Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, October 2, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက် (စာအမှတ်-၁၄/၂၀၁၄) စီမံ-မဘသ

                      အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
                                         သဘောထားထုတ်ပြန်ချက်


၁။ မဟာဂရုဏာရှင် မြတ်ဗုဒ္ဓသည်-
(က) သာဝတ္တိနှင့် ဇေတ၀န်အကြား ကလေးများ မြွေကို တုတ်ဖြင့်ရိုက်နှက်နေသည်ကို မြင်ရာ၌ သတ္တ၀ါတိုင်း ချမ်းသာသုခကို လိုလားသည်ဖြစ်၍ သူများကို ညှဉ်းဆဲနှိပ်စက်ခြင်းဖြင့် ချမ်းသာသုခမရနိုင် ဟုလည်းကောင်း၊ (ခု-၁၊ ၈၉-ဒဏ္ဍသုတ်)
(ခ) နွား၊ ဆိတ်၊ သိုး သတ္တ၀ါတို့ကိုသတ်၍ ယဇ်ပူဇော်ခြင်းသည် အကျိုးမဲ့သာဖြစ်သည်။ ထိုယဇ်ပူဇော်မှုကို သူတော်ကောင်းများ ရှောင်ကြဉ်ကြသည်၊ သက်ရှိသတ္တ၀ါကို ညှဉ်းဆဲမှုမပါသည့် ယဇ်ပူဇော်မှုသည်သာ မွန်မြတ်သည်၊ အကျိုးများသည်၊ ထိုယဇ်ပူဇော်မှုမျိုးကိုသာ သူတော်ကောင်းတို့ ချီးမွမ်းကြသည် ဟုလည်းကောင်း၊ (သံ-၁၊ ၇၆-ယညသုတ်)
(ဂ) သူတော်ကောင်းသည် သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲမှုမပြု ဟုလည်းကောင်း၊ (ဒီ-၂၊ ၄၂-စသည်)
(ဃ) သက်ရှိသတ္တ၀ါမှန်သမျှ မည်သည့်သတ္တ၀ါမျှ မသတ်ရ ဟုလည်းကောင်း၊ (ထိုထို ပိဋကတ်ပါဠိ တော်)
မိန့်ကြားထားသည်။
၂။ ဗုဒ္ဓသာမက အခြားသော မည်သည့်ဘုရားကမှလည်း သူတစ်ပါးအား သတ်ဖြတ်ညှဉ်းဆဲ နှိပ်စက်ခြင်းကို လိုလားမည်မဟုတ်ပါ။
၃။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကကြီး၌ လူသားအပါအ၀င် သက်ရှိသတ္တ၀ါများစွာ မှီတင်းနေထိုင် ကြသည်ဖြစ်၍ အချင်းချင်း ငဲ့ညှာသနား ဖေးမကူညီကြရမည်သာ ဖြစ်သည်၊ သက်ရှိသတ္တ၀ါတစ်ဦးက သက်ရှိသတ္တ၀ါတစ်ဦးအပေါ် ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းသည် ကမ္ဘာလောကကြီးအတွက် လုံးဝ မလိုလားအပ်သော မရှိသင့်သော အရာပင်ဖြစ်သည်။
၎။ လူသားသတ္တ၀ါကို မဆိုထားနှင့် တိရိစ္ဆာန်များကို ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းမပြုရန် တားမြစ်ထား သော ရဲဥပဒေ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအတော်များများ၌ရှိသည်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် လူမှုအဖွဲ့အစည်းများလည်းရှိသည်။
၅။ ကျွဲ၊ နွားများသည် လူသားများ စားနပ်ရိက္ခာအတွက် ဆင်းရဲပင်ပန်းစွာ ခန္ဓာကိုယ်ဖြင့်ရင်း၍ ရုန်းကန်လုပ် ကျွေးပေးနေသော ကျေးဇူးရှင်များလည်းဖြစ်သည်။
ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ဖြစ်စေ ကျွဲ၊ နွားများ ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို)က သဘောမတူကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သလို ထိန်းထိန်းသိမ်းသိမ်း တာဝန်ယူဆောင်ရွက်ပေးပါရန် သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ် ၊ ၀၀၁၄/စီမံ-မဘသ/၂၀၁၄
နေ့စွဲ ၊ ၁၃၇၆-ခု၊ သီတင်းကျွတ်လဆန်း ၉-ရက်
(အောက်တိုဘာ-၂)၊ ကြာသပတေးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာမဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment