Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, July 9, 2014

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေပေါ်ဥပဒေမူကြမ်းအပေါ် (၁) လူ့အခွင့်အရေး (၂) ၁၉၄၅-ခုနှစ် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့ကို အကိုးအကားပြုသည့် ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက် အပိုင်း (၁)


ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
အရေးပေါ်ဥပဒေ (မူကြမ်း) အပေါ် (၁) လူ့အခွင့်အရေး (၂) ၁၉၅၄-ခုနှစ်
ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့ကို အကိုးအကားပြုသည့် ကန့်ကွက်ချက်များနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြချက်

အပိုင်း(၁)


၂၇.၆.၂၀၁၃ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း တိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးကို ``သီတဂူ ဆရာတော်ကြီး Dr. အရှင် ဥာဏိဿရ´´ နှင့် နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတဂန္ထကာရက၊ အဘိ ဓမ္မာဘ၀ါပါရဂူ၊ ပဓာနနာယကဆရာတော် ``ဘဒ္ဒန္တတိလောကာဘိဝံသ´´ (အင်းစိန်၊ ရွာမပရိယတ္တိစာသင် တိုက်) တို့ ဦးဆောင်၍ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကဆရာတော်ကြီး ``၉´´ ပါးပါဝင်သည့် နိုင်ငံတစ်ဝန်းလုံး ရှိ``တစ်ထောင့်ငါးရာ´´ကျော် သံဃာ့ကိုယ်စားလှယ်တော်များ စုံညီစွာတက်ရောက်၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို အညီအညွတ်အောင်မြင်စွာဖွဲ့စည်းခဲ့ပြီး အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး အတွက် ကိုးကွယ်ရာဘာသာနှင့်ပတ်သက်သည့် မှတ်ပုံတင်ဥပဒေ(မူကြမ်း)နှင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုး သမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းတို့ကို နိုင်ငံမှလည်းဥပဒေဖြင့် ပြဋ္ဌာန်းပေး စေလိုကြောင်းနှင့် တစ်လင်တစ်မယားစနစ်၊ လူဦးရေတိုးပွားနှုန်းနှင့်ပတ်သက်၍ အကြံပြုစာတမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် တက်ရောက်တော်မူကြသော သံဃာတော်များနှင့် သီလရှင် များအပါအ၀င် ရဟန်းရှင်လူအားလုံးက သာဓုအနုမောဒနာခေါ်၍ အခိုင်အမာဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါ သည်။
          ယင်းသို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး၏ လုပ်ဆောင်ချက်များမှာ နိုင်ငံတော်တစ်ခုလုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ရိုက်ခတ် ၍ ပျံ့နှံ့ခဲ့ပါသည်။
          ထိုသို့ ဗုဒ္ဓသာသနာတော်ကြီးနှင့် တိုင်းပြည်၊ လူမျိုးအကျိုးစီးပွါး ထွန်းလင်းတောက်ပလာတော့ မည်ကို မရှုစိမ့်နိုင်ကြသော၊ မလိုလားကြသော၊ မကျေနပ်ကြသော လူပုဂ္ဂိုလ်အချို့နှင့်  အဖွဲ့အစည်းကို ကိုယ် စားပြုသည်ဟု ဆိုသူတို့က အပြစ်အမျိုးမျိုးရှာ၍ ကန့်ကွက်လာကြပါသည်။
          ယနေ့မြန်မာနိုင်ငံဥပဒေတွင် ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေ၏ အတွဲ ``တစ်´´ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အက်ဥပဒေ -
          ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုသိမ်းယူပြီး ၁၈၉၈ ခုနှစ်တွင် မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေ (Thef Burma Laws Act) ပုဒ်မ ၁၃ ကို အောက်ပါအတိုင်းပြဋ္ဌာန်း၍ အိမ်ထောင်ရေးအမှုကိစ္စ တို့ကို ကိုးကွယ်သည့် ဘာသာအလိုက် ခွဲခြားစီရင်စေခဲ့သည်။
          ထိုမြန်မာနိုင်ငံ တရားဥပဒေများ ပုဒ်မ ၁၃ အရမှာ -
၁။       မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားရေး (သို့) အဖွဲ့အစည်း တစ်စုံတစ်ရာတို့နှင့် ပတ်သက်သည့် မည်သည့်ပြဿနာကိုမဆို အဆုံးအဖြတ်ပေးရန်ရှိလျှင်
          (က)    အမှုသည်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျှင် ဗုဒ္ဓဘာသာ တရား ဥပဒေ၊
          ( ခ)    အမှုသည်များသည် မဟာမေဒင်ဘာသာဝင်များဖြစ်ကြလျှင် မဟာမေဒင် တရားဥပဒေ၊
          ( ဂ)    အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူတရားဥပဒေတို့အရ အဆုံးအဖြတ် ပေးရမည်ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့်
          (၁)     ဟိန္ဒူဘာသာဝင်သည် ဟိန္ဒူဘာသာဝင်အချင်းချင်း
          (၂)     အစ္စလာမ်ဘာသာဝင်သည် အစ္စလာမ်ဘာသာဝင် အချင်းချင်း
          (၃)     ခရစ်ယာန်ဘာသာဝင်သည် ခရစ်ယာန်ဘာသာဝင်အချင်းချင်းတို့သာ လက်ထပ်ခွင့်ရှိကြောင်း (ခရစ်ယာန်ဘာသာကမူ ဘာသာခြားနှင့်လက်ထပ်လျှင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌သာ ယင်းတို့ထုံးစံနှင့် အညီ လက်ထပ်ရမည်ဖြစ်ကြောင်း) ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လက်ရှိတည်ဆဲပြဋ္ဌာန်း အက် ဥပဒေအဖြစ် လက်ခံပြဋ္ဌာန်းထားရှိပါလျက်နှင့် -
(၄)     ကျွန်ုပ်တို့ မြန်မာဗုဒ္ဓဘာသာများ လက်ခံကျင့်သုံးနေရသည့်
(က)    မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနှင့်၊
( ခ)    ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့၌မူ မြန်မာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို မည်သည့်ဘာသာဝင်မဆို (ဘာသာမတူသူတို့က) လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်ခွင့်ပြုထားရှိနေပါသည်။
          အထက်ပါ အမှတ်စဉ် (၁) (၂) (၃) ဘာသာများအတွက်မူ မြန်မာနိုင်ငံတော် ၏ အက်ဥပဒေ (တစ်နည်း) ပြဋ္ဌာန်းဥပဒေအဖြစ် တရားဝင်လက်ခံထားရှိပြီးဖြစ်ပါသည်။ (ထိုအချက်ကို ကျွန်ုပ်တို့ဘက်က မည်သို့မျှကန့်ကွက်ပြောဆိုရန်မရှိ လက်ခံထားပါသည်။)
          အထက်ပါ လက်ရှိအခြေအနေများနှင့် ယနေ့မျက်မှောက်ပေါ်ပေါက်နေသော ပကတိအခြေအနေများ ကို အကြောင်းပြု၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ကြီးမှ
          (၁)     မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း)
          (၂)     ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင်ဥပဒေ(မူကြမ်း)တို့ကို ဥပဒေများဖြင့် ပေါ်ပေါက် လာရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။
          စာဖတ်သူအနေဖြင့် ထိုဥပဒေ (မူကြမ်း) တို့ကို အလွယ်တကူဖတ်ရှုနိုင်ရန် အတွက် အောက်ပါအတိုင်း ထပ်မံဖော်ပြလိုက်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ် ဥပဒေ (မူကြမ်း)
(၁)     ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။
(၂)     မည်သူကိုမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင်ဗုဒ္ဓဘာသာဝင် ဖြစ်ရ မည်။
(၃)     ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိထားသူ ဖြစ်ရမည်။
(၄)     ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံယူရမည်။
(၅)     အထက်ပါ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည်။
(၆)     အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် မည့်အပြင် ထိုသူပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအားပေးရမည်။
(၇)     ၄င်းအပြင်       ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်း ဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့နှင့်ပါ သီးခြားအရေးယူအပြစ် ပေးရမည်။
(၈)     ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအသစ် ရေးဆွဲ ပြဋ္ဌာန်းပြီးသည့်အထိ ရုပ်သိမ်းထားရမည်။
(၉)     ဤအရေးပေါ်ဥပဒေကို (                   ) ပြဋ္ဌာန်းအတည်ပြုပြီး ချက်ချင်းအာဏာ တည်စေရမည်။
- - -  ဟူ၍ဖြစ်ပါသည်။  - - -

No comments:

Post a Comment