Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, November 11, 2014

စပ်ကြားချိန်ခါ မရေရာ (အရှင်တိလောကာဘိဝံသ) သာကီသွေးဂျာနယ် အတွဲ (၂)၊ အမှတ် (၁၀)၊ စာမျက်နှာ (၆)မှ ထုတ်နုတ်ဖော်ပြပါသည်။



စပ်ကြားချိန်ခါ မရေရာ
အရှင်တိလောကာဘိဝံသ (အင်းစိန်)



တန်ဆောင်မုန်းလသည် မိုးဥတုအဆုံးနှင့် ဆောင်းဥတုအစ စပ်ကြားကာလဖြစ်သည်။ လဆန်းပိုင်း၌ မိုးဥတု ကုန်ဆုံး၍ လဆုတ်ပိုင်း၌ ဆောင်းဥတုစတင်သည်။ အပြောင်းအလဲ စပ်ကြားကာလအချိန်သည် မရေရာ မသေချာသော ကာလဖြစ်တက်သည်။ ရာသီဥတုပြောင်းလဲချိန်၌ အပြောင်းအလဲကို သတိမထားဘဲ စနစ် တကျမနေတက်လျှင် အအေးပတ်ခြင်း၊ နှာစေး၊ ချောင်းဆိုးစသည်ဖြင့် ကျန်းမာရေးထိခိုက်တက်သည်။ ၀န်ထမ်းများလည်း တာဝန်ချိန်ကုန်ဆုံးခါနီးနှင့် စတင်ကြားကာလများ၌ အချိန်များ၊ လုပ်အားများ ကို ဖြုန်းတီးပစ်တက်ကြသည်။ အလုပ်ပြီးအောင်လုပ်ဖို့ထက် အချိန်ကုန်ဖို့သာ မျှော်နေ သည်။ တောမီး လောင် တောကြောင်လက်ခမောင်းခက် ဆိုသလို ကိုယ်ကျိုးရှာ နိုင်ငံရေး သမားများလည်း အပြောင်းအလဲစပ်ကြားကာလ၌ တိုင်းပြည်နှင့်ဆိုင်သည့် အနှစ်သာရများကို ကိုယ်ကျိုးအတွက် သုံးပစ်တက်ကြသည်။ ဤသို့စသည်ဖြင့် တာဝန်မဲ့မှုများကြောင့် ဆိုင်ရာ ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ရှိတက်ကြသည်။ ယနေ့ မြန်မာ့ဖြစ်ရပ်မြင်ကွင်းများသည်လည်း ဤအတိုင်းဖြစ်နေကြ သည်။ အုပ်ချုပ်သူများ၊ နိုင်ငံရေးသမားများ၊ ၀န်ထမ်းများ စသည် တာဝန်ရှိသူအားလုံး တာဝန်မဲ့မှုကြောင့် တိုင်း ပြည်အတွက် အဖက်ဖက်က နစ်နာဆုံးရှုံးခဲ့ရသည်။ ကျွဲနှစ်ကောင်ခက်ရာမှာ မြေစာပင်ကြားကကြေ ဆိုသလို အချိန်ကာလ ၂-ခု၊ အင်အား ၂-ခုစသည်စပ်ကြားတွင် မြေစာပင်များ မကြေအောင် တာဝန်ရှိသူတို့ သတိထားဖို့ လိုအပ်ပါသည်။ ပြည်သူအတွက်ပြောပြီး ကိုယ့်အတွက်သာလုပ်နေလျှင် မြေစာပင်ပြည်သူများ မှုန့်မှုန့်ညက် ညက်ကြေမွသွားကြမည်မှာ မလွှဲပေ။
          မြန်မာနှင့် ကမ္ဘာ့သမိုင်းခေတ်တစ်လျှောက် အမြှော်အမြင်ကြီးမားသည့်မင်းများ ပြောင်းလဲချိန်၌ ချော မွေ့ခဲ့သော်လည်း မင်းဆိုးမင်းညစ် အပြောင်းအလဲများ၌ မြေစာပင်ပြည်သူများ အသက်အိုးအိမ် စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစသည် အဖက်ဖက်က ဆုံးရှုံးကာ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။ ယဉ်ကျေးမှုအမွေအနှစ်များ၊ ကိုယ်ကျင့်တရားများ ပျင်ယွင်းခြင်းက ပို၍နစ်နာ သည်။  စီးပွားရေးပျက်ယွင်းလျှင် ၁၀-စုနှစ်လောက်ဖြင့် ပြန်လည်ထူထောင်နိုင်သည်။ ပညာရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ ကိုယ်ကျင့်တရားများ ပျက်ယွင်းရာ၌ကား နှစ်ပေါင်းရာစုချီ၍ ထူထောင်ပြုပြင်ရလောက်အောင် ခက်ခဲသည်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ထားရှိသူ အတ္တသမားများကြောင့် ယနေ့မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုများ၊ အကျင့်စာရိတ္တများနှင့်တကွ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေးစသည် အဖက် ဖက်က ပျက်စီးယိုယွင်းခဲ့ရပါသည်။ (စပ်ကြားချိန်ခါ၊ မရေရာ၊ မြေစာ ကြားကကြေ)
          အနာဂတ်ကောင်းကို ဖန်တီးနိုင်သည့် အာဇာနည်များကား တာဝန်ကျေပွန်အောင် အားသွန်ခွန်စိုက် ပေးဆပ်ကြသည်။ သူတို့သည် အစကောင်း၍ အနှောင်းသေချာအောင် တာဝန်ယူကြသည်။ သို့မဟုတ် စ၊ လယ်၊ အဆုံး ၃-ပါးလုံး ကောင်းအောင်ဖန်တီးကြသည်။ မြတ်ဗုဒ္ဓသည် ဘုရားဖြစ်ချိန်မှစ၍ ဘ၀တစ်လျှောက်လုံး ၂၄-နာရီရှိသည့် နေ့စဉ်နေ့တိုင်း တစ်နေ့လျှင် ၂၂-နာ၇ီကျော်ကျော် နေ့မအားညမနား သတ္တ၀ါများအတွက် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားသည်။ ပရိနိဗ္ဗာန်စံဝင်ခါနီး နောက်ဆုံးချိန်မှာပင် ဟန္ဒ ဒါနိ ဘိက္ခဝေ စသည်ဖြင့်-
          ချစ်သား ချစ်သမီးတို့ ငါဘုရား၊ နောက်ဆုံးမှာကြားခဲ့ပါတယ်။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှသည် ပျက်စီးရမည်သာဖြစ်၍ သီလ(ကိုယ်နှုတ်စောင့်စည်းမှု)၊ သမာဓိ(စိတ်ဓာတ်တည်ကြည်မှု)၊ ပညာ (အမှတ်တရား ထိုးထွင်းသိမြင်မှု) သိက္ခာ ၃-ရပ်ကို သတိမလင့် ဖြည့်ကျင့်ကြပါလေ-ဟုမှာကြားပြီး ဘ၀အဆုံးသတ်သွားသည်။
          အနော်ရထာ၊ ကျန်စစ်မင်း၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း စသော အာဇာနည် ခေါင်းဆောင်များလည်း စပ်ကြားကာလ ပျက်စီးယိုယွင်းသွားခဲ့သော နိုင်ငံတော်ကို အေးချမ်းအောင် သာယာဝ ပြောအောင် သေတစ်ပန် သက်တစ်ဆုံး နိုင်ငံ့အကျိုးဆောင်ရွက်သွားခဲ့ခြင်းကြောင့် နောင်လာနောင်သားများ မေ့မဆုံးအောင် သမိုင်းကောင်းထွန်းပြောင် ခဲ့ကြသည်။
          ဘ၀တန်ကြေးသိသိ လူဖြစ်ရကျိုးနပ်အောင် လုပ်ဆောင်သွားသူများလည်း ရရှိဘ၀တာဝန်ကျေပွန်ခြင်း ကြောင့် လက်ရှိဘ၀အဆုံးသတ်သောအခါ လူ၊နတ်၊ နိဗ္ဗာန် ၃-တန်ဋ္ဌာန ဘ၀ကောင်းသို့ ရောက်ကြရမည်။ သံသရာခရီးသည်များလည်း ပန်းခင်းသော သံသရာလမ်းဖြစ်မည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်အရေးအရာတိုင်း တိုးတက်မည်၊ အောင်မြင်မည်၊ သာယာမည်၊ ငြိမ်းချမ်းမည်၊ ကြီးပွားမည်မှာ မလွဲပေ။
          အိမ်ကို မီးလောင်ရာ၌ အိမ်ရှိလူအားလုံး အမြန်ဆုံး မီးလေးလွှတ်အောင် သို့မဟုတ် လက်ရှိတွေ့ကြုံဆဲ အန္တရာယ်လွတ်အောင် တက်ညီလက်ညီ နိုင်ရာတာဝန်ယူရမည့် အချိန်သာဖြစ်သည်။ အပြစ်ပြောနေရမည့် တွတ်ကတ်နေရမည့် အချိန်မဟုတ်။ လှေစီးပြီး စုပေါင်းခရီးသွားရာမှာလည်း ရေလည်ခေါင်တွင် အန္တရာယ်ဖြစ် လောက်အောင် လှေပေါက်လှေကွဲရာ ကိုယ်နှင့်မဆိုင် ကိုယ့်တာဝန်မဟုတ်သလို တာဝန်မဲ့နေလျှင်သော်လည်း ကောင်း လှေနစ်ပြီး အားလုံးဒုက္ခရောက်ကြရမည်။ ကိုယ်နိုင်ရာဘက်က လိုအပ်သလို ၀ိုင်းဝန်းတာဝန်ယူကြမည် ဆိုလျှင် အန္တရာယ်သက်သာနိုင်သလောက် သက်သာမည်။
          မြန်မာနိုင်ငံအတွက် တာဝန်ရှိသူများဖြစ်ကြသည့် အာဏာပိုင်များ၊ နိုင်ငံရေးသမားများ၊ ဓနရှင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မီဒီယာများ၊ စာနယ်ဇင်းများ စသည် စသည်တို့ သည် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များဖြစ်သည်။ စုပေါင်းညီညာစွာ ကိုယ်နိုင်တဲ့ဘက်က၀င်ရောက်ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆောင်ရွက်ဖို့လိုနေကြပြီ။ အချင်းချင်းလက်ညှိုးထိုးနေရမည့်အချိန်၊ ငြင်းခုံနေရမည့်အချိန် ရန်ဖြစ်နေရမည့်အချိန်၊ တွတ်ကပ်နေရမည့်အချိန် မဟုတ်တော့ပေ။ အချင်းချင်းတွတ်ကပ်နေလျှင် တိုင်းပြည် ရောလူမျိုးပါ ဆုံးရှုံးသွားမည်။ ယနေ့မြန်မာပြည်၌လည်း အာဏာရှင်ခေတ် ဒီမိုကရေစီခေတ် စပ်ကြားအချိန် အန္တရာယ်အမျိုးမျိုး ကြုံနေချိန်ဝယ် တာဝန်ရှိသူအားလုံး ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ဦးစားပေးကြပါ။ ဆရာကြီးဒဂုန်တာရာ၏ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာပဲ ဟူသောစကားကို လက်တွေ့အကောင်အထည် ဖော်နိုင် မဖော်နိုင်မှာ ယနေ့တာဝန်ရှိနေ ကြသော နိုင်ငံရေးခေါင်းဆောင်များ၏ အရည်အချင်းက မှတ်ကျောက်တင်ပါလိမ့်မည်။ ယနေ့တာဝန်ရှိ သူခေါင်းဆောင်များ၏ အရည်အချင်းစမ်းသပ်ပွဲ လည်း ဖြစ်ပါလိမ့်မည်။
          စတုတ္ထမဏ္ဍိုင် စာနယ်ဇင်း မီဒီယာများက ပို၍အရေးကြီးပါသည်။ သူတို့၏ လက်နက်သည် အထက် မြက်ဆုံးလည်းဖြစ်ပါသည်။ အဏုမြူကဲ့သို့လည်းကောင်း၊ ပျက်အောင် ၂-မျိုးလုံးစွမ်းနိုင် သည်။ ပြည်သူလူထု အားလုံး၏ စိတ်နှစ်လုံးထဲသို့ အမြန်ဆုံးရောက်စေနိုင်ပါသည်။ စတုတ္ထမဏ္ဍိုင်များကို အထူးတိုက်တွန်းတောင်းပန်လိုသည်မှာ ဆူလွယ်နပ်လွယ် အများအကြိုက် ဈေးကွက်ဝင်အမြတ်ရ ကိုယ် ကျိုးဖြစ် သဘောမျိုးဆောင်လျှင် စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုနိုင်ပါမည်လား။ မဏ္ဍိုင်ဆိုသည်မှာ တိုင်ပြည်နှင့် လူမျိုးအတွက် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည့်မတ်ရမည်။ မှန်ကန်ရမည်။
  ယနေ့မြန်မာနိုင်ငံတွင် စွမ်းဆောင်နိုင်သူ လူကြီးများကလည်း မိမိ မိသားစု စားဝတ်နေရေး လုံလောက် နေရုံဖြင့် အလုပ်မလုပ်ဘဲနေကြသည်။ လုပ်ငန်းဝင်နေကြသည့် လူလတ်ပိုင်းများကလည်း သက်တောင့်သက်သာ ၀န်ထမ်းအလုပ်ကိုသာ အားကိုးနေကြသည်။ ပညာသင်ကြားရမည့်အရွယ် လူငယ် ပိုင်းများကလည်း ချစ်ခန်း ကြိုက်ခန်းဖြင့်လည်းကောင်း အပျော်အပါး အလောင်းကစား စသည်ဖြင့် လည်းကောင်း ပညာမသင်ဘဲ အချန်ဖြုန်းနေကြသည်။ လူငယ် လူလတ် လူကြီး အရွယ်အသီးသီးတို့သည် တိုင်းပြည်နှင့်လူမျိုး တိုးတက်ကြီး ပွားရေး အခွင့်အလမ်းများ၊ အရည်အသွေးများ၊ လူ့အရင်းအမြစ်များ အနှစ်သာရများကို ဖြုန်းတီးပစ်နေကြသည်။ ထိုဆုံးရှုံးမှုများ မဖြစ်အောင် စတုတ္တမဏ္ဍိုင်တာဝန်ရှိသူများက လမ်းညွှန်ပေးကြပါ။
      ဒါတွင်မက အသိပညာ တိုးတက်ဖွံ့ဖြိုးမှုစွမ်းရည် ဥာဏဗလ၊ ကိုယ်ကျင့်တရား တိုးတက်ဖွံ့ဖြိုးမှုစွမ်းရည် စာရိတ္တဗလ၊ စားဝတ်နေမှု ကျန်းမာမှုအတွက် စီးပွားဥစ္စာပြည့်စုံကြွယ်ဝအောင် သမ္မာအာဇီဝကျကျ ကြိုးစား ရှာဖွေစုဆောင်းထားနိုင်မှုစွမ်းရည် ဘောဂဗလနှင့် ကာယ၊ မိတ္တဗလဟူသော ဗလ ၅-တန် ပြည့်စုံနိုင်သည့် လမ်းညွှန်မှုများပြုပေးကြပါ။ နွားကွဲလျှင် ကျားဆွဲမည် ညီညာမှ ပြည်သာနိုင် မည်ဖြစ်၍ အချင်းချင်း ညီညွတ်အောင် လမ်းပြပေးကြပါဟု တိုက်တွန်းရင်း စပ်ကြားချိန်ခါ မရေရာ ဟူသော ဆောင်းပါးကို အဆုံး သတ်အပ်ပါသတည်း။

အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။
တန်ဆောင်မုန်းလဆန်း ၁၄-ရက်၊ ၁၃၇၆-ခု၊
(နိုဝင်ဘာလ-၅၊ ၂၀၁၄)၊ ဗုဒ္ဓဟူးနေ့။

No comments:

Post a Comment