Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, September 28, 2016

ပုဂံဘုရားများ ပြုပြင်ဆောင်ရွက်ရာ၌ စေတနာရှင် အလှူရှင်များအနေဖြင့် စနစ်တကျဦးဆောင်ကွပ်ကဲမှုအဖွဲ့အစည်းဖွဲ့စည်းကာ ယင်းအဖွဲ့အစည်း၏လမ်းညွှန်ချက်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လုပ်ဆောင်ကြရန် မဘသအဖွဲ့ကြီးဗဟို၏ အသိပေးထုတ်ပြန်ချက်

အသိပေးထုတ်ပြန်ချက်

 သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆- နေ့က မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အစားထိုးလို့မရနိုင်သည့် မြန်မာ့အသည်းနှလုံး မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပုဂံဘုရားပုထိုးများနှင့်တကွ မြန်မာပြည်အရပ်ရပ်ရှိ ဘုရား ပုထိုး ဂူ ကျောင်း အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယခုအခါ ပုဂံဘုရားပြိုပျက်မှုများအတွက် လိုအပ်သည့် ဝေယျာဝေစ္စများ ဆောင်ရွက်ရန် မဘသအဖွဲ့အပါအ၀င် စေတနာရှင် အသင်းအဖွဲ့များ ပါတီများ အခြား ပုဂ္ဂလိကဆိုင်ရာများ စသည်တို့သည် ငွေအား လူအား ပစ္စည်းအား စသည်တို့ဖြင့် တက်တက်ကြွကြွ ပါဝင်ကူညီဆောင်ရွက်နေသည်ကို ကြားရ သိရ၍ အလွန်မတန် ၀မ်းမြောက်ဂုဏ်ယူမှု ဖြစ်ရပါသည်။

ဘယ်အရာမဆို အများနှင့်ဆောင်ရွက်ရာ၌ စနစ်တကျ ဦးဆောင်ကွပ်ကွဲ ဆောင်ရွက်မှုမရှိဘဲ သူတစ်လူ ငါတစ်မင်း ဆိုသလို ဆောင်ရွက်ပါက အကွပ်မရှိသောကြမ်း ပရမ်ပတာဖြစ် ဆိုသည့်အတိုင်း မလိုလားအပ်သော ဆုံးရှုံးမှုများ ဆိုးကျိုးများ ရှိလာနိုင်သည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။

အဆိုပါ မလိုလားအပ်သော ဆုံးရှုံးမှုများ ဆိုးကျိုးများ မဖြစ်ရလေအောင် ဦးဆောင်ကွပ်ကဲမှုအဖွဲ့ စနစ်တကျဖွဲ့စည်းပြီး ယင်းဦးဆောင်ကွပ်ကဲမှုအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုထိရောက်နိုင် အောင်မြင်နိုင်မည် ဖြစ်ပါသည်၊ ထို့ကြောင့် ဦးဆောင်ကွပ်ကဲမှုအဖွဲ့ စနစ်တကျဖွဲ့စည်းလျက် ယင်းဦးဆောင်ကွပ်ကဲမှုအဖွဲ့၏ လမ်းညွှန်မှုကို ခံယူဆောင်ရွက်ကြပါဟု လက်ရှိပါဝင်ဆောင်ရွက်နေကြသူ ကုသိုလ်ရှင် စေတနာရှင်အားလုံးတို့အား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)က အသိပေးတိုက်တွန်းအပ်ပါသည်။

 စာအမှတ် ၀၀၀၄/စီမံ-မဘသ/၂၀၁၆
 နေ့စွဲ၁၃၇၈-ခု တော်သလင်းလဆန်း ၁၂-ရက်
စက်တင်ဘာလ ၁၃-ရက်၊ ၂၀၁၆၊ အင်္ဂါနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊
မဘသအဖွဲ့(ဗဟို) 
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်
Arkar

No comments:

Post a Comment