Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, December 25, 2015

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှု၌ ဖမ်းဆီခံ မြန်မာလူငယ်နှစ်ဦးအား သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ မဘသအဖွဲ့(ဗဟို)မှ နတ်တော်လဆန်း ၁၄ရက်၊ (၂၅-၁၂-၂၀၁၅)ရက်နေ့တွင် ဗဟိုရုံးထုတ်ပြန်ချက် စာအမှတ်၀၀၄၆ဖြင့် သဘောထားထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ကြေညာ


----------------------------------------------------------
----------------------------------------------------------
သဘောထားထုတ်ပြန်ချက်
ဒီဇင်ဘာ ၂၄-ရက်၊ ၂၀၁၅-ခု၊ ကြာသပတေးနေ၌ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးက ကော့တောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှုအတွက် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုး နှစ်ယောက်တို့အား သေဒဏ်ချမှတ်ခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားခံများ၏ မိဘဆွေမျိုးများ စိတ်မကောင်းဖြစ်ရသလို မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးတို့ကလည်း အထူးပင် ထပ်တူထပ်မျှ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

တရားစီရင်မှုနှင့်ပတ်သက်၍ မှန်ကန်တိကျသော စီရင်ဆုံးဖြတ်ချက်ဖြစ်ပါက အထူးပြောစရာ မလိုသော်လည်း မဖြစ်သင့် မဖြစ်ထိုက်သော မမှန်မကန် ဆုံးဖြတ်မှုဖြစ်ပါက ကမ္ဘာ့အလယ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းသမိုင်းကြီးမားသည့် ထိုင်းနိုင်ငံတရားစီရင်မှုအပေါ် သိက္ခာကျစရာ အမည်းစက်တစ်ခု ဖြစ်သွားနိုင်ပါသည်၊ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း များစွာ ထိခိုက်ပျက်စီးစေနိုင်ပါသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံ အစိုးရအပါအ၀င် တာဝန်ရှိသူအားလုံးတို့ကလည်း အဆိုပါသေဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ‘စွမ်းနိုင်ရာက ပါဝင်ဆောင်ရွက်ပေးကြပါ’ဟု တိုက်တွန်းနှိုးဆော်ပါသည်။

သေဒဏ်ချမှတ်ခံရသူ မြန်မာလူငယ်နှစ်ဦး၏ အနာဂတ်သည် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကြီးနှင့် ထိုင်းနိုင်ငံအစိုးရတို့၏ မေတ္တာဂရုဏာတရား အရှည်မြော်မြင် ဆင်ခြင်တုံတရားတို့အပေါ်၌ အဓိကမူတည်နေသဖြင့် အကောင်းဆုံးဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးစေလိုပါသည်။
ထိုင်း မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အရှည်တည်တံ့ ခိုင်မြဲနေစေရန်၊ စိုသောလက်မခြောက်စေဘဲ တွဲလက်များ အစဉ်ခိုင်မြဲနေစေရန် အိမ်နီးချင်းကောင်းပီသစွာ စာနာထောက်ထား သနားညှာတာသောအားဖြင့် “အကောင်းဆုံး ကူညီဆောင်ရွက်ပေးကြပါ” ဟု ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကြီးနှင့် ထိုင်းနိုင်ငံအစိုးရတို့အား မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူတို့၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲကြီး(ဗဟို)က မေတ္တာရပ်ခံ ပန်ကြားကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

စာအမှတ်၊ ၀၀၄၆/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်၊
(ဒီဇင်ဘာလ ၂၅-ရက်၊ ၂၀၁၅)၊ သောကြာနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ဥက္ကဋ္ဌ၊ မဘသ(ဗဟို)

Arkar

No comments:

Post a Comment