Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, May 8, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ကျရောက်မည့် ဆဌသင်္ဂါယနာ နှစ် ၆၀-ပြည့် အခမ်းအနားကြီးအား တာဝန်သိသူ, တာဝန်ရှိသူ ရဟန်းရှင်လူပြည်သူများအားလုံး သတိမူမိစေရန်နှင့် ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ ကျင်းပနိုင်ကျစေရန် မဘသအဖွဲ့ကြီး(ဗဟို)မှ သောဘာထားထုတ်ပြန်ကြေညာ


---
ကဆုန်လပြည့် ဗုဒ္ဓနေ့
ဆဌသင်္ဂါယနာ နှစ် ၆၀-ပြည့်
သဘောထား ထုတ်ပြန်ကြေညာချက်
----

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဆိုင်ရာ ထူးမြတ်သော နေ့ထူးတစ်နေ့ဖြစ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဤကဆုန်လပြည့်နေ့သည်-
၁။ မြတ်ဗုဒ္ဓ ဗျာဒိတ်တော် ခံယူသောနေ့ (ဗုဒ္ဓအုတ်မြစ် ပန္နက်ချသောနေ့)
၂။ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူသောနေ့ (ဗုဒ္ဓမွေးနေ့)
၃။ ဗုဒ္ဓဖြစ်တော်မူသောနေ့
၎။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူသောနေ့တို့နှင့် ကြုံကြိုက်နေသဖြင့် ထူးမြတ်သော နေ့ထူးနေ့မြတ်ဖြစ်၍ ကုလသမဂ္ဂအပါအ၀င် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓနေ့ Vesakha day, Buddha’s Birthday အဖြစ် လက်ခံအတည်ပြုခဲ့ပါသည်။
--
ဘာသာကြီးများအနက် ဘုရားမွေးနေ့ Birthday ကျင်းပခွင့်ရသောဘာသာမှာ ဗုဒ္ဓဘာသာတစ်ခုတည်းသာ ဖြစ်၍ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ယူစရာ ဂုဏ်ယူစရာတစ်ခု ဖြစ်ပါသည်။
--
ဗျာဒိတ်တော်ခံ ဖွား , ပွင့်, စံ၊ လေးတန်စုံစေ့ ကဆုန်ပြည့်။
--
ထို့ပြင် သာသနာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း မျက်နှာစာတို့တွင် ကြုံတောင့်ကြုံခဲ မကြုံစဖူး ထူးကဲသည့် သမိုင်းမှတ်တမ်းကြီး ၂-ခု မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့ဖူးပါသည်၊ ထိုသမိုင်းမှတ်တမ်းကြီးများကား ပဉ္စမသင်္ဂါယနာတင်နှင့် ဆဋ္ဌမစသင်္ဂါယနာတင် ပွဲကြီးတို့ပင် ဖြစ်ပါသည်၊ ထိုသမိုင်းမှတ်တမ်းကြီး ၂-ခုလုံးကို တစ်ကမ္ဘာလုံးကလည်း ချီးကျူး အံ့သြ လက်ခံခဲ့ပါသည်။
--
ယခုလာမည့် ၁၃၇၈ခု၊ ကဆုန်လပြည့်နေ့သည်
ဆဋ္ဌမစသင်္ဂါယနာတင် အောင်ပွဲကြီး နှစ်-၆၀ပြည့်မည့်နေ့ ဖြစ်ပါသည်။
ထို ဆဋ္ဌမသင်္ဂါယနာတင် နှစ် ၆၀-ပြည့်အခမ်းအနားကို နောက်နောင် မည်သည့်နည်းနှင့်မျှ ပြန်လည် ကျင်းပခွင့် မရနိုင်တော့ပါ၊ အစားထိုးခွင့် မရနိုင်တော့ပါ။
--
ယခုဆိုလျှင် ထိုဆဋ္ဌမသင်္ဂါယနာတင် အောင်ပွဲ နှစ် ၆၀-ပြည့် အခမ်းအနားကျင်းပဖို့ ၁၃-ရက်ခန့်သာ အချိန်ကျန် တော့ပါသည်၊
အဆိုပါ ဆဋ္ဌမသင်္ဂါယနာတင် နှစ် ၆၀-ပြည့်အခမ်းအနားကြီးကို နိုင်ငံတော်အဆင့်, ပြည်နယ်နှင့်တိုင်းအဆင့်၊ မြို့ နယ် ရပ်/ကျေးအဆင့် အသီးသီး ခမ်းခမ်းနားနား ကျင်းပသင့်ပါသည်။
--
ထို့ကြောင့် တာဝန်သိသူ, တာဝန်ရှိသူ ရဟန်းရှင်လူ ပြည်သူအားလုံး သတိမူမိစေရန်နှင့် ထိုအခမ်းအနားကို မဘသအဖွဲ့များမှ ဦးဆောင်၍ဖြစ်စေ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်နေ စနစ်တကျ ကြိုတင်ပြင်ဆင် ကျင်းပနိုင်ကြစေရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး(ဗဟို)က အချိန်မီ အသိပေး နှိုးဆော်ပါကြောင်း သဘောထားထုတ်ပြန် ကြေညာလိုက်သည်။
စာအမှတ် ၀၀၀၆/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ကဆုန်လဆန်း ၂-ရက်
(မေလ ၈-ရက်၊ ၂၀၁၆)၊ တနင်္ဂနွေနေ့
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
(Arkar)
Arkar

No comments:

Post a Comment