Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, November 8, 2015

ရွေးကောက်ပွဲရလဒ်ကို တရားဥပဒေနှင့်အညီ သက်ဆိုင်သူပုဂ္ဂိုလ်အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ကျေကျေနပ်နပ် လက်ခံနိုင်ကြရန်နှင့် ရွေးကောက်ပွဲအလွန် အနာဂတ်ကာလတွင် ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်အောင် သက်ဆိုင်ရာ အသိုက်အ၀န်းအားလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲဆောင်ရွက်နိုင်ကြစေရန် မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားကြေညာချက်တစ်ရပ်အား ရဟန်း, ရှင်, လူ, အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်။


သဘောထားထုတ်ပြန်ချက်
ဒီမိုကရေစီသဘောအရ လူတိုင်း မိမိအတွေးအခေါ် အယူအဆ ခံယူချက်များအပေါ်မူတည်၍ ထုတ်ဖော်ပြောဆိုမှုများ၊ လုပ်ကိုင်ဆောင်ရွက်မှုများ ကွဲလွဲနိုင်ခွင့်ရှိသည်၊ သို့သော် အများစု၏ ဆန္ဒဖြင့် ဆောင်ရွက်တတ်ခြင်း၊ အနည်းစု၏ သဘောထားကိုလည်း အလေးထားတတ်ခြင်းဟူသော ဒီမိုကရေစီစံနှုန်းများကိုလည်း လိုက်နာကျင့်သုံးနိုင်ရမည်ဖြစ်သည်၊ မည်သို့ပင် သဘောထားကွဲလွဲစေကာမူ နိုင်ငံနှင့်လူမျိုး အမျိုးသားအကျိုးစီးပွားဟူသော အမျိုးသားရေးစံနှုန်းပေါ်မှာတော့ မလွဲမသွေ ရပ်တည်ရမည်ဖြစ်သည်၊ ယင်းသို့ ဒီမိုကရေစီစံနှုန်း, အမျိုးသားရေးစံနှုန်းများ ထိခိုက်နစ်နာမှုမရှိအောင် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ကြမှသာ ပစ္စပ္ပာန်, သံသရာ၌ အပြစ်ကင်းပ ကောင်းကျိုးရနိုင်သည့် အများလေးစားလောက်သော, ပြည်သူအများမျှော်လင့်နေသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်နိုင်ပေမည်။

သို့ဖြစ်၍ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာ၈-ရက် မြန်မာ့ရွေးကောက်ပွဲရလဒ်ကို တရားဥပဒေနှင့်အညီ သက်ဆိုင်သူ ပုဂ္ဂိုလ်အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ကျေကျေနပ်နပ် လက်ခံနိုင်ကြမှသာ ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်၊ သို့မဟုတ်ပါက လက်ရှိရရှိထားသော နိဒါန်းမျိုး ဒီမိုကရေစီအခွင့်အရေးပင် လက်လွတ်ဆုံးရှုံးပျောက်ကွယ်သွားနိုင်သည်ကိုလည်း အထူးသတိပြုဖို့ လိုအပ်ပါသည်။

ဖြတ်သန်းခဲ့ပြီးသော အတိတ်လမ်းခရီး၌ ပုထုဇဉ်အလျောက် (ချစ်ခြင်း, မုန်းခြင်း, ကြောက်ခြင်း, မိုက်မဲတွေဝေခြင်းအပေါ်မူတည်၍) မိသားစုအချင်းချင်း, လူ့အသိုက်အ၀န်းအချင်းချင်း မတူကွဲလွဲချက်များ, ဒေါသအာဃာတများ၊ ပဋိပက္ခများကို အတိတ်မှာသာထားခဲ့ပြီး ရွေးကောက်ပွဲအလွန် အနာဂတ်ကာလတိုင်အောင် ယူဆောင်မလာကြဘဲ ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်အောင် သက်ဆိုင်ရာ အသိုက်အ၀န်းအားလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲကြိုးစားဆောင်ရွက်ကြပါစို့ဟု မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် သတိပေးတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

စာအမှတ်၊ ၀၀၄၄/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၁-ရက်
(နိုဝင်ဘာလ၈-ရက်၊ ၂၀၁၅)၊ တနင်္ဂနွေနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

No comments:

Post a Comment