Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 4, 2016

၂၀၁၆-ခုနှစ်ရေဘေးအတွက် မဘသ(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်


ယခုလက်ရှိ၂၀၁၆-ခုနှစ် အတွင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခများနှင့်ပတ်သက်ပြီးတော့ မဘသ(ဗဟို)မှ ယမန်နှစ်ကအတိုင်း ရေဘေးသင့်ပြည်သူများထံ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ သက်ဆိုင်ရာမြို့နယ် မဘသများမှဖြစ်စေ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား တာဝန်သိသူ စေတနာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၅-ခုနှစ်၌လည်း ရေဘေးသင့်ပြည်သူများအား အလှူငွေမျာ၊ ဆန်/ဆီ အစားအသာက်ပစ္စည်းများ ၊ အ၀တ်အထည်နှင့် ကျောင်းသုံးပစ္စည်းများ အပါအ၀င် ငွေကျပ်သိန်း၂၀၀၀၀(သိန်းနှစ်ထောင်ကျော်)အား ရေဘေးသင့်ရာ နေရာဒေသအထိတိုင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီကယ်ဆယ်ပေး နိုင်ခဲု့ပါတယ်။

ယခု ၂၀၁၆-ခုနှစ်မှာလည်း အလားတူပဲ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ဖို့အတွက် မဘသအဖွဲ့ဝင်များမှ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း တာဝန်သိစေတနာရှင်အလှူရှင်များနှင့် ပါဝင်လှူဒါန်းသူများကိုလည်း မဘသ(ဗဟို)မှဦးဆောင်ပြီး ဖိတ်ခေါ်ပါတယ်။

နောက်ပီး ဒီနှစ်မှာလည်း ရေဘေးသင့်ပြည်သူများနဲ့ ရေဘေးဒုက္ခများအတွက် မဘသ(ဗဟို)မှ နှိုးဆော်တိုက်တွန်းတဲ့အနေနဲ့ သဘောထားကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ရေးသားဖော်ပြထားပါသည်။



သဘောထားထုတ်ပြန်ချက်

ယခုလောလောဆယ် မြန်မာပြည်အထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများ၌ ရေဘေးဒုက္ခများနှင့် တွေ့ကြုံနေကြရသည်၊ ထိုကဲ့သို့ ရေဘေးဒုက္ခရောက်နေသူများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ မဘသအဖွဲ့ဝင် ရဟန်းရှင်လူများသည် ကိုယ်ပိုင် တနိုင်တပိုင်ဖြစ်စေ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ဖြစ်စေ စွမ်းနိုင်သလောက် ကူညီထောက်ပံ့ကြပါဟု နှိုးဆော်တိုက်တွန်းပါသည်။ ဒုက္ခရောက်နေသူများကို လက်ရှိကူညီ ကယ်တင်ပေးနေသူများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါသည်။
မကြာမီ မြန်မာပြည်အောက်ပိုင်းဒေသများ၌လည်း အထက်ပိုင်းဒေသမှ ရေများစီးဆင်းလာခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်နေခြင်း၊ ရေတက်ရက်ဖြစ်ခြင်းတို့ကြောင့် ရေကြီးရေလျှံ-စသော အန္တရာယ်များ ကြုံလာနိုင်ပါသည်။ လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသည် ကြုံတွေရမည့် အခြေအနေအရပ်ရပ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြောင်း ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပင် ဖြစ်သည်။

ယမန်နှစ် ၂၀၁၅-ခုနှစ် ရေဘေးဒုက္ခတုန်းကလည်း မဘသအဖွဲ့ဝင်များ၊ တာဝန်သိသူ စေတနာရှင်များတို့၏ ၀ိုင်းဝန်းကူညီမှုကြောင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကို ထိုက်သင့်သလျောက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါ သည်။

ထို့အတူ ယခုနှစ်မှာလည်း-

(က) သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အန္တရာယ်မကြုံမီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ကြုံနေသူများကိုလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ခြင်းတို့ကို ပြုလုပ်ထားသင့်ပါကြောင်း၊

(ခ) စေတနာရှင်များကလည်း ဒုက္ခရောက်နေသူများထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ မဘသ(ဗဟို)နှင်တကွ သက်ဆိုင်ရာဒေအသီးသီးရှိ မဘသများနှင့် ဆက်သွယ်၍ဖြစ်စေ တာဝန်ယူဆောင်ရွက်နေကြသောသူများ နှင့် ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
နေ့စွဲ ၁၃၇၈-ခု၊ ၀ါဆိုလပြည့်ကျော် ၁၄-ရက်၊
သြဂုတ်လ ၂-ရက်၊ ၂၀၁၆)၊ အင်္ဂါနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

No comments:

Post a Comment