Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, November 26, 2014

သာသနာ့ အာဇာနည်

လောကာ၌ အာဇာနည်ယောက်ျား ပေါ်ပေါက်ဖို့မှာ ကြုံတောင့်ကြုံခဲသော အရာဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက-

ဒုလ္လဘော ပုရိသာဇညော (ဇာနည်ယောက်ျား ရှားမှရှား)ဟု ဟောကြားခဲ့ပါသည်။
တွေ့ကြုံဖြစ်ပေါ်ဖို့ ခဲယဉ်းခြင်းကြောင့်ပင် တန်ကြေးရှိသော အာဇာနည်ယောက်ျားဟု ဆိုရသည်။ အာဇာနည်ဆိုသည်မှာလည်း ယောက်ျားအာဇာနည်၊ မိန်းမအာဇာနည်၊ စစ်သားအာဇာနည်၊ သာသနာ့အာဇာ နည် စသည်ဖြင့် သက်ဆိုင်ရာအကြောင်းအရာအလိုက် အမျိုးမျိုးကွဲပြားနိုင်သည်။ ဤ၌ကား သာသနာ့အာဇာ နည်ကို ပြောလိုရင်းဖြစ်သည်။

သာသနာ့အာဇာနည်များ

သာသနာတော်ဆိုင်ရာ၌ သူမတူအောင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်သူများ၊ တက်မြောက်သူ များကို သာသနာ့အာဇာနည်များဟု ခေါ်ဆိုလေ့ရှိကြသည်။ ပိဋကတ်ဆိုင်ရာ အာဂမ၊ သဘာဝတို့ကို ထူးချွန် ပြောင်မြောက်စွာ တက်မြောက်သူများ စာမေးပွဲအောင်သူများကို သာသနာ့အာဇာနည်အဖြစ် ဘွဲ့ထူး၊ ဂုဏ်ထူး များ ပေးအပ်၍ ချီးမြှောက်ပူဇော်လေ့ရှိကြသည်။ တိပိဋကဘွဲ့နှင်းသဘင်၊ မဟာဘွဲ့နှင်းသဘင် စသည်တို့မှာ ထင်ရှားသော သက်သေများဖြစ်သည်။

အချို့ ပုဂ္ဂိုလ်များမှာ ဘွဲ့ထူး၊ ဂုဏ်ထူးမငဲ့ဘဲ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ထူးချွန် ပြောင်မြောက်စွာ စာပေပို့ချကြသည်။ ဟောပြောကြသည်။ ပရိယတ်၊ ပဋိပတ်လုပ်ငန်းများကို ဆောင်ရွက်ကြ သည်။ အားပေးကူညီကြသည်။ ထိုပုဂ္ဂိုလ်များကိုလည်း သာသနာ့ အာဇာနည်များဟု ခေါ်ဆိုင်နိုင်သည်။ ဤဆိုခဲ့ ပြီးသည်ကိုထောက်ရှုလျှင်-

(၁) တက်မြောက်သူ သာသနာ့ အာဇာနည်

(၂) စွမ်းဆောင်နိုင်သူ သာသနာ့အာဇာနည် ခေါ်ဆိုခြင်းက ပို၍သဘာဝကျသည်။

ဂုဏ်နှင့်ဒြပ် မဟပ်သော အာဇာနည်

တက်မြောက်ရုံသက်သက်ဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူးများကိုဗန်းပြပြီး အကြည်ညိုခံသက်သက်ဖြစ်သော အမည်ခံ သာသနာ့အာဇာနည်များမှာ ဂုဏ်နှင့်ဒြပ်မဟပ်သော အတွင်ရုဠှီ သာသနာ့ အာဇာနည်မျှသာ ဖြစ်ပေ သည်။

“သကတ္ထကြောင့်၊ ရသောပညတ်၊ သကတ်ပျောက်လျက်၊ မည်မပျက်သည်၊ မှတ်လော့အတွင် ရုဠှီ တည်း” ဟူသော အဆိုအမိန့်အတိုင်း-

သကတ်ပျောက်နေသူများ

နာမည်နှင့် မလိုက်လျောသူများသာ ဖြစ်ပေသည်။

ဘွဲ့ထူး ဂုဏ်ထူး ပေးထားခြင်း၏ ရည်ရွယ်ချက်မှာလည်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို သိမြင်သူများက ပံ့ပိုးကူညီနိုင်ရန် မြင်သာသော ထင်ရှားသော မှတ်တိုင်တစ်ခုအဖြစ် သတ် မှတ်ပေးထားခြင်းဖြစ်သည်။

ထူးခြားသည့် သာသနာ့အာဇာနည်

တက်မြောက်သူလည်းဖြစ်၊ စွမ်းဆောင်နိုင်သူလည်း ဖြစ်ပါမူကား အဘယ်မှာ သာသနာ့အာဇာနည်ဟု မခေါ်နိုင်ဘဲ ရှိပါမည်နည်း။ ထူးခြားသော သာသနာ့အာဇာနည်ဟုသာ ခေါ်ဆိုရပေမည်။ မိမိကိုယ်တိုင်လည်း သာသနာ့အာဇာနည်ဖြစ် သူတစ်ပါးတို့ကိုလည်း သာသနာ့အာဇာနည်ဖြစ်အောင် စွမ်းဆောင်နိုင်သူများမှာ ထူး ခြားသည့် သာသနာ့အာဇာနည်များပင် ဖြစ်သည်။

No comments:

Post a Comment