ဗုဒ္ဓအဘိဓမ္မာသိစရာ
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်းယမန်နှစ်၁၃၇၅
(၁၉. ၁၀. ၂၀၁၃) ခုသာကီသွေး၊ အတွဲ ၁၊ အမှတ် ၇ ၌ရေးခဲ့ပြီ။ယခုအပတ်မှာတော့ လက်တွေ့ကျင့်သုံးစရာဗုဒ္ဓအဘိဓမ္မာ ကိုသာဆောင်းပါး စာ မျက်နှာရသလောက်
တင်ပြပါမည်။ ယနေ့တိုင်အောင် မြန်မာတို့သုံးစွဲနေသောစာအုပ်များအစ၌ အညွှန်းပြ သည့် မာတိကာဟူသော
ဝေါဟာရမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၉၆ က မြတ်ဗုဒ္ဓဟောကြားခဲ့သည့် အဘိ ဓမ္မာဒေသနာမှ ယူငင်သုံးစွဲထားခြင်းဖြစ်သည်။ ထိုမာတိကာများမှ ပထမဆုံးဟောကြားသည့်တရား ၃-မျိုးစု ထဲမှ သင့်တင့်ရုံမျှ တင်ပြပါမည်။
ယင်းတို့မှာ -
၁။
ကုသိုလ်တရားများ၊ ၂။ အကုသိုလ်တရားများ၊ ၃။ (ထိုနှစ်မျိုးမှ ကြွင်းကျန်သည့်) အခြားသောတရားများတို့ဖြစ်သည်။
ကုသိုလ်ကိုကောင်းမှု, အကုသိုလ်ကိုမကောင်းမှု ဟုလည်းပြောလေ့ ရှိကြသည်။ ကုသိုလ်ဆိုတာဘာလဲကုသိုလ်ဟုတ်,မဟုတ် ဘာစံ, ဘာပေတံနှင့် တိုင်းတာမလဲဆိုလျှင်
ကောင်းကျိုးရလဒ်ဖြစ်ပေါ်စေနိုင်သည့် အပြစ်ကင်းသောလုပ်ရပ်များကိုကုသိုလ်ဟုအဘိဓမ္မာအဖွင့်
ကျမ်းဂန်များ၌ဆိုသည်။ (အန ၀ဇ္ဇ သုခ၀ိပါကလက္ခဏာ ကုသလာ၊ အဘိ၊ ဋ္ဌ၊
၁၊ ၈၂)
လုပ်ရပ်ကို ပါဠိဝေါဟာရဖြင့် ကမ္မ, မြန်မာဝေါဟာရဖြင့်
ကံဟုခေါ်သည်။ ကောင်းသောလုပ်ရပ်ကိုကုသိုလ် ကံ, မကောင်းသောလုပ်ရပ်ကိုအကုသိုလ်ကံ ဟုခေါ်ရ မည်။
ကုသိုလ်၏ဆန့်ကျင်ဘက် အကုသိုလ်သည် အပြစ်မကင်းသောလုပ်ရပ်သာ
ဖြစ်မည်။ ဆင်းရဲဒုက္ခ အကျိုးမကောင်းကျိုးသာ ဖြစ်ပေါ်စေ မည်။ အောင်မြင်သူ၊ ကြီးပွားချမ်းသာသူများကို ကံကောင်းသူဟုဆိုရာ၌
လုပ်သင့်လုပ်ထိုက် သည့်ကောင်းသောလုပ်ရပ်များကို ကြိုတင် ပြုလုပ်ထားသောအကြောင်းကံကောင်း သူများဟုတင်စားပြောဆိုထားခြင်း
ဖြစ်သည်။
ကံကိုစေတနာဟုလည်း
မြတ်ဗုဒ္ဓဟောထားသည်။ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ၊ မ-၃၊ ၂၅၁၊
အဘိ-၄၊ ၂၉၀၊)စေတနာ၏ လှုံ့ဆော်မှုကြောင့် ကိုယ်, နှုတ်,
စိတ်တို့ဖြင့် လက်တွေ့လုပ်ဆောင်လာသောအခါ ကာယကံ, ၀စီကံ, မနောကံဟုအမည်ရလာသည်။ မကောင်းသောအကုသိုလ်စေတနာ၏
လှုံ့ဆော်မှုကြောင့် အမှန်မသိမှု မောဟ, လိုချင်တပ်မက်မှု
လောဘ, စိတ်ဆိုးမှု၊ ရန်လိုမှု၊ အလိုမကျမှု
ဒေါသရေသောက်မြစ်များ ဖြစ်ပေါ်ပေါက်ရောက်လာသည်။
ယင်သည့် မောဟ၊ လောဘ၊ ဒေါသရေသောက်မြစ်များမှတစ်ဆင့် မကောင်းမှုလုပ်ရန် မရှက်ကြောက်မှု,
မာနကြီးမှု, ကိုယ့်ထက်သာမနာလိုမှု စသည့် စိတ်ယုတ်မာအပင်များပေါက်လာမည်။ ထိုမှတဆင့် သတ်မှု, ခိုးမှုစသည့် လွန်ကြူးမှုလုပ်ရပ် ကာယ, ၀စီ, မနောဒုစရိုက်ကံပင်စည်, အကိုင်း, အခက်, အရွက်,
အပွင့်, အပွင်, အသီးကောင်းမှုကံများဖြစ်ထွန်းပေါ်ပေါက်လာကြသည်။
ရှေးကောင်းမှုကံ
ကြီးပွားချမ်းသာဖို့အရေးမှာရှေးကောင်းမှုကံပါဖို့လိုသည်။
ရှေးကပြုခဲ့သောကောင်းမှုရှိခြင်းသည် ကြီးပွားချမ်းသာကြောင်းမင်္ဂလာဖြစ်သည်။ (ပုဗ္ဗေ
စ ကတပုညတာ … ဧတံမင်္ဂလမုတ္တမံ)
ဤ၌ ရှေး၌ပြုခဲ့သောကောင်းမှုဆိုရာမှာပုဗ္ဗေ (ရှေး) ဟုသာဆိုသည်။ရှေးကို ဘ၀ဖြင့်သတ်မှတ်ချက်မပြ၊ စက္ကန့်ဖြစ်စေ, မိနစ်ဖြစ်စေ, နာရီ, နေ့, ရက်,
လ, နှစ်, ဘ၀ စသည်လွန်ပြီးမှန်သမျှ ရှေးပင်ဖြစ်သည်။အတတ်ပညာဗဟုသုတမှန်သမျှ
ယခုဘ၀မှာပင် ကြိုတင် လေ့လာဆည်းပူးထားရသည်ချည်းသာဖြစ်သည်။ (ရှေးကတင်ကြိုပြုခဲ့ဖူးသည့်
ကောင်းမှုအထူးရှိပါစေ၊ ဒဂုန်ဦးထွန်းမြင့်)ဘယ်အရာမဆို ကြိုတင်ပြုလုပ်ထားမှ အဆင်သင့်ဖြစ်မည်။ အချို့ကကံကို
အတိတ်ဘ၀ကပြုခဲ့သော ကံဟုထင်မှတ်ကာတို့ကကံခေသူများဖြစ်သည်။
ကံမရှိဉာဏ်ရှိတိုင်းမွဲ၊ ကံမပါတော့ လုပ်လည်းရမှာမဟုတ်ပါဘူး၊ လှုပ်လေ မြုပ်လေဖြစ်လိမ့်မည်
စသည်ဖြင့် လူပျင်းစကားပြောနေကြသည်။ ယုတ်စွအဆုံးအလေး, အပေါ့စွန့်ဖို့ပင် လက်ရှိနေမြဲထိုင်မှု၊
အိပ်မှုဣရိယာပုဒ်ဖြင့် အဆင်သင့်စွန့်လို့ရမည်မဟုတ်။ သင့်လျော်ရာသွားပြီးစွန့်ရသည်။ ကံဆိုသည်မှာ
ကြိုတင်လုပ်မှု မှန်သမျှကိုဆိုလိုသည်။ စောင့်နေရုံနှင့် ကံကအလိုအလျောက်ရောက်လာမည်မဟုတ်။
သွားမှရောက်မည်။ ကြည့်မှမြင်မည်။ တကယ်လုပ်မှအဟုတ်ဖြစ်မည်။
ကံ, ဉာဏ်, ၀ီရိယ၊ ပြည့်စုံမှ၊ မုချကြီးပွားမည်၊
ဆိုရာ၌ ဉာဏ်ပါသည့် ကံ, ၀ီရိယများဖြစ်၍အပြစ်ကင်းသည့် ကောင်းမှုကံ, အပြစ်ကင်းသောဝီရိယများဟု
သိရမည်။ ၀ီရိယဆိုသည်မှာ ကြိုးစားအားထုတ်မှု၊ မလျှော့သောဇွဲနပဲကြီးမှု၊ မိမိလက်ရှိအမူအကျင့်ဆိုးကိုမကောင်းကောင်းအောင်
ပြောင်းလဲစွမ်းဆောင်နိုင်မှု၊ ကောင်းသည်ထက် ကောင်းအောင်နည်းစနစ်ကျကျ ပြင်ဆင်နိုင်မှု
စသည်တို့ကိုဆိုလိုသည်။ (၀ီရာနံ ကမ္မံ ၀ီရိယံ၊ ၀ိဓိနာ နယေနဥပါယေနဤရယိတဗ္ဗံ
ပ၀တ္တယိတဗ္ဗံဝီရိယံ)
လူ့ဘ၀ရောက်လာခြင်းသည်ပင် အတိတ်ဘ၀က ကံကောင်းခဲ့ခြင်းကြောင့်
ဖြစ်သည်။ ထို့ကြောင့် အတိတ်ဘ၀ကံမပါဟု ပြောနိုင်ပါမည်လော။ ဒီဘ၀မှာ အချိန်တိုင်းကုသိုလ်,
ပညာ, ဥစ္စာ ဤ (၃)ခု၊ (၁)ခု ဖြစ်စေ၊ (၂)ခု-(၃)ခုလုံးဖြစ်စေရအောင်ကြိုးစားနေလျှင် ကံကောင်းသူ
ကြီးပွားချမ်းသာသူဖြစ်မည်မှာမြေကြီးလက်ခတ် မလွဲပေ။ကုသိုလ်ဆိုသည်မှာကောင်းကျိုးပြုနိုင်သည့်
အပြစ်ကင်းသောလုပ်ရပ်များဟုဆိုခဲ့ပြီးဖြစ်သည်။ ပညာဆိုတာမှာလည်းတတ်သင့်၊ သိသင့်သောအသိပညာဗဟုသုတများကိုဆိုလိုသည်။
၁။ အလေးအနက်ထားမှု၊ ၂။ အထွဋ်အထိပ်ရောက်မှု ဟူသောအဓိပတိပစ္စည်း၏ အဓိပ္ပါယ်
(၂)မျိုးအတိုင်းမိမိလုပ်ရပ်အပေါ်မှာအလေးအနက်ထားကြိုးစားလျှင် သက်ဆိုင်ရာနယ်ပယ်၌ မလွဲမသွေ
ထိပ်ဆုံးရောက်မည်။ အထွဋ်အထိပ်ရောက်မည်။ ဆန် ဟောက်စတန် (၁၇၉၃-၁၈၆၃) သည် ကျောင်းသင်ပညာရေးတစ်နှစ်လောက်သာသင်ခဲ့ရသော်လည်းနောက်ပိုင်း၌
စာပေဗဟုသုတလေ့လာဆည်းပူးကာပညာရေး, စီးပွါးရေး, စစ်ရေး, ဥပဒေစသည် အရည်အချင်းပြည့်ဝကာ
အမေရိကန်နိုင်ငံ၌ ပြည်နယ်သမ္မတ, ဘုရင်ခံ, တန်နက်စီဥပဒေပြုလွှတ်တော် အမတ်ဖြစ်ခဲ့ပြီးအမေရိကန်နိုင်ငံ၏
သမ္မတကြီးရာထူးကိုပင် လျာထားခြင်းကိုလည်းခံခဲ့ရသည်။ ကမ္ဘာကျော်ဟာသသရုပ်ဆောင် ချာလီချက်ပလင်သည်
ဆင်းရဲမွဲတေသူဘ၀မှ သန်းကြွယ်သူဋ္ဌေးကြီးအဆင့်ရောက်အောင် ကြိုးစား ခြင်းဖြင့် အောင်မြင်ခဲ့သည်။
ထိုသူများမှာအဓိပတိပစ္စည်းသဘောအတိုင်း ဤဘ၀မှာပင် အလေးအနက်ထား၍ ကြိုတင်ကြိုးစားအားထုတ်ခြင်းကြောင့်
အထွဋ်အထိပ်ရောက် အောင်မြင်သူ, ကြီးပွားသူများဖြစ်ကြသည်။ ပုဗ္ဗေစကတပုညတာမင်္ဂလာနှင့် ပြည့်စုံသူများ၊
ကံကောင်းသူများဟုဆိုရမည်။
လုံ့လနှင့်ဇွဲ၊
ဒွိစုံတွဲလျက်၊ ခိုင်မြဲစိတ်ဓာတ်၊ တည်ကိန်းဝပ်၍၊ ဖျတ်လတ်ဉာဏ်၊ အဆင်ခြင်လည်း၊ စုံလင်မချို့၊
လူ့အဖို့ကား၊ မြင်းမိုရ်ထိပ်ဖျား၊ တက်ရငြားလည်း၊ မဖြစ်စကား၊ သူမကြားတည်း။ (ကပ္ပပြဿနာ)
မဟာဓနသူဋ္ဌေးသားမှာတော့
အတိတ်ဘ၀က ကံကောင်းခဲ့လို့ လူ့ဘ၀ရောက်ရုံမကကုဋေ (၈၀) ကြွယ်ဝ သောဗာရာဏသီသူဋ္ဌေးသားလည်း
ဖြစ်ခဲ့သည်။ သို့သော်ယခုဘ၀၌ ကြိုတင်ပြင်ဆင်ပြုလုပ်မှု ဘာတစ်ခုမှမလုပ်ခဲ့ ခြင်းကြောင့်
ကံကောင်းထောက်ပံ့မှုလုံးဝမရဘဲ ကံဆိုးစွာအငတ်ငတ်အပြတ်ပြတ် သူတောင်းစားဘ၀ဖြင့် အဆုံးသတ်သွားရသည်။
အို … စာရှုသူသင်လည်းယခုကပင်ကြိုတင်၍ ကံကောင်းအောင်ကြိုးစားလျှင် ကြီးပွားချမ်းသာတိုးတက်အောင်မြင်သူ၊
အထွဋ်အထိပ်ရောက်သူတကယ်လုပ်လျှင် အဟုတ်ဖြစ်နိုင်ကြောင်းတိုက်တွန်းရင်းဗုဒ္ဓအဘိဓမ္မာသိစရာဆောင်းပါးကိုအဆုံးသတ်အပ်ပါသတည်း။
သီတင်းကျွတ်လဆန်း ၁-ရက်၊
၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ (အင်းစိန်)
(စက်တင်ဘာ ၂၄၊ ၂၀၁၄)
ဗုဒ္ဓဟူးနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။