Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, May 12, 2015

တိုင်းပြည်အတွက် မဘသ (အရှင်တိလောကာဘိဝံသ)



တိုင်းပြည်အတွက် မဘသ (အရှင်တိလောကာဘိဝံသ)

          လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်သော နိုင်ငံတစ်ခုအတွင်း၌ နေထိုင်သည့် တိုင်းသူပြည်သားများ အေးချမ်း သာယာစွာ နေထိုင်ဖို့ရာမှာ ညီမျှသောတရားဥပဒေစိုးမိုးရေး အဓိကလိုအပ်သည်။ မြန်မာနိုင်ငံသည် မျိုးနွယ်တူတိုင်းရင်းသားများ စုပေါင်းထူထောင်အတူနေထိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံကဲ့သို့ နိုင်ငံတကာမှ ရောက်လာသည့် လူမျိုးပေါင်းစုံ၊ နိုင်ငံသားပေါင်းစုံ စုပေါင်းထူထောင်ထားသည့် နိုင်ငံမျိုးမဟုတ်။ သို့သော်လည်း မူလတိုင်းရင်းသား မြန်မာနိုင်ငံသားများသည် ပုဂံ ခေတ်လောက်မှစ၍ တိုင်းတစ်ပါးမှရောက်လာကြသော လူမျိုးခြား၊ ဘာသာခြားများကို ကျောသားရင်သားမခွဲခြားဘဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား သဘောထားကြီးစွာ ဆွေမျိုးရင်းချာပမာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ ဘာပြဿနာမှ မပေါ်ခဲ့၊ အေးချမ်းသာယာသော မြန်မာနိုင်ငံတော်ကြီးဖြစ်ခဲ့ပေသည်။ ဒါဟာလည်း မူလတိုင်းရင်းသား မြန်မာနိုင်ငံသားများ၏ သဘောထားကြီးခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်စိတ်ဓာတ်လက်ကိုင်ထားခြင်း၊ အိမ်သည်ဝတ်ကျေပွန်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ဖိလစ်ဒီဘရစ်တိုငဇင်ကာ၊ ကုလားငပိန်၏ဆရာ တောလိုက်မုဆိုး ကုလားဘိုင်ဆပ် လို တိုင်းခြားသား၊ လူမျိုးခြား၊ ဘာသာခြားများကိုပင် မြန်မာဘုရင်များက မြို့စားရာထူးပေးကာ အလေးထားချီးမြှောက်ခဲ့သည့် သမိုင်းကြောင်း အထင်အရှားရှိခဲ့သည်။
          အဆိုပါဧည့်သည် လူမျိုးခြား၊ ဘာသာခြားသံလျင်စား ငဇင်ကာ၊ ကုလားပိန်နှင့် သူ့ဆရာဘိုင်ဆပ် စသည်တို့က ဧည့်သည်ဝတ်ဖောက်ဖျက်ကာ မြန်မာ့သမီးပျိုများကို ဖျက်ဆီးခြင်း၊ ဘုရားများဖျက်ဆီးခြင်း၊ ဌာပနာများထုတ်ယူခြင်း၊ ဘုရား ခေါင်းလောင်း စသည်တို့ကို အရည်ကျိုဖျက်ဆီးပြီး ကျည်ဆန်လုပ်ခြင်း၊ အရှင့်အပေါ်၊ နိုင်ငံ့အပေါ် သစ္စာဖောက်ခြင်းစသော လူမျိုးရေး၊ ဘာသာရေးစော်ကားခြင်းမှစ၍ လူမျိုးရေးပဋိပက္ခ ဖြစ်လာရသည်။ ထိုပဋိပက္ခသည် အိမ်သည်မြန်မာလူမျိုးများက စတင်ဖန်တီးခဲ့ခြင်း မဟုတ်ပါ။ ထိုစော်ကားမှုကို မြန်မာ့မျိုးချစ်မင်းကောင်းမင်မြတ်များ ဦးဆောင်သည့် တိုင်းရင်းသားများက တွန်းလှန်ဖယ်ရှားခဲ့ရဖူးပြီ။
          ယနေ့မျက်မှောက်ခေတ်မှာလည်း ရခိုင်၊ မောင်တောဒေသ စသည်တို့၌ ဧည့်သည်လူမျိုးခြား၊ ဘာသာခြားဘင်္ဂါလီများက ဧည့်ဝတ်ဖောက်ဖျက်ကာ အိမ်သည်မြန်မာများကို သတ်ဖြတ်နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများအပါအ၀င် ဗုဒ္ဓဘာသာဝင်များကို ဗြောင်တစ်မျိုး၊ ကွယ်ရာတစ်ဖုံ သတ်ဖြတ်ညှဉ်းဆဲနှိပ်စက် နေကြလေပြီ။ ကချင်၊ ကယားစသော အစွန်အဖျားဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြပြီ။ တိုင်းရင်းသားများ၊ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးရသူ ပြေးရ ဖြစ်ခဲ့ကြရပါသည်။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်းလုံးဝမရှိခဲ့ပါ။
          ရန်ကုန်, မန္တလေးစသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကားစော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ်လုံခြုံမှု စိုးရိမ်နေကြရပြီ။ ဒီအကြောင်းအရာများ၏ အထောက်အထားများ တာဝန်ရှိသူများထံတွင် အခိုင်အမာရှိနေပါသည်။ အင်္ဂလိပ်အုပ်စိုးခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သမျှသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတိုင်းသည် တိုင်းရင်းသားများက စတင်ခဲ့တာ တစ်ခုမှမရှိခဲ့ပါ။ လူမျိုးခြား၊ ဘာသာခြားများက ပဋိပက္ခစတင် ဖန်တီးခဲ့ခြင်းများချည်းသာ ဖြစ်ခဲ့ပါသည်။ ဒီအကြောင်းကို မကြာသေးမီက နောက်ဆုံးဖြစ်ပေါ်ခဲ့သော ရခိုင်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ မန္တလေး ပဋိပက္ခများက သက်သေခံနေပါသည်။ ထိုပဋိပက္ခဖြစ်မှုများ၏ မူလဇစ်မြစ်တိုင်းကို ပြန်လေ့လာလျှင် သိနိုင်ပါသည်။

မဘသအဖွဲ့ကြီး
          မဘသ အဖွဲ့ကြီး၏ မူလဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး၊ ဘာသာရေးများ၌ အကြမ်းဖက်မှုပဋိပက္ခများ မဖြစ်ပေါ်စေရန်အသိပညာပေး စည်းရုံးတားဆီးကာကွယ်နိုင်ရေး နိုင်ငံသူ/သား အားလုံး အပြန်အလှန် ချစ်ကြည်လေးစားလျက် စည်းကမ်းတကျ ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး ဟု ဖော်ပြထားပါ သည်။ မဘသအဖွဲ့ကြီးသည်  ထိုအခြေခံစည်းမျဉ်း၌ ဖော်ပြထားသည့်အတိုင်း လူမျိုးရေး၊ ဘာသာရေးများ၌ အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်နေသောပဋိပက္ခများလည်း ဓမ္မ၀ိနယနှင့်အညီ တရားဥပဒေအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ပြီးမြောက်စေရန် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဖြစ်ပါသည်။ ဘာသာခြား၊ လူမျိုးခြားများအပေါ် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ ဖျက်ဆီးခြင်းလုံးဝမလုပ်ခဲ့ပါ။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ စောင့်ရှောက်တတ်ရန်၊ ထိန်းသိမ်းတတ်ရန်၊ အန္တရာယ် ရှောင်ရှားတတ်ရန်သာ ဦးဆောင်လမ်းညွှန်ပေးနေခြင်းဖြစ်ပါသည်။ ဖော်ပြခဲ့သည့် မကြာသေးမီက နောက်ဆုံးဖြစ်ပေါ်ခဲ့သော ရခိုင်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ မန္တလေး ပဋိပက္ခများတွင် မဘသဆရာတော်များ၏ ၀ိုင်းဝန်းထိန်းသိမ်းပေးခဲ့ခြင်းကြောင့် လူမျိုးခြား၊ ဘာသာခြားများ သေဆုံးမှု၊ ထိခိုက်မှုများ နည်းခဲ့ခြင်းဖြစ်ပါသည်။ မိတ္ထီလာ၊ လားရှိုးစသည်တို့မှာ ဘုန်းတော်ကြီးကျောင်းများမှာ ခေါ်၍ပင် ကျွေးမွေးထိန်းသိမ်းပေးခဲ့ပါသည်။ ထိုအရေးအခင်းတိုင်း၌ လူ့အခွင့်အရေးခေါင်းဆောင်နှင့် နောက်လိုက်များသည် ကိုယ့်မြန်မာများ၏ ဆုံးရှုံးနစ်နာမှုကို စာနာသနားပေးဖို့ နေနေသာသာ လူမျိုးခြား ဘာသာခြားဘက်ကလိုက်ပြီး မြန်မာများက အနိုင်ကျင့်သည်ဟုပင် ပြောရက်ရှာကြသည်။ ကျားကြောက်လို့ အရှင်ကြီးကိုးမှ အရှင်ကြီးက ကျားထက်ဆိုး နေပါသည်။
          ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နံပါတ် ၁-၌ လူတိုင်းတူညီသောအခွင့်အရေး (တန်းတူအခွင့်အရေး) ရှိရမည် ဟုဆိုထားသော်လည်း မြန်မာဗုဒ္ဓဘာသာဝင်များမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအခွင့်အရေးကို အခြားဘာသာဝင်များ နှင့် တန်းတူအခွင့်အရေးမရရှာကြ၊ မြန်မာနိုင်ငံရှိ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်များအတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေအကာအကွယ် လုံလုံလောက်လောက် အခိုင်အမာရှိကြသည်။ ဘာသာမတူသူနှင့် လက်ထပ်ခွင့်မရှိ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက လက်ထပ်ပေးမှ တရားဝင်ဖြစ်သည်။ ဘာသာမတူသူနှင့် လက်ထပ်လျှင် တရားဝင်မယားမဖြစ်၊ ဇနီးမယားအခွင့်အရေးလုံးဝမရနိုင်၊ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအကာအကွယ် လုံလုံလောက်လောက် မရှိခဲ့ခြင်းကြောင့် ဘာသာခြား၊ လူမျိုးခြားများနှင့် အိမ်ထောင်ပြုမိသော မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ခေတ်အဆက်ဆက် အိမ်ထောင်ရေးဆိုင်ရာ လူ့အခွင့်အရေးများ နစ်နာဆုံးရှုံးခဲ့ရရှာသည်။ တရားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးဆိုင်ရာမည်သူကမှ အကူအညီပေးလို့မရ။ သူ့သားမယားဖြစ်နေတော့ သူကြိုက်သလိုနှိပ်စက်ညှဉ်းဆဲ နိုင်ခွင့်ရှိသည်။ လူ့အခွင့်အရေးဆိုတာ လုံးဝမရှိ။ မတရားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်သော်လည်း ဘာမှမတတ်နိုင်၊ မိဘဆွေမျိုးများ ကသော်မှ ကူညီဟန့်တားပေးပိုင်ခွင့်မရှိ၊ ဘာသာခြား၊ လူမျိုးခြား လင်ယောက်ျားများ၏ လူမဆန်စွာထင်သလို အနိုင်ကျင့်ခံခဲ့ရ သော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ၏ ကိုယ်တွေ့ဖြစ်ရပ်များ အထောက်အထားအခိုင်အမာ ဒုနဲ့ဒေးရှိခဲ့သည်။ ရှိနေသည်။
          ထိုကဲ့သို့ လူ့အခွင့်အရေးဆုံးရှုံးမှုများ သက်သာစေရန် ထိန်းညှိပေးရန် မလွဲမသွေလိုအပ်နေပါသည်။ ထိုလိုအပ်ချက်ကို အာဏာပိုင်အစိုးရမင်းများ၊ နိုင်ငံရေးခေါင်းဆောင်များ စသည်တို့မှာ တာဝန်ရှိသော်လည်း မည်သူကမျှတာဝန်မယူကြ။ ထိုသည့် မြန်မာဗုဒ္ဓဘာသာဝင်များ လူ့အခွင့်အရေးချိုးဖောက်ခံရမှု လိုအပ်ချက်ကွက်လပ်ကို မဘသအဖွဲ့ကြီးက တာဝန်သိသိ အခြား ဘာသာဝင်များနှင့် တန်းတူညီမျှသော အမျိုးစောင့်ဥပဒေဖြစ်ပေါ်ရေးကို တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ပါသည်။ ထိုတင်ပြ တောင်းဆိုချက်ကို တာဝန်သိသူများက တာဝန်ယူဆောင်ရွက်ပေးနေသော်လည်း တာဝန်မဲ့သူများက ဘာသာခြား၊ လူမျိုးခြား၏ ဖိအားကိုကြောက်မှု ဘယာဂတိ၊ အကူအညီလိုချင်ငဲ့ညှာမှု ဆန္ဒာဂတိ၊ ကိုယ့်နောက်မလိုက်သူ ကိုယ့်ရန်သူသတ်မှတ်ကာ အမုန်းထားမှု ဒေါသာဂတိ၊ တာဝန်မသိမှု မောဟာဂတိတို့ကြောင့် အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြပါသည်။ တာဝန်မဲ့လေစွ၊ သစ္စာမဲ့လေစွ။
          မြန်မာဗုဒ္ဓဘာသာဝင်များ လူ့အခွင့်အရေးမဆုံးရှုံးစေရန် အခြားဘာသာဝင်များနှင့် တန်းတူညီမျှသော လူ့အခွင့်အရေးရ စေရန် အမျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေအကာအကွယ်ဖြစ်အောင်လုပ်ရမည်မှာ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါသည်။ အထူးအားဖြင့် မြန်မာနိုင်ငံရေးခေါင်းဆောင်များမှာ ပိုမိုတာဝန်ရှိပါသည်။ မြန်မာနိုင်ငံရေးခေါင်းဆောင် အမည်ခံထားသော်လည်း မြန်မာ့အရေးကို အလေးမထားဦးစားမပေးဘဲ လူမျိုးခြား၊ ဘာသာခြား၏ အရေးကိုသာ ဦးစားပေးသူသည် မြန်မာခေါင်းဆောင် မဖြစ်ထိုက်ပါ။ မြန်မာ့မြေပေါ်မှာ လူမျိုးခြား၊ ဘာသာခြားမနေရဟုမဆိုလိုပါ။ ရောမရောက်လျှင် ရောမလိုနေဆိုသလို မြန်မာနိုင်ငံမှာနေလျှင် မြန်မာ့တိုင်းရင်းသားများနှင့် သင့်တင့်အောင်နေဖို့ကိုဆိုလိုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ လာရောက် နေထိုင်ပါလျက် အရိပ်နေနေ အခက်ချိုးချိုး ဆိုသလို ဧည့်သည်က အိမ်သည်ကိုအနိုင်ကျင့်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ နှင်ထုတ်ခြင်း စသည်လူ့အခွင့်အရေးချိုးဖောက်မှုများကိုတော့ လျစ်လျူရှုပြီး တရားသဖြင့် ကိုယ့်ခြံစည်းရိုး ကိုယ်ကာသူ အိမ်သည်များကို လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြောဆိုနေခြင်းလောက် လူ့အခွင့်အရေးချိုးဖောက်တာ ဘယ်မှာရှိပါ့မလဲ။
          တန်းတူလူ့အခွင့်အရေးရဖို့ အမျိုးစောင့်ဥပဒေဖြစ်ပေါ်စေရန် စတင်ချိန် လွန်ခဲ့သော ၂-နှစ်ကျော်ကပင် အမျိုးစောင့်ဥပဒေ ဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည် ဟု လူ့အခွင့်အရေးခေါင်းဆောင်နှင့် နောက်လိုက်များက အမျိုးစောင့်ဥပဒေဆိုတာ ဘာမှန်းမှမသိဘဲ၊ သိအောင်လည်းမလေ့လာဘဲ တရားမဲ့ရမ်းသန်းပြောဆိုခဲ့ခြင်းက သူတို့၏ စိတ်ဓာတ်လုပ်ရပ်များကို ဖော်ပြနေပါ သည်။ ယခုတောင်းဆိုနေသော အမျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံရှိအခြားဘာသာရေးများ၏ လက်ထပ်ထိမ်းမြားခြင်းဥပဒေနှင့် ညီနိုင်သလောက်ညီအောင် တန်းတူအခွင့်အရေးယူခြင်းသာဖြစ်သည်။ ပိုယူတာတစ်ခုမျှ မပါပါ။ တစ်ခုခြင်း နှိုင်းချိန်လေ့လာ နိုင်ပါသည်။ ရမ်းသန်းမပြောသင့်ပါ။ အခြားဘာသာများရတဲ့ အခွင့်အရေးအောက်ပင် နိမ့်နေပါသေးသည်။
          အမျိုးစောင့်ဥပဒေသည် ရွေးကောက်ပွဲအတွက် နိုင်ငံရေးအသုံးချခြင်းလုံးဝမဟုတ်ပါ။ ခုမှလုပ်တာလည်း မဟုတ်ပါ။ လွန်ခဲ့သော ၂-နှစ်ကျော်လောက်က စခဲ့တာပါ။ ဒီဥပဒေဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တိုင်း လုပ်ရမည့်အလုပ်ပါ။ မြန်မာ နိုင်ငံသားများအတွက် ပြုလုပ်ပေးသော အမျိုးစောင့်ဥပဒေကိုမှ ကန့်ကွက်ဟန့်တားနှောင့်ယှက်ဖျက်ဆီးသူလောက် မြန်မာနိုင်ငံ တော်ကို သစ္စာဖောက်သူဘယ်မှာရှိနိုင်ပါ့မလဲ။ ၂၀၁၅-ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံသစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုး ဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျရွေးချယ်သွားနိုင်ကြပါစေကြောင်း အသိပေးနှိုးဆော်ရင်း တိုင်းပြည်အတွက် မဘသ ဆောင်းပါးကို အဆုံးသတ်လိုက်ပါသတည်း။
          အမျိုးမစောင့်သူ ကိုယ်ကျိုးရှာသူ ရှောင်သွေလွှဲလို့၊ အားမပေးဘဲ ကင်းအောင်နေ။
          အမျိုးစောင့်သူ အားကိုးလောက်သူ အရှည်တွဲလို့၊ အားပေးအားမြောက် ကူညီလေ။
          အမျိုး ဘာသာ စောင့်ရှောက်ရေးနဲ့၊ အမျိုးစောင့်ဥပဒေဖြစ်ပေါ်ရေးကို ထောက်ခံအားပေးလေ။
          အဲဒါမှ အမျိုး ဘာသာ သာသနာ၊ ရှည်ကြာခိုင်ခံ့ တည်တံ့ မလေ။
          အဲဒါမှ မြန်မာ့အမျိုးသား အကျိုးစီးပွား တိုးတက်မြင့်မား မလေ။

အရှင်တိလောကာဘိဝံသ (အင်းစိန်)၊
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။
ကဆုန်လပြည့်ကျော် ၉-ရက်၊ ၁၃၇၇-ခု၊ 
(မေလ -၁၁၊၂၀၁၅)၊ တနင်္လာနေ့။                                                                   

No comments:

Post a Comment