Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, April 29, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒေသအသီးသီး၌ ကျင်းပအပ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားသို့ ပေးပို့အပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒေသအသီးသီး၌ ကျင်းပအပ်သော
ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားသို့ ပေးပို့အပ်သော
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏
သဝဏ်လွှာ

ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၇-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ဖြစ်ပါတယ်၊ မြန်မာလ ၁၂-လတွင် ဒုတိယလလည်းဖြစ်ပါတယ်၊ တန်ခူးရေကုန် ကဆုန်ရေခမ်း ဆိုသည့်အတိုင်း ရေများခမ်းခြောက်လောက်အောင် ပူပြင်းသော နွေမွန်းတည့် ကာလဟုလည်းဆိုရမယ်၊ နေ့၏ အလယ်တည့်တည့်အချိန်ကို မွန်းတည့်ချိန် ဟုခေါ် သကဲ့သို့ ဤကဆုန်လပြည့်သည် နွေ ၄-လ၏ အလယ်ဗဟိုချက်မ ဖြစ်သောကြောင့် နွေမွန်းတည့် ဟုဆိုခဲ့ခြင်း ဖြစ်ပါတယ်။
ပူပြင်းခြောက်သွေ့သော အခါသမယဖြစ်၍ ညှိုးခြောက်နေသော မြတ်ဗုဒ္ဓပွင့်တော်မူရာ ပရိဘောဂ စေတီဖြစ်တဲ့ ဗောဓိပင်ကို ရေစင်, ရေအေးများဖြင့် သွန်းလောင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဝေယျာဝစ္စ ကုသိုလ်ယူသောအနေဖြင့် ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းဖြစ်ပါတယ်၊ မြန်မာလူမျိုးတို့သည် နှစ်ဟောင်း ကုန်၍ နှစ်သစ်အစ သင်္ကြန်ကာလမှာလည်း သင်္ကြန်ရေစင်, ရေအေးများ ပက်ဖြန်း၍ နှစ်သစ်ကိုကြိုဆိုခဲ့ပါတယ်၊ ယခုတစ်ဖန် ကဆုန်လပြည့်မှာလည်း ရေစင်, ရေအေးများဖြင့် ညောင်ရေသွန်းကာ ပူပြင်းမှုကို ဖြေဖျောက်ကြ ပြန်ပါတယ်။
ဤကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်ရာ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝင်ကြောင်းဆိုင်ရာ-
၁။ နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့သောနေ့၊
၂။ ဖွားမြင်တော်မူသောနေ့၊
၃။ ဘုရားအဖြစ်သို့ ရောက်သောနေ့, ဘုရားပွင့်သောနေ့၊
၎။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ဟု ၄-မျိုးနှင့် ဆိုင်သောနေ့ဖြစ်ခြင်းကြောင့် ထူးခြားသောနေ့ဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓ၏ ဤနောက်ဆုံးဘဝမှာပင် ဖွားမြင်သောနေ့, ဘုရားဖြစ်သောနေ့, ပရိနိဗ္ဗာန်စံသောနေ့ ဟု ထူးခြားချက် နေ့ထူးကြီး ၃-မျိုးနဲ့ ကြုံကြိုက်ခဲ့ပါတယ်၊ ထို့ကြောင့်-
ဗျာဒိတ်တော်ခံ၊ ဖွား, ပွင့်, စံ၊ လေးတန်စုံစေ့ ကဆုန်ပြည့်။
ဟု အကျဉ်းဆောင်ပုဒ်မှတ်သားထားကြရမယ်၊ မြန်မာလူမျိုးများသည် ကံထူးသူများဖြစ်ကြပါတယ်၊ ဒါတင်မက အစကောင်း၍ အနှောင်းသေချာသောသူများဟုလည်း ဆိုရပါမယ်၊ ဘာလို့လည်းဆိုလျှင်-
၁။ မြတ်ဗုဒ္ဓသည် ခရစ်မပေါ်မီ ဘီစီ ၅၈၈-ခု ကဆုန်လပြည့်နေ့၌ ဘုရားအဖြစ်သို့ ရောက်ခဲ့ပါတယ်၊ ဘုရားဖြစ်ပြီးနောက် ၄၉-ရက်မြောက်၊ ၇-ရက်၊ ၇-လီ သတ္တဋ္ဌာန စံပြီးစအချိန် လင်းလွန်းပင်အောက်၌ ထိုင်နေ တော်မူစဉ် မြန်မာပြည်သား တပုဿ, ဘလ္လိက ကုန်သည်ညီနောင်နှစ်ယောက်တို့ ဖူးမြင်ခွင့် ရကြပါတယ်၊ ဒါဟာ မြတ်ဗုဒ္ဓကို ပထမဦးဆုံး လူသားထဲက ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဖူးမြင်ခွင့်ရသူများဖြစ်ပါတယ်။
၂။ ဘုရားဖြစ်ပြီးစ ပထမဦးဆုံး ဆွမ်းလှူခွင့် ရသူများမှာလည်း မြန်မာပြည်သား တပုဿ, ဘလ္လိက တို့ပင်ဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓဟာလည်း ဘုရားဖြစ်ပြီးစ ပထမဦးဆုံး ဘုန်းပေးသည့်ဆွမ်းမှာ မြန်မာ့ဆွမ်းပင် ဖြစ်ပါတယ်။
၃။ လူသားထဲမှ ပထမဆုံး သရဏဂုံတည်သူများမှာလည်း မြန်မာပြည်သား တပုဿ, ဘလ္လိက တို့ပင် ဖြစ်ပါတယ်။
၎။ မြတ်စွာဘုရားကိုယ်တော်တိုင် ကိုးကွယ်စရာ ဆံတော်ချီးမြှင့်ခံရသူများမှာလည်း မြန်မာပြည်သား တပုဿ, ဘလ္လိက တို့ပင်ဖြစ်ပါတယ်။
၅။ တပုဿ, ဘလ္လိက တို့ယူလာသော ဆံတော်ကို ဥက္ကလာပမင်းကြီးက သိဂုင်္တ္တကုန်းတော်ပေါ်၌ ရွှေတိဂုံစေတီတော် တည်ထားခဲ့သဖြင့် ကမ္ဘာ့မြေပြင်ပေါ်တွင် ပထမဆုံးမြေပေါက်စေတီ တည်ထားခြင်းမှာ လည်း မြန်မာပြည်သားများပင်ဖြစ်ပါတယ်။
ထို့ကြောင့် မြန်မာပြည်သားများသည် အစကောင်းခဲ့သူများဖြစ်ပါတယ်၊ ဒါကို-
ဖူးခွင့်, လှူခွင့်၊ ဆည်းကပ်ခွင့်နှင့်၊ ချီးမြှင့်ဆံတော်၊ စေတီတော်တည်၊ ဤ ငါးလီ၊ မြန်ပြည်ပထမဆုံး။
ဟု အတိုကောက် မှတ်ထားကြရပါမယ်။
ယနေ့တိုင်အောင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားဆုံးနိုင်ငံမှာလည်း မြန်မာနိုင်ငံပင်ဖြစ်ပါတယ်၊ မြန်မာပြည်သည် ထေရဝါဒဗုဒ္ဓသာသနာ၏ နောက်ဆုံးခံတပ်လည်းဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာပြည်သား များကို အစကောင်း၍ အနှောင်းသေချာသူများ ဟုဆိုခဲ့ခြင်းဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာဝင်တို့၏ အားထားကိုးကွယ် ရာ ဘုရား, တရား, သံဃာတို့သည် လောကတွင် မည်သည့်ရတနာနှင့်မျှတုနှိုင်းမရသည့် တန်ဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်သည်ကို-
ယံကိဥ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဟု ပရိတ်ကြီး ရတနသုတ်၌ မြတ်စွာဘုရားဟောကြားထားပါတယ်။
အဖိုးတန်သည့် ရတနာကို ပိုင်ဆိုင်ထားသူဖြစ်ပါလျက် မိမိပိုင် အဖိုးတန်ရတနာ၏ တန်ဖိုးကိုသိဖို့နှင့် မဆုံးရှုံးအောင် ထိန်းသိမ်းဖို့ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်၊ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်ရတနာကို တန်ဖိုးလည်းမသိ ထိန်းသိမ်းဖို့လည်းမသိသူလောက် ညံ့ဖျင်းသူဘယ်မှာရှိပါ့မလဲ၊ မြန်မာပြည်သားများသည် အခြားသောကမ္ဘာသူ, ကမ္ဘာသားများထက် ကံကောင်းထောက်မ၍ တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ရကြပါတယ်၊ ဒါဟာလည်း ရှေးရှေးသော အနော်ရထာ, ကျန်စစ်သား, ဘုရင့်နောင်, အလောင်းဘုရား, ဗိုလ်ချုပ်အောင်ဆန်း-စသော မြန်မာခေါင်းဆောင်များ၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါတယ်။
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယ ကျင်းပခြင်းဖြင့်-
၁။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို ပွားများခြင်း၊
၂။ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ယနေ့တိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာသူတို့၏ ကျေးဇူး ဂုဏ်ကို အမှတ်ရခြင်း၊
၃။ မိမိတို့၏ အမျိုး ဘာသာ သာသနာကို ဆရာဒကာ လက်တွဲညီညာ ထိန်းသိမ်းဖို့ အဓိဋ္ဌာန်ပြုခြင်း၊
စသော အနှစ်သာရများ ရယူဖို့လည်း လိုအပ်ပါတယ်။
ထို့ကြောင့် ယနေ့ ကြွရောက်လာကြသော ပရိတ်သတ်များက မြန်မာပြည်သားများ၏ ကိုယ်ပိုင်ရတနာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါဟု တိုက်တွန်းစကား ပြောကြားရင်း အောက်ဖော်ပြပါ ဗုဒ္ဓဝင် လင်္ကာများ, အဓိဋ္ဌာန်များကို စုပေါင်းညီညာရွတ်ဆိုပူဇော်ပြီး နှိုးဆော်သံများကဗျာ များကို ဆက်လက်ရွတ်ဆိုကြပါစို့။
၁။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌ မဟီလှိုက်ဆူ၊
ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို…..။
၂။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူ၍၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို….။
၃။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊နတ်လူဗြဟ္မာ၊သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှမ်းဆူသောင်းလုံး ကျော်တယ်ကို….။
နှိုးဆော်သံ
ဗုဒ္ဓဘာသာရှင်လူအများက သတိတရားထားသင့်ပြီ။
အခြားဘာသာ တိုးတက်ရေးကို အခြားသူများဆောင်ရွက်သည်။
ဗုဒ္ဓဘာသာတို့တတွေအများက သွေးအေးလို့မနေသင့်ပြီ
သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ကြုံလိမ့်မည်။
နှိုးဆော်ပါသည် အကျိုးမျှော်ကာရည်
တို့ဘာသာရေး တို့မျှော်တွေးလို့ တို့အလေးပေးသင့်ပြီ။
တူပြိုင်လှမ်းလို့ချီ၊ အရောက်လှမ်းပါလို့ စုံစုံညီညီ
ကလေးဘဝက မြဲခိုင်ယုံကြည် သက်ဆုံးထိတိုင်ရည်
ရင်ထဲမှာ ဒို့ဘာသာအစစ် ကိန်းဝပ်စေမည်/

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ

No comments:

Post a Comment