝမပါပါ။ ကိုယ့်ခြံစည်းရိုးကို ကာရံခြင်းသာဖြစ်သည်။

ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်းကို သူများခြံစည်းရိုး ဖြိုဖျက်သည်ဟု ဆိုနိုင်ပါမည်လော။ ကိုယ့်ခြံစည်းရိုးကို မကာရံဘဲဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းပျက် ထားလိုက်ရမည်လော။ အဖြေပေးကြပါလေ။

ဆရာတော် သံဃာတော်များ ဦးစီးလုပ်ဆောင်သည့် အဆိုပါလုပ်ရပ်များကြောင့်

၁။ အခြား လူမျိုး ဘာသာ သာသနာကိုလည်း ထိခိုက်နစ်နာစေခြင်းမရှိပါ။

၂။ မိမိနိုင်ငံအတွက်လည်း ထိခိုက်နစ်နာမှုမရှိပါ။

၃။ ဒီမိုကရေစီလမ်းကြောင်းအတွက်လည်း ထိခိုက်နစ်နာမှုမရှိပါ။

၎။ လူတိုင်းမိမိ၏ ရသင့်ရထိုက်သော အခွင့်အရေးကို တရားသဖြင့် ရယူခြင်းမျိုးဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်လည်း ထိခိုက်နစ်နာမှုမရှိပါ။

လက်ရှိမြန်မာနိုင်ငံ၌ထင်ရှားသည့် ဟိန္ဒူ၊ခရစ်ယာန်၊ အစ္စလာမ် ဘာသာကြီး ၃-ဘာသာတို့၌ သူ့ဘာသာ၊ သူ့သာသနာအတွက် လုံလောက်သည့် အကာအကွယ် ရှိပြီးသားဖြစ်သည်။ ဗုဒ္ဓဘာသာ၌ကား လုံလောက်သည့် အကာအကွယ်မရှိ။

လူ့အခွင့်အရေး ကြေညာစာတမ်းအချက် ၃၀-တွင် နံပါတ် (၁) အချက်၌“လူတိုင်း လွတ်လပ်မှုရှိကြပြီး တန်းတူညီမျှမှု ရှိသည်” ဟုပါရှိသည်။ဆရာတော် သံဃာတော်များ ဦးစီးဆောင်ရွက်နေသည့် အဆိုပါလုပ်ငန်းများသည် လူ့အခွင့်အရေး ကြေညာစာတမ်း၏ နံပါတ်(၁)အချက်ကို လိုက်နာခြင်း ရယူခြင်းသာဖြစ်သည်။လူ့အခွင့်အရေးကို ချိုးဖောက်သည့်လုပ်ရပ် မဟုတ်ပါ။
မတရားလွှမ်းမိုးလိုသူ အခြားသူများ၏အပြောကို နားယောင်နေသူများသည် ကိုယ့်လူမျိုးကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ဆောင်ရွက်ချက်များကို-

၁။ အဖျက်လုပ်ငန်းများ၊

၂။ အနှောက်အယှက် အတားအဆီးများ၊

၃။ အန္တရာယ်များ

အဖြစ်ပြောဆိုရေးသားနေကြသည်။ အဖြူအမည်းကွဲပြားအောင် ခွဲခြားမမြင်သူ များဖြစ်သည်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့် သာသနာကို တတပ်တအား ပါဝင်ဖျက် ဆီးနေသူများဟုပင် ဆိုရပေသည်။ ထိုသူများထဲတွင် -

၁။ အချို့သော အုပ်ချုပ်ရေးဆိုင်ရာများ၊

၂။ အချို့သော နိုင်ငံရေးခေါင်းဆောင်များ၊

၃။ အချို့သော ဆရာတော် သံဃာတော်များပင် ပါဝင်နေသည်ကို
စိတ်မကောင်းစရာ တွေ့ရသည်။

အဆိုပါ ဆရာတော်များ ဦးစီးလုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များသည်

လက်ရှိဖြစ်ပေါ်နေသောဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ အေးငြိမ်းစေရန် ကာကွယ်ထိန်းသိမ်းပေးနေခြင်းသာ ဖြစ်သည်။ ဆရာတော်များ၏ လုပ်ဆောင်ချက် များကြောင့် ပဋိပက္ခများဖြစ်ပေါ်လာသည့် မည်သည့်အထောက်အထားမျှ မရှိပါ။ မဖြစ်ဖြစ်အောင် ဖန်တီးနေသည့် အစွန်းရောက်သမားများကြောင့် ဖြစ်နေကြရပါသည်။ အဲဒီ အစွန်းရောက်သမားများသည်လည်း ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြောင်းသိ သာပါသည်။ ကိုယ့်ဘက်ကအသာစီးရအောင် တစ်ဖက်သတ်ပြောနေကြသည်များ၏ စွပ်စွဲပြောဆိုမှု တိမ်သလ္လာ လွှမ်းမိုးမှုကို ရှောင်ရှား၍ အဖြူအမည်းသဲသဲ ကွဲကွဲ မြင်နိုင်ကြပါစေ။ ပညာမျက်စိရှိနိုင်ကြပါစေ။ သူများထောင်တဲ့ ပယောဂထဲ မရောက် အောင် သိနိုင်ကြပါစေ။

အရှင်တိလောကာဘိဝံသ(အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်။

No comments:

Post a Comment